မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 November 2011

24 အလံ


ဘယ်သူလဲတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော့် သူငယ်ချင်းထဲက တစ်ယောက်ပါပဲ။ သူရေးတဲ့ ကဗျာလေး တစ်ပုဒ်ထဲက စာလေး တစ်ကြောင်းကို အခုတလောမှာ သတိတရ ဖြစ်နေမိတယ်။ ဒီလိုဗျ။

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ " 

တဲ့။ သူ့ရဲ့ ကဗျာထဲက အစိတ်အပိုင်းလေး တစ်ခု မျှသာပေါ့။ 

အဲ . . . ဒီနေ့ ထူးထူးခြားခြား အနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဦးဆုံး လာရောက် လည်ပတ်တယ် ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အကြောင်း Facebook မှာ တော်တော်ကို မြင်ရပါတယ်။ နေရာတကာ သူ့ပုံချည်းပဲလို့ ပြောလို့တောင်မှ ရပါရဲ့။ ဒါပေမဲ့ တစ်နေရာမှာတော့ ဓါတ်ပုံလေး တစ်ပုံကို တင်ထားတာ တွေ့ရတယ်။ ဒီ အောက်က ပုံလေးပေါ့ဗျာ။


တကယ်တော့ ဒီမြန်မာနိုင်ငံ အလံကို ကျွန်တော် လွန်ခဲ့သော လေးလလောက်ကတည်းက ရွှေဂုံတိုင်မှာ ရှိနေတဲ့ အလံ နှင့် တံဆိပ်ရိုက် လုပ်ငန်းတွေ အနားက ဖြတ်သွား ဖြတ်လာရင်း သတိထား ကြည့်မိပါတယ်။ မြန်မာနိုင်ငံတော် အလံကို အသစ်ပြောင်းပြီးကတည်းက အပြင်မှာ တွေ့ဖူးတာလည်း ဖြစ်လေတော့ သေချာ ကြည့်မိတယ်။ အလံရောင်းတဲ့ ဆိုင်မှာ နမူနာ ပြထားတဲ့ အလံတွေ အားလုံးက တွန့်ကြေမွနေကြတာ မဟုတ်ပေမဲ့ အဝါ ၊ အစိမ်း ၊ အနီ ဆိုသော ပိတ်စ ဖြတ်စ သုံးစကို လွယ်လင့်တကူ တွဲဆက်ကာ ပုံဖော်ထားခြင်း လို့ပဲ ကျွန်တော် မြင်လိုက်မိပါတယ်။

ဟိုးအရင်က မြန်မာနိုင်ငံတော် အလံ အဟောင်းကို ပြန်မြင်ယောင်ကြည့်တော့  အခု လက်ရှိ အလံလောက် တွဲဆက်ထားခြင်း နည်းလို့ သိပ်တွန့်ကြေခြင်း မရှိဘူးလို့ ထင်မိပြန်ပါတယ်။ ဒါနဲ့ပဲ မြန်မာနိုင်ငံ အဝှမ်း ၊ ဌာန အသီးသီးမှာ လွှင့်တင်ထားကြတဲ့ မြန်မာနိုင်ငံတော် အလံတွေကို ဒီလို ပုံစံပဲ ဖြစ်နေမယ်လို့ ယေဘုယျ သဘောနဲ့ ဒီလိုပဲ ခပ်မဆိတ် နေခဲ့လိုက်ပါတယ်။

ဟော . . . ဒီနေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာမယ် ဆိုလို့ နှစ်နိုင်ငံ အလံတွေကို လွှင့်တင်ထားလိုက်တော့မှ ကျွန်တော် သတိထားမိတော့တယ်။ မြန်မာနိုင်ငံ အလံက အရောင် သုံးမျိုးပဲ စပ်ထားတာပါ။ သုံးရောင်ခြယ် ဆက်စပ်ခြင်း ဆိုပါတော့။ အမေရိကန် အလံက ကျတော့ အပိုင်းပိုင်းလေးတွေ ပိုပြီးတော့ ဆက်စပ်ထားတာ မဟုတ်ဘူးလား။ 

အဲဒီ့ အလံ နှစ်ခုကို ကျွန်တော် ယှဉ်ကြည့်လိုက်တော့ တစ်မျိုးတစ်မည် ခံစားမိတယ်။ နိုင်ငံနဲ့ချီပြီးတော့ ဂုဏ်ယူစွာ လွှင့်တင်ထားခဲ့တဲ့ အလံတော်တွေမှာတော့ သတိထားဖို့ ကောင်းမယ် ထင်ပါတယ်။ အခုတော့ ဟိုဘက်က အမေရိကန် အလံက ဆန့်ဆန့် ပြန့်ပြန့် ရှိနေသလောက် ကျွန်တော်တို့ မြန်မာနိုင်ငံ အလံက တွန့်လိမ်ကွေးကောက်စွာ ဆက်စပ်ခံထားရတယ်။ တကယ်ဆို အဆက်များသော အမေရိကန် အလံ ဆိုရင် ပိုတောင်မှ တွန့်လိမ်နေဖို့ ကောင်းတယ် မဟုတ်လား။ 

ကျွန်တော်တို့ မြန်မာနိုင်ငံတော် အလံ အသစ်ကို သုံးရောင်ခြယ်ထားပြီးတော့ သုံးပိုင်းစပ်ကာ မသုံးဘဲနဲ့ ပိတ်စ တစ်သားထဲမှာ အရောင်သုံးမျိုးခြယ်ကာ အပေါ်မှာ ကြယ်တစ်ပွင့်တပ်ပြီး သုံးရင်ရော မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ်ရင်လည်း အရောင်သုံးရောင် ပိတ်စ သုံးစကို ဆက်စပ်ချင်လည်း ဆက်ပါ။ ဒါပေမဲ့ တွန်လိမ်နေခြင်း မရှိဘဲ ပြေပြေပြစ်ပြစ်လေး တွဲစပ်ပြီး လှလှပပ မြန်မာနိုင်ငံတော် အလံလေး တစ်ခုတော့ ဖြစ်စေချင်ပါတယ်။ 

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီလို နိုင်ငံနဲ့ ချီတဲ့ နေ့ရက်ကြီးမှာ ဒီလို မြင်လိုက်ရလို့ ခံစားမိတာလေးကို ချရေးမိတာပါ။ ဒီလို ပြောလို့ ကျွန်တော်က မကောင်းမြင် ဝါဒ သမားတော့ မဟုတ်ပါဘူး။ ကောင်းစေချင်တဲ့ စိတ်ဆန္ဒနဲ့ ပြောမိတာပါ။ ဒီအချိန်မှာ ကျွန်တော် . . . ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာထဲက စာသားလေး တစ်ကြောင်းကို ပြန်သတိရနေမိတော့တာပါပဲ။

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ "




*** အလံပုံလေးကို Facebook မှ ယူပါသည်။ ***

လေးစားစွာဖြင့်
ကိုဇော်
30-Nov-2011

Share/Bookmark

21 November 2011

10 စကားပုံပျက် ကဗျာ



ဗေဒင် နဲ့ ဝေဟင်
တကယ်တော့ ဘာမှ မတော်ပါ။
ဒီလိုပဲ သူတို့ ကက်ကင်းလည်း မကျ
သူတို့ဖာသာ ယုံကြည်ချက်နဲ့ ရပ်တည်နေခဲ့ကြတာပါ။

တနင်္ဂနွေ ဆိုပြီး . . .
တောင်ပံကို ခပ်ပြင်းပြင်းခတ်
အကြံကုန်တိုင်း ပင်လယ်ကို မျှော်ငေးပြီး
ဆားထိုင်ချက်နေတတ်တဲ့
ဂဠုန် တစ်ကောင်လည်း မဟုတ်ရပါ။

ငယ်စဉ်က သား ၊ ကြီးသော် အား
ငယ်စဉ်က သား ၊ ကြီးသော် ကျား 
ဆိုသော ကျားကျားယားယား
တနင်္လာသား တစ်ယောက်လည်း မဟုတ်ရပါ။

ကျွန်တော်က " အင်္ဂါသား " ပါ။
ခြင်္သေ့တို့ရဲ့ ထုံးစံ အတိုင်း
ဇာတိပြတဲ့ အနေနဲ့ တစ်ခါတလေတော့လည်း
ဟိန်းတတ် ၊ ဟောက်တတ်ပါတယ်။
စိတ်ပါလို့ရယ်တော့ မဟုတ်ဘူး ၊ ဗီဇ ကြောင့်ပါ။

ဗုဒ္ဓဟူးတွေလို . . .
အစွယ်ပါ နဲ့ အစွယ် မပါ
နေ့ရက်တွေကို နှစ်ပိုင်းခွဲကာ ငြင်းကြပြီး
သူတို့က ရှေ့မတိုးခင်မှာ . . .
နောက်တစ်လှမ်း ဆုတ်ကြသတဲ့ ၊
ကျွန်တော် နောက်ဆုတ်နေတဲ့ ဆင်တစ်ကောင် မဟုတ်ပါ။

ကြာသပတေး ရဲ့ အရိပ်အယောင်က
ကြွက်တစ်ကောင်လို့ ကြားတိုင်း
ကြွက်သိုး ၊ အိမ်ကြွက် ၊ မြေကြွက် ၊ ကြွက်မြီးတန်း
ဒီလိုတွေ လျှောက်တွေးရင်း
မီးခိုးကြွက်လျှောက် တွေးလို့ကို မဆုံးနိုင်တော့ဘူး ၊
သေချာတာက  . . .
ကျွန်တော့်စိတ်တွေ ကြွက်တက်နေခဲ့ပြီ။

သောကြာ . . . ပူးလ် ဆိုတာ
Pooh မဟုတ်ကြောင်း
တချို့သော လူတွေကို ရှင်းပြခဲ့ဖူးတယ်။
သောကြာသားတွေ အောက် . . . .အဲ . .
သောကြာသမီးတွေ အောက် . . . အီး . .
အဲဒီလို လမ်းလျှောက် ဗေဒင် ဆရာတွေလို
ကျွန်တော် ဟိုလိုလို ဒီလိုလို မပြောချင်ပါ။
ပြောချင်တာကတော့ . . .
သောကြာ သားသမီးတွေဟာ မွေးရာပါ ကံကောင်းကြပါတယ်။

စနေတွေကို ဂြိုလ်ရှိန်ကြီးတယ်လို့ ယူဆရာကနေ
သူတို့က နေရင်းထိုင်ရင်း ပါဝါတက် လာတတ်ကြတယ်။
စနေကို နဂါးနဲ့  နှိုင်းတတ်ကြလေတော့ . . .
သူတို့ကလည်း နဂါး ဖြစ်တာရော ၊ ဂြိုလ်ကြီးတာရောကြောင့်
တဆိတ်ရှိ အမောက်လေး တထောင်ထောင် ဖြစ်နေတတ်ကြတယ်။
စိတ်မရှိပါနဲ့ . . . ကျွန်တော် ပြောပြပါ့မယ်။
နဂါးနိုင် ဂါထာ ကျွန်တော့်မှာ ရှိပါတယ်။
နဂါးတွေနဲ့ ဆုံရင် သူတို့နဲ့ တည့်တည့်မှာသာ ရပ်ပြီး
မျက်လုံးချင်းတည့်တည့်သာ ကြည့်ပြီး ဆက်ဆံပါ။
ဘေးမှာတော့ မရပ်မိစေနဲ့။
ချစ်သူ ကောင်မလေး ဆိုရင်တော့ ပိုဆိုးပြီပေါ့. . .
ဘာလို့လဲ ဆိုတော့ " နဂါး မျက်စောင်း " ဆိုတာ အကြောင်း သုံးပါး မရွေးဘူး။
မတော် တရော်ဗျာ . . .
ခင်ဗျား နှလုံးသား အရည်ပျော်ကျသွားလိမ့်မယ်။

ဟိုတလောက
ရှေးဟောင်းသမိုင်းကို ဖတ်လိုက်ရတော့ . .
ယတြာ ကောင်းရင် မင်းလောင်းပျောက်တယ် ဆိုပဲ။
ထိုယတြာဆရာက ပေးလိုက်တာ . . .
ထိုမင်းလောင်းအတွက် " အဆိပ် " . . တဲ့။
အင်း . . . တယ်ကောင်းတဲ့ ယတြာပါပဲ။

ဟိုတလောက
သူငယ်ချင်း တစ်ယောက်ပြောတော့
မျက်လုံးပြူးပြီး အံ့သြမိသေးတယ်။
နိမိတ်တဲ့ ၊ ဓါတ်တဲ့ ၊ ယတြာတဲ့ . .
သူ ခပ်သာသာ ပြောသွားတယ်။
မြန်မာနိုင်ငံကို ပိတ်ထားတဲ့ . . .
အဲ . . ဆံရှင် ဆိုလား ၊ ဆံရှည် ဆိုလားကို ပြန်ရအောင် . .
ဓါတ်ဆင်တဲ့ အနေနဲ့ . . .
ခေါင်းဆောင်ရဲ့ ခေါင်းမှာ ဆံပင်ရှားသူကို တင်ရမယ် တဲ့လေ။
သူ ပြောတာကို နားထောင်ပြီး . . .
ကျွန်တော်လေ . . နားထောင်နေတဲ့
နားတွေအစား လက်ကောက်ဝတ်တွေ ယားလိုက်တာ။

အဲဒါနဲ့ . . . ကျွန်တော်က
လူတွေ စုပြုံတိုးနေတဲ့ ရက်ရာဇာမှာ
အလှူခံချင်လာတယ်။
ပြဿဒါးရက်မှာ
သူများတွေ အလှူ နားထားတုန်း ပြန်လှူချင်လာတယ်။
ပုဏ္ဏားနတ်သမီး ရကိန်းပဲ ဖြစ်ဖြစ်
မုဆိုးရွှေအိုး ရကိန်းပဲ ဖြစ်ဖြစ်
သူများ အသက်သတ်ရင်တော့ ငရဲပဲ။
ဒီလိုပဲ . . . .
သွေးအံကိန်းပဲ ဖြစ်ဖြစ်
မြေမျိုကိန်းပဲ ဖြစ်ဖြစ်
နဂါးခေါင်း ဘယ်ဘက်ကို လှည့်လှည့်
ကောင်းမှု လုပ်ဖို့သွားရင်တော့ ကုသိုလ်ရမှာပါပဲ။

ခက်တော့ ခက်တယ်ဗျာ. . . .
ဒီလိုတွေ လျှောက်တွေးရတာကိုက
အနေအထိုင်တွေက မကျ
စကားပုံတွေ . . . မ . . လှ . . တော့ . . . ဘူး . . . ။

ကိုဇော်
21-Nov-2011
Share/Bookmark

19 November 2011

မာနဝင်ရိုးစွန်းရဲ့ တစ်ဘက်မှာ


သာမာန် လူသား တစ်ယောက်ပေမဲ့ သူက ပစ္စည်းမဲ့ ၊ ဂုဏ်မဲ့ လူတန်းစား တွေရဲ့ ရှိရင်းစွဲ လက်ကိုင် ဆောင်ပုဒ် ဖြစ်သော " ပစ္စည်းမဲ့ မာန " တွေ ပြည့်ပြည့်ဖြိုးဖြိုး ကြွားဝါလျက် ရှိသည်။ ဘာမှ မရှိတာကိုပဲ တစ်ခါတလေ ဂုဏ်ယူနေတတ်ပြီး ၊ တစ်ခါတရံ ဘာမှ မရှိတာကိုပဲ ဂုဏ်ပြောင်နေတတ်သည်။ 

သူ့မှာ မိဘ နှစ်ပါးတော့ ရှိ၏။ ဒါပေမဲ့ သူက မိဘတွေဆီမှ လက်ဖြန့်ပြီးတော့ ပိုက်ဆံကို အများသူငါတွေ နာမည်တပ်သလို " မုန့်ဖိုး " ပေးပါ ဟုပင် မတောင်းဖူးချေ။ " ငိုသော ကလေး မုန့်စားရ၏။ " ဆိုသော စကားလေး အတိုင်းပါပဲ။ သူက မတောင်းတတ်သူ ဖြစ်သောကြောင့် သူ မရချေ။ ဒါကိုလည်း သူက အထူးအဆန်းလုပ်ပြီး ငိုကြွေး ဝမ်းနည်းနေတတ်သူ မဟုတ်။ 

လက်ဖြန့်တောင်းသူတွေကို မြင်တိုင်း သူတစ်ပါးရဲ့ ဖုန်းကံကို မှီခို စားသောက်နေခဲ့ရသော " သူဖုန်းစား ၊ သူတောင်းစား " များကိုသာ မြင်နေမိတတ်သည်။ သို့သော် သူ လက်ရှိ မြင်နေရသူတွေကတော့ ထိုသို့ ပေရေ စုတ်ပြတ်သတ်နေသူတွေတော့ မဟုတ်ကြပါ။ တချို့တွေဆိုရင် သပ်ရပ်သားနားပြီး ထည်ဝါလှသော ကားအကောင်းစားများကို စီးထားသော်လည်း သူများဆီမှ လက်ဖြန့်တောင်းနေသော ဟန်ပုံဖြစ်နေကြ၏။ ထိုသူတွေကို မြင်တိုင်း သူ နားမလည် ဖြစ်ကာ ခေါင်းခါရမ်းမိလေသည်။

သူ့ရဲ့ မုန့်ဖိုး အတွက် သူမိဘတွေဆီက သူတောင်းတာတောင်မှ " သားကို တစ်ပတ်စာ ပေးပါလား။ " " တစ်လစာ မုန့်ဖိုး ပေးထားပါလား။ " ဟု တောင်းကြိမ်နည်းအောင် သူက တောင်းလေ့ရှိ၏။ သူ၏ သဘောထားကို သိထားသော မိဘများကလည်း သူ့ကို " သားရေ မုန့်ဖိုး  . . . ရော့ " ဆိုပြီး သူ့လက်ထဲကို ပေးလေ့ မရှိ။ ဟိုးယခင် ပထမပိုင်း ကာလတုန်းကတော့ သူ့ကို ဒီလို ပေးခဲ့ဖူး၏။ ထိုအချိန်မှာ သူက " သားရဲ့ စာကြည့်စားပွဲက အံဆွဲထဲကို ထည့်လိုက်ပါ မေမေ " ဟုသာ ဆိုလေသည်။ 

ဒီလို တစ်ကြိမ်တစ်ခါ မဟုတ်. . . ။ သူနဲ့ ထိတွေ့သူတိုင်း ထိုကဲ့သို့ပင် သူ့ကို နားလည်ရခက်စွာ ခံစားမိတတ်သည်။ သူ၏ ဦးလေး တော်သူ တစ်ယောက်ကတော့  . . " မင်းကလည်းကွာ ၊ ဘာကြီးတုန်း။ ဘယ်လိုပဲ ပေးပေး ရဖို့ အဓိက မဟုတ်လား။ လက်ဖြန့်တောင်းတာနဲ့ သူတောင်းစား ဖြစ်ရမလားကွ။ " ဟု ခပ်ထေထေ ပြောတော့ သူက ဘာမှ ပြန်မပြောဘဲ ခပ်ပေပေသာ နေခဲ့လေ၏။

သူ့မှာ သူငယ်ချင်းတွေ များစွာ ရှိသည်။ သူ့ကိုလည်း သူငယ်ချင်းတွေ များစွာက ချစ်ကြသည်။ သို့သော် သူတို့ ထုံးစံ အတိုင်း သူ့ကို နားမလည်နိုင်ကြ။ သို့သော် မကြာခင် အချိန်မှာတော့ သူ့ရဲ့ စိတ် ၊ သဘောထားကို သိသွားကြကာ နားလည်သွားတတ်ကြသည်။ ဒီလို နားမလည်ချိန် ကာလကြားမှာတော့ သူတို့ သူ့ကို နားမလည်နိုင်ကြချေ။ " ဘာလဲဟ အသားလွတ် ဘဝင်ကိုင်နေပါလား။ " ဟု ခပ်ပေါက်ပေါက် ဝေဖန်တတ်ကြသည်။ သို့သော် သူကလည်း သူ့ရဲ့ ပုံစံ အတိုင်း မမှုချေ။

အချိန်ကာလ တစ်ခုကို ဖြတ်ကျော်အပြီးမှာတော့ သူ အတော်အတန် အရွယ်ရောက်လာသလို အတော်အတန်လည်း ရင့်ကျက်လာခဲ့သည်။ " အတော်အတန် " ဆိုတဲ့ စကားလုံး အတိုင်းပဲ သူ " အလုံးစုံ " တော့ ရင့်ကျက်သွားခြင်း မဟုတ်ပါ။ သူ့ဆီက ငွေချေးထားသော သူငယ်ချင်းတွေဆီက သူက လက်ဖြန့်ရမှာ စိုးတာ တစ်ခုတည်းက ပြန်တောင်းလေ့ မရှိချေ။ ဒါကို သိနေသော တချို့က သူ့ဆီမှ အခွင့်ကောင်း ယူလေ့ ရှိသည်။ သို့သော် သူက အပြုံးတော့ မပျက် ၊ သို့သော် နောက်ထပ် တစ်ခုတော့ အမုန်းဖြစ်အောင် ရှောင်လေ၏။ 

ဒီလိုပဲ တစ်ခါတလေ သူငယ်ချင်းတွေဆီမှ အကြောင်းကြောင်းကြောင့် သူ ငွေယူလိုက်ရသလို ရှိပြီး တစ်ခါတလေ ရုတ်တရက် ချေးလိုက်ရတာတွေ ရှိရင် သူက ပြားစွန်းမှ စပြီး ပြန်ပေးလေ့ ရှိသော သူ့ရဲ့ အလေ့အကျင့် အတွက် သူငယ်ချင်း တချို့က အောင့်သက်သက် ခံစားရဖူးသည်။ သို့သော် ဒီအချိန်က သူ့အပေါ်မှာ သိပ်နားမလည်သေး၍ ဖြစ်ပြီး ၊ သေချာ နားလည်သွားသော အခါမှာ သူ့ကို ခွင့်လွှတ်ပေးတတ်ကြသည်။ သို့သော် ထိုကဲ့သို့ ဖြစ်သော အကြိမ်တိုင်းတော့ သူတို့ အကြိမ်ကြိမ် အံ့သြယူကြရသည်။ 

သူ့နဲ့ ပတ်သတ်ပြီး တခြားသူတွေ အံ့သြယူရတာကို မဆိုလေနဲ့ သူရဲ့နှမကလည်း သူ့အပေါ်မှာ အနီးကပ်ရှိနေလျက်နဲ့ အံ့သြခြင်းတွေက မကုန်နိုင်။ သူ့ရဲ့ လုပ်ခ လစာကို ကြည့်ပြီး သူ့နှမက ပြောလေ့ ရှိသည်။ " ဟာ . . . ကိုကြီးက လခကလည်း x x x x x x x " ဆိုတဲ့ နောက်မှာ သူက ဘာမှ ဆက်မပြောနိုင်အောင် သူ့နှမကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်လေ့ ရှိသည်။ ဒီအချိန်ဆိုရင် သူ့နှမ အသာအယာ ငြိမ်သွားလေ့ ရှိသည်။ 

သို့သော် မိုးသားတွေ ကြည်လင်နေတဲ့ နေ့ရက်မှာတွေမှာတော့ သူ စိတ်လိုလက်ရ သူ့ရဲ့ နှမလေးကို သူ ပြောပြတတ်သည်။ သူ့ရဲ့ အကြောင်းပြချက်ကို ကြားတော့ သူ့နှမက အံ့သြမှုတွေ အပေါ်မှာ အံ့သြမှုတွေ ထပ်ဝေဝေအုပ်အုပ် ဖြစ်ကာ မှိုင်းပြာလဲ့နေတတ်သည်။ 

" ကိုကြီး Incentive ဆိုတဲ့ စကားလုံးကို မုန်းတယ် ညီမလေး။ ကိုကြီး ရတဲ့ လခ အပြင်မှာ သူက Allowance ဆိုပြီး ပေးတာ ရှိတယ်။ ဒါကို ကိုကြီး လက်ခံတယ်။ ဒါပေမဲ့ အဲဒီ့ Incentive ဆိုတဲ့ စကားလုံးကို ကိုကြီး မကြိုက်ဘူး။ ကိုကြီးက သူများ မက်လုံးပေးပြီး အလုပ်လုပ်ခိုင်းမှ အလုပ်လုပ်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ကိုကြီးက မက်လုံး မပေးလည်း ကိုယ့်အလုပ်တာဝန်ကို ကိုယ် ကျေအောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ကိုကြီးတို့ သူဌေးက အလုပ်သမားတွေ အားလုံးကို Allowance နဲ့ ထိန်းထားယုံ မကဘူး။ Incentive နဲ့ ကိုင်ထားတယ်။ ကိုကြီးက အဲဒီ Incentive ကို ငြင်းလိုက်တဲ့ အတွက် သုံးပုံ တစ်ပုံ နီးပါးလောက်သော ကိုကြီး လခတွေက ပါမလာတော့ဘူး။ ဒါပေမဲ့လည်း တစ်ခါမှတော့ ဝမ်းမနည်းဖူးပါဘူး။ Incentive ပေးမှ အလုပ်လုပ်တယ် ဆိုတဲ့ လူတွေထဲမှာ မပါတာ တစ်ခုတင် ကျေနပ်တယ်။ "

အဲဒီညနေလေးဟာ သူ့အတွက် ကြည်လင်ပြာစင် နေနိုင်ပေမဲ့ သူ့နှမအတွက်တော့ အံ့သြမှုတွေ နဲ့ ဝေနေခဲ့သည်။ အကြိမ်ရေ များလာလို့ ပေထုံထုံ ဖြစ်လာတာကလွဲလို့ သူ့နှမ အတွက်ကလည်း တွက်ရခက်သော ပုစ္ဆာ တစ်ပုဒ် ဖြစ်လာခဲ့သလို ၊ တွက်မရသော ပုစ္ဆာ တစ်ပုဒ်လည်း ဖြစ်နေဆဲ ဖြစ်၏။

တစ်နေ့တော့ . . . .

လသာသာလား ၊ ကောင်းကင်ပြာပြာလား မသိသော ည တစ်ညမှာ သူ့မှာ ချစ်သူ တစ်ယောက်ရလာခဲ့သည်။ အဝေးကလို့ ပြောလို့ ရသလို ၊ မဝေးဘူးလို့ ဆိုရလောက်အောင် သူတို့ စိတ်ချင်း နီးစပ်ခဲ့ကြသည်ဟု သူ ယုံကြည်နေခဲ့သည်။ အချစ်ဆိုတာ ဒါလား လို့ သူ သေသေချာချာ မသိသော အချိန်လေးမှာ သူကို သူမက ပစ်သွားခဲ့ပြီဟု သူ ယောင်ပေပေ အတတ သိလိုက်ရသည်။ သူ့ထက် သာရာ ၊ သူ့ထက် မြင့်မားရာ နေရာကို တိုးဝှေ့ချိတ်တတ်သွားခြင်း ဖြစ်သည်။ 

သူမရဲ့ အကြောင်းပြချက်ကတော့ သူက သူမကို မြင့်မားရာသို့ ဆွဲခေါ်နိုင်သော လက်တစ်စုံ မရှိဟု သမုတ်သည်။ ဒီအချိန်မှာ တစ်ချိန်လုံး သူ မေ့ထားသော တခြားသော ရှု့ထောင့်က သူ့ရဲ့ ရင်ဝသို့ ခပ်စူးစူး ဝင်တိုးလေတော့သည်။ တင်းပြည့်ကျပ်ပြည့် မာနတွေက ဝရုန်းသုံးကား သူ့နှလုံးသားတွေကို စီးဆင်း၏။ သူ သုံးရက် တိုင်တိုင် အိပ်မပျော် ၊ အိပ်၍ မရခဲ့ပေ။ စိတ်လွတ်နေသူ တစ်ယောက်ကဲ့သို့ သူ သူ့ပတ်ဝန်းကျင်မှာ ကျင်လည်၏။ သူ့ရဲ့ လက်သို့ သူ ကြည့်နေမိသည်။ 

လက်ဆိုတာ ကမ်းယူဖို့တင် မဟုတ်ပါလား။ လက်ဆိုတာ သူများကိုလည်း ကမ်းယူ တွဲခေါ်လို့ ရပါသေးလား ဟု သူ အလန့်တကြား သိခွင့် ရခဲ့သည်။ သို့သော် သူ့ရဲ့ ချစ်သူ ဟု နာမည်တပ်သော သူ့ရဲ့ သူမကတော့ တခြားသော တစ်ယောက်ဆီမှ ဖြန့်ကားထားသော လက်ဖဝါးဆီကို တွယ်ချိတ်သွားခဲ့လေပြီ။

လက် . . .

လက် . .

လက် . . . .

ဆိုပြီး သူ အကြိမ်ရေ တသန်း မက သူ ရေရွတ်ခဲ့ဖူးပြီး ၊ လက်ကမ်းခြင်းကို သူ ရှု့ထောင့်မျိုးစုံမှ လေ့လာဖြစ်ခဲ့သည်။ ပြီးတော့ သူ နံရံမှာ စာတစ်ကြောင်း ချရေးခဲ့၏။ 

" ချစ်ခြင်း နဲ့ လက်ထပ်ခြင်း ကွဲပြား ခြားနားစွာ မသိခင် အထိ ကျနော်နဲ့ သူမ ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ " 

ထိုစာသားက သူ့ရဲ့ မူပိုင် စာသား မဟုတ်ပေမဲ့ အခုနေ အချိန်မှာတော့ သူ့ရဲ့ သည်းပွတ်စာ ဖြစ်၏။ ဒီလိုနဲ့ နေညိုတော့လည်း လထွက် ၊ နေ့ရက်တွေ ကူးပြောင်းသွားခဲ့ကြပါတော့သည်။ 

ချစ်သူကို လက်ကမ်းနိုင်ဖို့ ဘာတွေ အဓိက လိုလေမလဲ လို့ သူ သူငယ်ချင်းတွေနဲ့ တိုင်ပင်တတ်လာခဲ့သည်။ သူ့သူငယ်ချင်းတွေမှာ တချို့က ကျယ်ကျယ်လောင်လောင် အော်ကြသည်။ တချို့က ဖာသိဖာသာ ၊ တချို့က ကိုယ့်ဖာသာ ကိုယ် ရှာဟု ဆို၏။ တချို့က ပုံသေကားချပ် မကျဟု ပြောသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးရဲ့ အသံတွေကို စလုတ်တိုက်ပြီး ရာခိုင်နှုန်း တစ်ခု အထိ စစ်ထုတ်လိုက်တော့  .. . . .  

" ဂုဏ် "

" ငွေ "

" ပညာ "

" သိက္ခာ "

" အဆင့်အတန်း "

" အပေါင်းအသင်း "

" မျိုးရိုး "

ဒီလိုနဲ့ အမျိုးမျိုးပါပဲ။

ဒီလိုနဲ့ နဂါးခေါင်း သူ့ဘက် လှည့်တဲ့ တစ်နေ့မှာ သူ ကောင်မလေး တစ်ယောက်ကို ထပ်တွေ့ခဲ့၏။ အမှန်အတိုင်း ဆိုရရင် ရုတ်တရက်လည်း သူ ရင်မခုန်ပါ။ ခင်မင်မှု ဆိုတာထက် သူမဟာ ခဲတစ်လုံးများ ဖြစ်လေမလားလို့ သူ့ကိုယ်သူ စာသူငယ်လို သဘောထားပြီး သူ တွေဝေ နေခဲ့သည်။ ဒီအချိန်မှာ သူ့ရဲ့ ခေါင်းတွေက ဖုထစ် မူးဝေနေခဲ့သည်။ 

ကျိတ်မှိတ် မျိုသိမ့်ရခြင်းရဲ့ ဝေဒနာက စာချရေးဖို့ ခက်လွန်းလှသည်။ သူမကို မြင်ရင် . . . . ( Sorry ) လိုင်းပေါ်တတ်နေသော အကောင့်လေးမှ သူမ တင်ထားသော သူမ ဓါတ်ပုံလေးကို မြင်ရင် သူ့ရဲ့ ဒဏ်ရာတွေကို မေ့ကာ Hi လို့ နှုတ်ဆက်မိပြန်လေသည်။ ထိရှလာစေနိုင်တဲ့ ဒဏ်ရာတွေက အဆက်မပြတ်သော ခဲတွေမှ ဖြစ်နိုင်တယ် လို့ သူ့ကို သူ သတိပေးရင်း တစ်နေ့တော့ သူ့လက်ကို သူ သတိတရ ပြန်ကြည့်မိသည်။ 

ချစ်သူ တစ်ယောက်ကို ကမ်းလင့်သော လက်ဖြစ်စေဖို့ သူမ အတွက် ဘာတွေ လိုအပ်လေလိမ့်မလဲ။ 

" ဂုဏ် "

" ငွေ "

" ပညာ "

" သိက္ခာ "

" အဆင့်အတန်း "

" အပေါင်းအသင်း "

" မျိုးရိုး "

ဒီလိုနဲ့ သူ ပြန်ပြီးတော့ ဆွံအ သွားခဲ့ပြန်တော့သည်။ လူအ တွေရဲ့ အိပ်မက်ကလည်း နန်းတော်ထဲမှာ ရတနာတွေနဲ့ ဇယ်တောက် နေနိုင်သေးတာပါပဲ။ သူကလည်း သူမ အတွက် ခမ်းခမ်းနားနား ဇယ်တောက်နေမိ၏။ သို့သော် သူ့ဟာသူ ချုပ်ကာ သူက အ နေခဲ့သည်။ 

" ဂုဏ် " ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ဖွင့်မိတဲ့ နေ့က " ဂငယ် " လည်း ပျောက်ပြီး " ဏကြီး " တစ်လုံးတည်းကသာ သူ့ကို တစ်ထီးတစ်နန်းနဲ့ ဂဏာန်းကြီးလို ကာဆီးကာဆီး လုပ်နေခဲ့၏။ သူက " ဂုဏ် " ငယ်သူ တစ်ယောက်ထက် ပိုပြီး " ဂုဏ် " ငယ်သွားခဲ့ရသည်။ 

ချစ်သူကို ချစ်တယ် လို့ ဆိုဖို့ အရှေ့က စကားလုံးတွေက သူ့ကို ကိုယ်ယောင်မပြဘဲ ခြောက်၏။ အသံ မပေးဘဲ လှန့်၏။ ကြာတော့လည်း သူ့ဖာသာ သူ လိပ်ပြာလန့်ကာ သူ့ဖာသာသူပဲ ကျယ်ကျယ်လောင်လောင် တိတ်တဆိတ် ကွဲကြေမိသည်။ 

သူ  . . . . 

နောက်ထပ် . . . . 

နောက်ထပ် . . . . 

နောက်ထပ်သော ချစ်သူကို ကမ်းဖို့ လက်တွေကို သူ အဓိပ္ပါယ် မဖွင့်ဆိုနိုင်ခဲ့တော့ပါ။ သူ့ဘက်က ၁၀၀ ရာခိုင်နှုန်း မဟုတ်တာတောင်မှ တချို့သော အရာတွေကို လက်ဖဝါးမှာ ခပ်ပါးပါး ရှိလာတဲ့ နေ့မှာ သူ့ချစ်သူကို သူ ဖွင့်ပြောမယ် လို့ သူ့ဖာသာ တစ်ကိုယ်တည်း အသံတိတ် ကြုံးဝါးခဲ့သည်။ ဖြစ်ချင်တော့ အဲဒီနေ့က လကွေးက သူ့ကိုယ်သူ ခြုံလို့ မလုံတလုံနဲ့ သူ့ကို ငေးနေခဲ့သည်။

ထလိုက် . . . .

ထိုင်လိုက် . . . . 

လဲကျလိုက် . . . 

ပြန်ထလိုက်နဲ့ . . . .

သူ့ဘဝကို သူ ထူနေရင်း မထင်မှတ်တဲ့ တစ်နေ့မှာ သူ့ချစ်သော သူမကို သူ ရုတ်တရက် " ခကွေး " ခပ်လှလှလေးနဲ့ " ချစ်တယ် " လို့ ပြောမိသွားသည်။ ကြယ်တွေ အုန်းအုန်းကျွက်ကျွက် ကခုန်နေသလိုမျိုး သူ့မျက်ဝန်းထဲမှာ အလင်းတန်းတွေက ဖြာလဲ့နေခဲ့သည်။ 

ချစ်သူကို ချစ်တယ် လို့ ပြောရတဲ့ စကားက ရင် အစုံကို ခြေကန်ပြီး နှလုံးသားကို ထုတ်ယူလိုက်သလိုပါပဲ။ အဲဒီနေ့က သူ သူမကို ပြောပြီးတော့ အားနည်းနေခဲ့သည်။ ဘဝမှာ စကားနည်းပြီး အတီးအတ နဲ့ တကယ်ကို ဂွတီးဂွကျ ဖြစ်နေခဲ့သည်။ 

အင်နဲ့ အားနဲ့ စိတ်တွေကို သူမဆီ ပို့လိုက်ရသူလို သူ အင်ပြတ် အားပြတ် ဖြစ်ကာ အိမ်အပြန်လမ်းမှာ သူ့ဖာသာ တွေးနေမိသည်။ 

ငါ . . . .

ငါ . . . .

ငါ . . . . 

ဆိုပြီး အခါခါ တွေးနေခဲ့သည်။ ဒီအချိန်ထိလည်း သူ့ရဲ့ လက်မှာ ဗလာနဲ့။ ပြီးတော့ . . . . ဗလာပါပဲ။ ကျိန်ဆဲတတ်သူ ဆိုရင် ဒီအချိန်ဟာ " တစ်ခါ သေဖူးတာတောင်မှ ပျဉ်ဖြုန်းတဲ့ ကောင် " လို့ သူ့ကိုယ်သူ သတ်မှတ် ရလေမလား။ 

ဒါပေမဲ့ . . .

သူလည်း စစ်ထဲ ရောက်ရော ၊ သူက တတ်ကြွနေခဲ့တဲ့ သူရဲကောင်း တစ်ဦး ဖြစ်နေခဲ့ပါသည်။ ဘာလို့လဲ ဆိုတော့ သူ့ကျည်တောက်ထဲမှာ မြားတွေက တစ်ပုံတစ်ပင်နဲ့။ သူ ချစ်သော သူ့ချစ်သူ ကောင်မလေးရဲ့ မြားတွေနဲ့ ၊ အရာရာကို ပစ်ခွင်းမယ်ဆိုတဲ့ မာန်တွေနဲ့ သူ ရဲဝံ့နေခဲ့၏။ ဟုတ်တယ် . . သူ့ကောင်မလေးက သူ့ကို ပြန်ချစ်ခဲ့သည်။ 

တိုက်တိုင်းအောင်နေခဲ့တဲ့ စစ်သူကြီး တစ်ယောက်လို ယုံကြည်ရဲဝံ့သော ခြေလှမ်းတွေနဲ့ အနာဂတ်ကို သူ မှန်းကြည့်ခဲ့သည်။ 

သို့သော်  . . .  သူချစ်ခဲ့သော သူမသည် ချစ်စရာ ကောင်းလှသော မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူ ကမ်းချင်သော သူ့ရဲ့ လက်မှာ တချို့သော အရာတွေ ရှိနေဖို့ လိုအပ်ပါသေးသည်။

" ဂုဏ် "

" ငွေ "

" ပညာ "

" သိက္ခာ "

" အဆင့်အတန်း "

" အပေါင်းအသင်း "

" မျိုးရိုး "

အဲဒီနေ့က သူ သူ့ဖာသာ ကျရှုံးကာ မြို့အိုအိုမှာ ငိုနေခဲ့မိသည်။ ပြီးတော့ နံရံမှာ စာတစ်ကြောင်း ရေးခဲ့၏။ 

" အ နေတာကမှ ကောင်းသား။ အခုတော့ စကားသင်ပြီးမှ ဆက်ပြောခွင့် မရတဲ့ လူလို ငါ ဘဝကို ငါ သူမ မပါဘဲ ဘယ်လို ဆက်ရေးရမလဲ။ " 

သို့သော်  . . .

သူ . . . . 

သူမ ရဲ့ ရင်တွင်းကို နားလည်ခဲ့ပါသည်။ 

သို့သော်  . . .

သူ . . . .

သူမရဲ့ ရင်ထဲကို အသေအချာ နားမလည်နိုင်သေးပါ။ 

ဘယ်လိုပဲ ဖြစ်နေပါစေ။ သူကတော့ သူမကို မှေးမှိန် ဖျော့တော့သည် အထိ ဆက်ချစ်နေပါလိမ့်မည်။ တစ်ခါတရံမှာ တချို့ကိစ္စတွေက . . . . သဲထဲ ရေသွန်ပြီး အရာထင်နိုင်သလို ၊ တချို့ကိစ္စတွေကျတော့ ရေထဲ သဲသွန်ရုံပါ ၊ ရေဂယက်ငြိမ်ရင် ဖာသိဖာသာနဲ့ . . . . .

အခုတော့ သူ့ရင်မှာ " ဟာ " နေခဲ့ပါသည်။ 

ဘယ်လိုပဲ ဖြစ်ပါစေ . . . သူမကို သူ အမြဲတမ်း ဆက်ချစ်နေပါဦးမည်။

ဖြစ် . . . နိုင် . . . ခဲ့ . . .  မယ် . . . ဆို . . . ရင်. . . . ဘ . . . ဝ . . . များ . . . စွာ . . .  ပေါ့ . . . . ။



*** မလေးစားလို့ မဟုတ်ပါ။ သို့သော် စိတ်ခံစားမှု အရ ရေးလိုက်တာ ဖြစ်၍ ဤပို့စ်တွင် Comment ပေးရန် မလိုပါ။ ဒါကြောင့် ပိတ်ထားပါသည်။ ***



လေးစားစွာဖြင့်
ကိုဇော်
19-Nov-2011

Share/Bookmark