မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 November 2011

19 မေတ္တာ ပေါင်းကူး တံတား




တစ်ခါက . . . 

တောင်ပေါ်ရွာလေး နှစ်ရွာဟာ ချောက်ကမ်းပါးကြီး တစ်ခုကို အလယ်မှာ ခြားလျက် မျက်နှာချင်းဆိုင် တည်ရှိနေသတဲ့။ ထိုချောက်ကမ်းပါးကလည်း ပေတစ်ရာ နီးပါးလောက် ကျယ်ပြီးတော့ ပေ ၃၀၀ လောက် နက်ကာ အောက်မှာတော့ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ချောင်းလေး တစ်ခုကလည်း ရှိနေလေတယ်။ မနက် မိုးလင်းလိုပဲ ဖြစ်ဖြစ် ၊ ညနေ နေဝင်ရီတရောမှာပဲ ဖြစ်ဖြစ် တစ်ဘက်ကနေ တစ်ဘက်ကို လှမ်းကြည့်လိုက်ရင် ရွာလေး နှစ်ရွာဟာ တစ်ရွာကို တစ်ရွာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်နေရပေမဲ့ ချောက်ကမ်းပါးကြီးက ခြားနေတဲ့ အတွက်ကြောင့် တစ်ဘက်နဲ့ တစ်ဘက် ကူးလူး ဆက်သွယ်ခွင့် မရကြရှာဘူး။

တစ်ဘက်မှာ မြင်နေရတဲ့ ရွာနဲ့ ဒီဘက်က ရွာ ဆက်သွယ်ကြဖို့ ဆိုတာ တောင်ပေါ်ကနေပြီးတော့ တောင်ကို ပတ်ပြီး ဖောက်ထားတဲ့ တောင်ပတ်လမ်းကနေ နှစ်နာရီလောက် ဆင်းသွားပြီးတော့ တောင်ခြေ မရောက်ခင်မှာ ဟိုဘက်ကို သိပ်မဝေးတော့တဲ့ နေရာကနေ တောင်ကို လှမ်းကူးထားတဲ့ ခိုင်ခိုင်ခံ့ခံ့ တံတားလေးကနေ ဟိုဘက် တောင်ကို ကူးပြီးမှ တောင်ပေါ်ကို နောက်ထပ် နှစ်နာရီလောက် တက်ရင် တောင်ပေါ်က ရွာလေးကို ရောက်သွားပြန်တယ်။ ဒီလိုနဲ့ပဲ မြင်နေရတဲ့ တောင်ပေါ် ရွာလေး တစ်ရွာကနေ နောက်ထပ် တောင်ပေါ်ရွာလေး ဆီကို ကူးသန်းကြရတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ သူတို့ရဲ့ တောင်ပေါ် ရွာလေး နှစ်ရွာရဲ့ ကူးလူး ဆက်ဆံရေးဟာ ဒီလိုပဲ ရှိနေခဲ့တယ်။ လေငြိမ်နေတဲ့ အချိန်ဆိုရင် ဒီဘက် ချောက်ကမ်းပါးမှာ ရပ်နေတဲ့ လူတစ်ယောက်က ဟိုဘက် ချောက်ကမ်းပါးမှာ ရပ်နေတဲ့ လူကို လှမ်းအော်ပြီးတော့ စကားပြောလို့ ရပေမဲ့ တစ်ဘက်နဲ့ တစ်ဘက် ကူးသန်းဖို့ ကျတော့ ဒီဘက် တောင်ပေါ်က ဆင်းပြီးတော့မှ ဟိုဘက် တောင်ပေါ်ကို တက်ကြရတယ်။ အခုလို ကြားမှာ ခြားနေတဲ့ ချောက်ကမ်းပါးကို ကူးသွားနိုင်ဖို့ တံတားဆင်ဖို့ ဆိုတာကလည်း ကြိုးတံတားက လွဲလို့ မဖြစ်နိုင်ဘူး။ 

ဒီလို ကြိုးတံတား တည်ဆောက်ဖို့ သူတို့ အကြိမ်ပေါင်းများစွာ ကြိုးစားဖူးခဲ့တယ်။ လူပေါင်းများစွာ ၊ ပစ္စည်းပေါင်းများစွာနဲ့ လျှောက်လှမ်းနိုင်ဖို့ ဆိုတာ များစွာသော ဝန်ကို တံတားက ထမ်းထားရမှာ ဖြစ်လို့  တံတားကို အဓိက ထမ်းပိုးထားမဲ့ ကြိုးဟာလည်း အလွန်အားကောင်းပြီး ကျစ်လျစ် တုတ်ခိုင်တဲ့ ကြိုးဖြစ်ဖို့ လိုတယ် လို့ သူတို့ တွေးခဲ့ကြတယ်။ ဒါကြောင့် တံတားထိုးဖို့ ကြိုး အလုံးကြီးကြီးကို တစ်ဘက်ကမ်းကနေ ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လို ပို့ရမယ် ဆိုတာကို စဉ်းစား မရခဲ့ကြဘူး။ လူပေါင်းများစွာရဲ့ အလေးချိန် ၊ ပစ္စည်း အထွေထွေရဲ့ အလေးချိန်ကို ခံနိုင်ဖို့ ကြိုးတံတားကို ကြိုး အလုံး ကြီးကြီး နဲ့ သွယ်ဖို့ ထိုကြိုးအလုံးကြီးကို တဘက်ကမ်းဆီ ရောက်အောင် ဘယ်လိုမှ ဆက်သွယ် မရခဲ့ဘူး။

ကြိုးလုံးကြီးကို ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ရောက်အောင် လှမ်းပစ်တော့လည်း ဘယ်လိုမှ ဟိုဘက်ကမ်းကို မရောက်နိုင်။ သူတို့ ဟိုဘက် ကမ်းကို ကူးတဲ့ လမ်းကြောအတိုင်း ကျတော့လည်း ခရီးလမ်းက ရှည်တော့ ဘယ်လိုမှ ကြိုး အရှည်က မရောက်နိုင်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာဟာ ကူးလူးဆက်ဆံမှုက တောင်ပေါ်မှ တောင်ခြေကို ဆင်း ၊ တောင်ခြေမှ တခြားတောင်ခြေကို ကူးကာ တောင်ပေါ်ကို ပြန်တက်ရတဲ့ နည်းလမ်း တစ်ခုတည်းနဲ့တင် သူတို့ ရွာနှစ်ရွာရဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေခဲ့တယ်။ မြင်နေရတဲ့ တောင်ပေါ်မှ ချောက်ကမ်းပါးမှာ ဟိုဘက် ဒီဘက် ကူးဖို့ ကြိုးတံတား တည်ဆောက်ရေးကိုတော့ အားလုံးက မဖြစ်နိုင်ဘူး ဆိုတာ လျစ်လျူရှူ့ကာ မေ့ထားလိုက်လေတော့တယ်။



တစ်နေ့တော့ . . .  .

သူတို့ရဲ့ တောင်ပေါ် ရွာလေးဆီကို လူငယ် တစ်ယောက် ရောက်ရှိလာခဲ့တယ်။ အဲဒီ လူငယ်က တောင်ပေါ်ကနေပြီးတော့ လှမ်းကြည့်လိုက်တော့ ချောက်ကမ်းပါးသာ ခြားနေတဲ့ ဟိုဘက်က ရွာကို မြင်ပြီး ဒီချောက်ကမ်းပါးကို ကြိုးတံတားလေး ထိုးလိုက်ရင် ဟိုဘက် ဒီဘက် လွယ်ကူသွားမယ် ဆိုတဲ့ အကြောင်းကို ပြောလာခဲ့တယ်။ သူ့ဆီက စကားကို ဘယ်သူကမှ အရေးတယူ မရှိကြပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီလို အကြံကို သူတို့ တောင်ပေါ်ရွာက လူတွေ ရခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ကြပြီးတော့ ကြိုးတံတားလေး မထိုးနိုင်တာကလည်း အကြံရပြီးကတည်းက နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ မဟုတ်ပါလား။ တကယ်ကို ကြိုးစားခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။ သူတို့ အားလုံးလည်း တံတားထိုးဖို့ ကြိုးလုံးကြီးကို ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လိုမှ အောင်မြင်အောင် မကြိုးစားနိုင်ခဲ့ဘူး။

ဟိုဘက် ဒီဘက်ကို လှမ်းမြင်နေရတဲ့ တောင်ပေါ်ရွာလေး နှစ်ရွာကို ကြည့်ပြီး ကြိုးတံတား ထိုးဖို့ စိတ်အား ထက်သန်နေတဲ့ လူငယ်လေးကို ရွာက လူတွေ အားလုံးက ဝိုင်းပြီးတော့ နှစ်သိမ့်ကြတယ်။ သူတို့လည်း နှစ်ပေါင်းများစွာ ကတည်းက ဒီစိတ်ကူးကို ရခဲ့ကြဖူးပြီးတော့ ကြိုးစားကြဖူးကြောင်း ဒါပေမဲ့ လူအား ဝန်အားကို ခံနိုင်တဲ့ ကြိုးလုံး တုတ်တုတ်ကြီးတွေကို ဟိုဘက် ကမ်းကို ရောက်အောင် ဘယ်လိုမှ ပို့လို့ မရလို့ ဒီအတိုင်းသာ ထိုင်နေရတာ ဖြစ်ကြောင်း ဖျောင်းဖျကြတယ်။ သူတို့ရဲ့ စကားကို ကြားတော့ အလည်ရောက်နေတဲ့ လူငယ်လေးက သူတို့ကို ကြည့်ပြီးတော့ အံ့သြသွားတယ်။

“ ဒီကိစ္စကို မပူပါနဲ့။ ဟိုဘက်ကမ်းကို ရောက်အောင် ကြိုးပို့ဖို့ ခက်နေတယ် ဆိုရင် ဒါကို ကျွန်တော် ကူညီပေးလို့ ရပါတယ်။ ဟိုဘက် ဒီဘက် ကြိုးတစ်စ ဆက်သွယ် လိုက်နိုင်ပြီ ဆိုတာနဲ့ ကြိုးတံတား တည်ဆောက်ဖို့ အဆင်ပြေ သွားမှာပါ။ ကြိုးတံတား ထိုးဖို့ စိတ်ကူး ရှိတယ် ဆိုရင် ကျွန်တော် ပြောသလိုသာ လုပ်ပါ။ ”

ဆိုပြီး ပြောတယ်။ ရွာက အတွေ့အကြုံ ကြွယ်ဝသူတွေကလည်း လူငယ်လေးရဲ့ တတ်ကြွမှုကို မတားချင်ပေမဲ့လည်း နှစ်ပေါင်းများစွာ သူတို့ နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားမှုကို ကိုယ်တွေ့ ခံစား သိရှိထားတော့ လူငယ် ပြောတာကို ဘယ်လိုမှ ဖြစ်နိုင်မယ် မထင်မိဘူး။ ဒါကြောင့် သူတို့ စိတ်မပါ လက်မပါနဲ့ ခေါင်းငြိမ့်ခဲ့ကြတယ်။ လူငယ်လေး ဘယ်လို ပြင်ဆင်မယ် ဆိုတာ မသိပေမဲ့ အားတတ်သရော မရှိကြဘူး။ ပြီးတော့ လူငယ်လေး ရဲ့ တံတားထိုးဖို့ လိုအပ်တယ် ဆိုတဲ့ ပြင်ဆင်မှုကိုလည်း ကြားရရော သူတို့ အားလုံး လူငယ်လေးကို ဝိုင်းပြီးတော့ နားမလည်နိုင်သလို ကြည့်ကြတယ်။ လူငယ်လေးက သူ့ရဲ့ လိုအပ်ချက်ကို ပြောပြတယ်။

" ကျွန်တော် အခု လောလောဆယ် လိုအပ်နေတာက စာပို့ခိုလေး တစ်ကောင်နဲ့ အပ်ချည်ကြိုး ရှည်ရှည် တစ်လုံးပါပဲ။ "

လို့ ဆိုတယ်။ လူငယ်လေးရဲ့ စကားကိုလည်း ကြားရော အားလုံးက လူငယ်လေးကို စိတ်မနှံ့သူလို့ ယူဆလိုက်မိသလို ဖြစ်သွားကြတယ်။ ဒါပေမဲ့ လူငယ်လေးကတော့ တည်ကြည်စွာ ဆက်လက် တောင်းဆိုနေခဲ့တယ်။ လူပေါင်းများစွာ ၊ အလေးချိန် များသော ပစ္စည်းပေါင်းများစွာနဲ့ ဖြတ်သန်းမဲ့ ကြိုးတံတားကို ဆောက်ဖို့ ခိုင်ခန့်တဲ့ ကြိုးတွေကို မတောင်းဘဲနဲ့ အပ်ချည်ကြိုးကိုပဲ တောင်းနေတော့ လူငယ်လေးကို နားမလည်နိုင်အောင် ဖြစ်ကြရတယ်။ ဒါပေမဲ့  လူငယ်လေး ထပ်ကာ ထပ်ကာ တောင်းဆိုနေတဲ့ အတွက် လူငယ်လေး လိုချင်တာကို စိတ်မပါဘဲ ပေးလိုက်ကြတယ်။

စာပို့ခို နဲ့ အပ်ချည်ကြိုး ရပြီ ဆိုတာနှင့် တပြိုင်နက် လူငယ်လေးက စာပို့ခိုလေးရဲ့ ခြေထောက်မှာ အပ်ချည်ကြိုးကို ချည်ကာ ဟိုနား ဒီနား လိုသလို ပျံသန်းနိုင်အောင် လေ့ကျင့်နေခဲ့တယ်။ လူငယ်လေးရဲ့ ရည်ရွယ်ချက်ကို သေချာ မသိသေးတဲ့ အတွက် ရွာခံလူတွေ အားလုံးကတော့ လူငယ်လေးကို သနားဂရုဏာ သက်နေကြတယ်။ လူငယ်လေးကတော့ ဘယ်သူ့ကိုမှ ဘာမှ မပြောတော့ဘဲ သူလုပ်စရာ ရှိတာကိုသာ လုပ်နေတော့တယ်။



ရက်အနည်းငယ် ကြာတော့ လူငယ်လေးက သူ လေ့ကျင်ပေးထားတဲ့ ခိုလေးကို ကိုင်ပြီးတော့ ရွာမှာ ရှိနေတဲ့ လူကြီးတွေ အားလုံးကို ခေါ်ယူကာ စုစည်းလိုက်တယ်။ ပြီးမှ . . .

" ကျွန်တော် ဒီနေ့က စပြီး ဟိုဘက် တောင်ပေါ်ရွာနဲ့ ဒီဘက် တောင်ပေါ်ရွာ နှစ်ရွာကို ဆက်သွယ်တဲ့ ကြိုးတံတားကို စဆောက်ပါတော့မယ်။ ဒါ့ကြောင့် ကျွန်တော့်ကို လိုတာလေးတွေ ဝိုင်းဝန်း ကူညီကြပါ။ "

လို့ ဆိုတယ်။ ဘယ်လို ဆောက်မယ် ဆိုတာ မသိပေမဲ့ တကယ် ဆောက်မယ် ဆိုတော့ အားလုံးလည်း တတ်ကြွလာကြတယ်။ ဝိုင်းဝန်း ကူညီဖို့ အားတတ်သရော ပြင်ဆင်ကြတယ်။ လိုအပ်တာတွေ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတော့ လူငယ်လေးက သူလေ့ကျင့်ပေးထားတဲ့ ခိုလေးကို ကိုင်ပြီး ချောက်ကမ်းပါးကြီးရဲ့ အစွန်းမှာ ရပ်လိုက်တယ်။ ပြီးတော့ ဟိုဘက်မှာ လှမ်းမြင်နေရတဲ့ တောင်ပေါ်ရွာလေးကို လှမ်းကြည့်လိုက်တယ်။ ဟိုဘက်တောင်ပေါ်ရဲ့ ချောက်ကမ်းပါး အစွန်းမှာလည်း သူတို့ နှစ်ရွာကို ပေါင်းကူး တံတားလေး ဆောက်ပေးမယ် ဆိုတဲ့ အသိကြောင့် အားလုံး လိုလိုက လူငယ်လေးကို မျှော်လင့်ခြင်းကြီးစွာသော မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။

အားလုံးကို တစ်ချက် ဝေ့ကြည့်ပြီးတော့ လူငယ်လေးက သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာပို့ခိုလေးကို ကောင်းကင်ယံသို့ လွှင့်မြှောက်ကာ ပျံသန်းစေလိုက်တယ်။ ဒီလို ပျံသန်းခွင့် ရသွားပြီ ဆိုရင်ပဲ စာပို့ခိုလေးဟာ လူငယ်လေး လေ့ကျင့်ပေးထားတဲ့ အတိုင်း ဟိုဘက် တောင်ကမ်းပါးမှာ ရှိနေတဲ့ လူတွေဆီကို ဦးတည်ပျံသန်းသွားတယ်။ ခိုလေးရဲ့ ခြေထောက်မှာ လူငယ်လေး ချည်နှောင်ပေးလိုက်တဲ့ အပ်ချည်ကြိုးလေးဟာ ဝေ့ဝဲပြီး ပါသွားတယ်။ အပ်ချည်ကြိုးကို ခိုလေးက ဆွဲယူပျံသန်းသွားတယ် ဆိုရင်ပဲ လိပ်ချည်ထားသော အပ်ချည်လုံးထဲမှ အပ်ချည်ကြိုးများကလည်း တလှစ်လှစ်နဲ့ ခိုလေး ပျံသန်း ဆွဲရာ နောက်ကို ဖြေလျော့ကာ ထွက်လိုက်သွားတယ်။

ပျံသန်းသွားတဲ့ ခိုလေးဟာ ဟိုဘက် ကမ်းပါးကိုလည်း ရောက်ရော ဟိုဘက်မှာ စောင့်နေတဲ့ လူတစ်ယောက်က ခိုလေးကို လှမ်းဖမ်းယူလိုက်ပြီးတော့ ခိုလေးရဲ့ ခြေထောက်မှာ ချည်နှောင်ပေးလိုက်တဲ့ အပ်ချည်ကြိုးကို ဖြုတ်ယူလိုက်ပြီး ခိုလေးကို လှောင်အိမ်ထဲ ထည့်လိုက်တော့တယ်။ သူ့လက်ထဲမှာ ရောက်ရှိနေတဲ့ အပ်ချည်ကြိုးကို ဆွဲယူလိုက်တော့ လျော့တိ လျော့ရဲနဲ့ ဖြစ်နေတဲ့ အပ်ချည်ကြိုးလေးဟာ ခပ်တင်းတင်းလေး ဖြစ်လာခဲ့တယ်။ တင်းလာတာနဲ့ အမျှ အပ်ချည်ကြိုးရဲ့ ပထမ စမှတ် ဖြစ်တဲ့ လူငယ်လေး ကိုင်ထားတဲ့ အပ်ချည်ကြိုး နေရာနဲ့ တစ်ဘက်က အပ်ချည်ကြိုး တို့ဟာ ဆက်သွယ်ထားသော ကြိုးတစ်ချောင်း ဖြစ်လာခဲ့တော့တယ်။

ဟိုဘက် ဒီဘက် ဆက်သွယ်ထားတဲ့ ကြိုးတစ်ချောင်းတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ ဒီကြိုးဟာ အပ်ချည်ကြိုးလေးမျှသာ ဖြစ်တယ်။ ဒီအပ်ချည်ကြိုးလေးပေါ်မှာတော့ ဘယ်လိုမှ လူသွားလို့ ရနိုင်တဲ့ တံတားဆောက်လို့ မရဘူး ဆိုတာ အားလုံးလည်း သိကြတယ်။ နှစ်ဘက် ရွာသားတွေ အားလုံး ကြောင်ပြီးတော့ ကြည့်နေတုန်းမှာ လူငယ်လေးက သူ့ဘက်မှာ ရှိနေတဲ့ အပ်ချည်ကြိုးစ ရဲ့ တစ်ဘက်ကို နောက်ထပ် ပိုးကြိုး ခပ်ကြီးကြီး တစ်ချောင်းနဲ့ ချည်လိုက်ပြန်တယ်။ ပြီးတော့ ဟိုဘက် ကမ်းပါးမှာ ကြိုးစ ကိုင်နေတဲ့ လူဆီကို လှမ်းဆွဲဖို့ အချက်ပြလိုက်တယ်။

သူ အချက်ပြလိုက်တယ် ဆိုရင်ပဲ ဟိုဘက်ကမ်းပါးမှာ အပ်ချည်ကြိုးလေး ကိုင်ပြီး စောင့်နေတဲ့ လူက အပ်ချည်ကြိုးစကို ဆွဲတော့တယ်။ ဒီတော့ ဒီဘက်မှာ အပ်ချည်ကြိုးနဲ့ ချည်ထားတဲ့ ပိုးကြိုးဟာ အပ်ချည်ကြိုးနဲ့ ချည်နှောင်မိပြီး ပါသွားတော့တယ်။ ဒီလိုနဲ့ ဟိုဘက် ကမ်းပါးက လူက ဆွဲရင်း ဆွဲရင်းနဲ့ သူ့ရဲ့ လက်ထဲကို အပ်ချည်ကြိုးက ကုန်ပြီးတော့ ပိုးကြိုးလေးက ရောက်သွားတော့တယ်။ ဒီလို အချိန်ကျတော့ ဒီဘက်က လူငယ်လေးက ပိုးကြိုးမှာ နိုင်လွန်ကြိုး တစ်ချောင်းကို ထပ်ပြီးတော့ ချည်နေလေပြီ။

ပြီးတော့ ဟိုဘက်ကမ်းပါးက လူကို ဆွဲခိုင်းလေတော့တယ်။ ဒီလိုနဲ့ ဟိုဘက်က ဆွဲလိုက် ၊ ဒီဘက်က လက်ရှိ ကြိုးထက် ပိုကြီးတဲ့ ကြိုးကို ထပ်ဆင့် ချည်နှောင်ပေးလိုက်နဲ့ တဖြေးဖြေး မူလ အပ်ချည်ကြိုးကနေ ဘာမှ မဆိုင်သော ကြိုးလုံး ကြီးကြီးများ ဖြစ်လာတယ်။ ထပ်ဆွဲရင်း ထပ်ချည်ရင်းနဲ့ နောက်ဆုံးမှာ ကြိုးလုံး အကြီးကြီးတွေ ဖြစ်တဲ့ ကြိုးတံတားဆောက်ဖို့ ကြိုးတွေကို ဆွဲလာနိုင်တော့တယ်။ ဒီလို ကြိုးလုံး အကြီးတွေကို ဆွဲတဲ့ အခါမှာတော့ ဒီဘက်ကမ်းပါးက ကမ်းပေးနေတဲ့ လူတွေကလည်း လူငယ်လေး တစ်ယောက်တည်းနဲ့ မရတော့သလို ဟိုဘက်ကမ်းပါးက ဆွဲနေတဲ့ လူကလည်း လူတစ်ယောက်တည်းနဲ့ မရတော့ဘဲ အားလုံး စုပေါင်းပြီး ဝိုင်းဆွဲကြတယ်။ ဒါပေမဲ့ ဒီလို ဆွဲရတဲ့အတွက် သူတို့ ပျော်နေကြတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ . . . .

နောက်ဆုံးမှာတော့ သူတို့ ရည်မှန်းထားတဲ့ ကြိုးတံတားဆောက်ဖို့ ကြိုးလုံးကြီးကြီးတွေကို ဟိုဘက်ကမ်းပါးကို ရောက်အောင် ပို့နိုင်ခဲ့တော့ပါတော့တယ်။ နှစ်ပေါင်းများစွာ ဟိုဘက် ကမ်းပါးကို ကြိုးလုံးကြီးတွေ ရောက်အောင် ပို့ခဲ့တာ မအောင်မြင်ခဲ့သမျှ ဒီနေ့မှာတော့ ၊ ဒီအကြိမ်မှာတော့ အောင်မြင်ခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်လို ရအောင် ပို့ခဲ့တယ် ဆိုတာကိုတော့ မျက်မြင်မဟုတ်ရင် ယုံနိုင်စရာကို မရှိပါ။ လူပေါင်းများစွာ ၊ ကုန်ပစ္စည်းပေါင်းများစွာရဲ့ အလေးချိန်ဒဏ်ကို ခံနိုင်အောင် ဆောက်မဲ့ ကြိုးတံတားရဲ့ ဆိုင်းခံကြိုးလုံးကြီးတွေကို အပ်ချည်ကြိုး သေးသေးလေးတွေနဲ့ ဆွဲယူသွားတယ်လို့ ပြောရင် ယုံနိုင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့  . . .  ဒါဟာ တကယ်ကို ဖြစ်ခဲ့တာပါ။ ဟိုဘက် ကမ်းပါးကို တံတားဆောက်ဖို့ ကြိုးလုံးကြီးတွေ ရောက်ပြီး မကြာခင်မှာပဲ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့သော ကြိုးတံတား တစ်ခုကို အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။



ဒီပုံပြင်လေးက ကျွန်တော့်ရဲ့ စိတ်ကူးထဲက အတိုင်း ပုံဖော်ရင်း ချရေးလိုက်တာပါ။ တခြားရည်ရွယ်ချက်လေး ရှိပါသေးတယ်။

တကယ်တော့ ကျွန်တော် ရည်ရွယ်ချင်တာက လူတစ်ယောက်နဲ့ တစ်ယောက် ၊ မိတ်ဆွေ တစ်ယောက်နဲ့ တစ်ယောက် ၊ မိဘ နဲ့ သားသမီး ၊ ချစ်သူ နှစ်ဦး ၊ အိမ်ထောင်ဖက် နှစ်ဦး တို့ တစ်ယောက်နဲ့ တစ်ယောက် " မေတ္တာ ပေါင်းကူး တံတား " တည်ဆောက်တဲ့ အခါမှာ တစ်ယောက်က တစ်ယောက်ကို လောဘကြီးစွာ နဲ့ ကိုယ့်ရဲ့ ကမ်းပါးကနေ တစ်ဘက် ကမ်းပါးကို ရောက်အောင် တံတားထိုးမိစေဖို့ အလောတကြီးနဲ့ ခိုင်ခံ့သော ကြိုးလေးလေးကြီးများဖြင့် လှမ်းပစ် ချည်နှောင်တတ်ကြပါတယ်။

ဒီတော့ ကြိုးရဲ့ အလေးဒဏ် ၊ ခရီးရဲ့ ကွာဟမှုကြောင့် လိုအပ်တဲ့ နေရာကို မရောက်နိုင် ၊ လမ်းခရီးမှာပဲ အချိန်တွေ ၊ အင်အားတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒီလို ကြိမ်ဖန်များစွာ ဖြစ်လာခဲ့ရင် အချိန်တွေ ကုန်ဆုံးပြီးတော့ စိတ်ဓါတ် အင်အားတွေပါ ကုန်ဆုံးတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် " မေတ္တာ ပေါင်းကူး တံတား " တည်ဆောက်ဖို့ အတွက် ဆိုတာ အထက်က ပုံပြင်လေး အတိုင်းပါပဲ။ သံယောဇဉ် ဆိုသော အပ်ချည်ကြိုးမျှင်လေးက စပြီးတော့ တစ်ပတ်ချင်း ၊ တစ်ရစ်ချင်း ရစ်ပတ် နှောင်ဖွဲ့ သွားပြီးမှ ဒီ့ထက် ခိုင်မာသော ကြိုးများဖြင့် တည်ဆောက်ရင် ထာဝရ ခိုင်မြဲနိုင်သော သူနဲ့ ကိုယ်တို့ရဲ့ " မေတ္တာ ပေါင်းကူး တံတား " ဖြစ်လာနိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခု ရှိနေတာက ကြိုးကြီးကြီးနဲ့ ရစ်ပတ်ရင် လေဟာနယ် ပိုများပါတယ်။ ကြိုးသေးသေးနဲ့ ရစ်ပတ်လေ ပိုပြီးကျစ်လျစ်ကာ နေရာ မလပ်သော လေဟာနယ် နည်းစေနိုင်မှာပါ။ အဲဒီ့ကြိုးဟာ သေးငယ်ပေမဲ့ ပြတ်တောက်ဖို့ ခက်သော " သံယောဇဉ် ကြိုး " မဖြစ်သင့်ဘူးလားဗျာ။

စာဖတ်သူ အားလုံးလည်း ထာဝရ တည်တံ့ခိုင်မြဲသော " မေတ္တာ ပေါင်းကူး တံတားများ " တည်ဆောက်နိုင်ကြပါစေ။



" တချို့နေရာတွေမှာ တောင်တန်းတွေ ရှိနေလိမ့်မယ်။ 
တချို့နေရာတွေမှာ ချိုင့်ဝှမ်းတွေ ရှိနေလိမ့်မယ်။ 
တောင်ပေါ်နေရာ ရောက်တဲ့ အခါ အထက်နဲ့ နီးသွားသလို အောက်ကို ငုံ့ကြည့်ရတာ အရသာ . . . 
ချိုင့်ဝှမ်းထဲ ရောက်တဲ့ အခါ အောက်ခြေကို စူးစမ်းရပြီး ကောင်းကင်ကို မော့ကြည့်ရတာ အရသာ . . 
တချို့နေရာတွေမှာ ကမုကထစ်တွေ ၊ အဖုအထစ်တွေ ရှိနေလိမ့်မယ်။
တချို့နေရာတွေမှာ တွင်းတွေ ၊ ပက်ကြားအက်တွေ ရှိနေလိမ့်မယ်။ 
ဘယ်လိုပဲ ဖြစ်နေပါစေ . . . 
မညီမညာ ဖြစ်နေရတာကိုက အပြောင်းအလဲလေး တစ်ခုပဲ မဟုတ်လား။ ညီညီညာညာသာ ဖြတ်သန်းခဲ့ရရင် ဘဝဆိုတာ ဘာမှ အမှတ်ရစရာ ရှိတော့မှာ မဟုတ်ဘူး။ ရင်ခုန်မှုတွေနဲ့ အတူ ဘဝကို အမှတ်တရတွေ နဲ့ ဖြတ်သန်းကြမယ်။ "


*** လေးစားရသော ဦး- - - နဲ့ ဒေါ် - - -  တို့ရဲ့ ၉.၁၁.၂၀၁၁ မှာ ကျရောက်သော မင်္ဂလာ နှစ်ပတ်လည်နေ့ အတွက် အမှတ်တရ ရေးပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
9.11.2011

Share/Bookmark

05 November 2011

11 စုထားမိသော အာဟာရများ ( ၄ )



ဒီနေ့  ဘာရယ် မဟုတ်ဘဲ လျှောက်ကြည့်မိတော့ Facebook မှာ  အဖြူရောင် နတ်သမီး က ဒီလို စာသားလေးတွေ တင်ထားတာ တွေ့ပါတယ်။ ဒါနဲ့ သူရေးထားတာတွေကို ဖတ်ပြီးတော့ အောက်ကနေ ဟိုးအရင်က ဖတ်ထားခဲ့တာလေးတွေကို ဝင်ပြီးတော့ အာချောင်မိပါလေရော။ ဒီမှာ သူက ပြန်ရေးပါတယ်။ သူကတော့ ဘယ်ကနေ ဘယ်လို ရေးလဲ မသိပါဘူး။ ကျွန်တော်ကတော့ ဟိုးအရင်က ဖတ်ထားခဲ့တာလေးတွေကို ပြန်မှတ်မိသလို ရေးမိပါတယ်။ ဒါလေးတွေကို စုပြီးတော့ အားလုံးဖတ်ဖို့ တင်လိုက်ပါတယ်။



ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုဟာ သူရဲကောင်းဖြစ်မှုရဲ့ အနှစ်သာရပဲ။
(Emerson) 



သူရဲကောင်းများသည် လောကတွင် အကြောက်တတ်ဆုံးသူများပင် ဖြစ်သည်။ 
( တဂိုး ) 



လူတွေဟာ ကိုယ့်သမိုင်းကိုယ်ဖန်တီးနေကြတာပါပဲ။
(Karl Marx) 



သို့သော် ကိုယ့်သမိုင်းကို ကိုယ် ရေးနိုင်သူ ရှား၏။ ကိုယ့်သမိုင်းကို တခြားသူတွေကသာ ဝိုးတဝါး ရေးကြလေသည်။ 
( ကွန်ဖြူးရှပ် ) 



မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု မပြုနိုင်သူဟာ ကျေးကျွန်တဦးပါပဲ။
(Robert G. Imgersoll) 



လမ်းညွှန်သူ မရှိဘဲ ခရီးသွားခြင်းသည် မိုက်မဲသည် မည်၏။ 
( လောကနီတိ ) 



လူဆိုတာ သူဆန္ဒရှိတဲ့အရာကို လိုလိုလားလားယုံကြည်တတ်ကြတယ်။
(Julius caesar) 



ယုံကြည်မှု မရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပေ။ 
( သော်မတ်စ် ဝေးလ် ) 



ယုံကြည်ဖို့ဖြစ်နိုင်တဲ့အရာတိုင်းဟာ အမှန်တရားရဲ့ နိမိတ်ပုံတခုပါပဲ။
(William Hazlitt) 



လုပ်နိုင်သည်ဟု ထင်သည်ဖြစ်စေ ၊ မလုပ်နိုင်ဘူးလို့ ထင်သည် ဖြစ်စေ . . သင်၏ အထင် အမှန်ပင် ဖြစ်လာလိမ့်မည်။ 
( ဟင်နရီ ဖို့ဒ် ) 



တွေးခေါ်ခြင်းအားဖြင့် လူဟာအမှန်တကယ်ကြီးမြတ်လာရတယ်လို့ ပြောပါရစေ။
(Pestalozzi) 



တွေးခေါ်မှုသာ မပါရင် လူဆိုတာ တိရစ္ဆာန် တစ်ကောင်ပါပဲ။ 
( ရေးရှိုးလ်ဝပ်ဒ် ) 



စဉ်းစားတွေးခေါ်ခြင်းဟာ လူများကို ဗဟုသုတ ပညာကြွယ်ဝအောင်လမ်းညွှန်တယ်။
(Pestalozzi) 



တွေးခေါ်စဉ်းစားခြင်းသည် ဥာဏ်ဖွံ့ဖြိုး စေ၏။ လေ့လာမှတ်သားခြင်းသည် ဗဟုသုတ တိုးပွားစေ၏။ 
(ဆိုကရေးတီး ) 



အတွေးအခေါ် အယူအဆမှန်သမျှ၏ မူလအရင်းခံသည် အတွေ့အကြုံပင်ဖြစ်သည်။
(John Locke) 



အတွေးအခေါ်၏ မူလသည် စိတ်ရင်းခံ ဖြစ်၍ အယူအဆ၏ မြစ်ဖျားခံရာသည် အစွဲပင် ဖြစ်လေသည်။ 
(သောမတ်စ် သွန်မဆင် ) 



ကြီးကျယ်တဲ့ အတွေးအခေါ်တွေဟာ လက်တွေ့အဖြစ်ကို အသွင်ပြောင်းပြီး ကြီးကျယ်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာရပါတယ်။ 
(William Hazlitt) 



အတွေးအခေါ် ဆိုတာ အယူအဆ မဟုတ်သလို ၊ မျှော်လင့်ခြင်း အိပ်မက်လည်း မဟုတ်ဘူး။ ဒါကြောင့် လူတစ်ယောက်တည်းကို ပြောင်းလဲဖို့ထက် လူအားလုံးကို အကျိုးပြုဖို့ ပိုလိုအပ်တယ်။ 
(ဂျက်စ်ဆင် ဘရောင်း )  



အမှန်တရားကို ကြီးမြတ်အောင်ဖန်တီးတဲ့သူဟာ လူသားပဲ။ လူကိုကြီးကျယ်အောင်လုပ်တဲ့ အမှန်တရားတော့မဟုတ်ဘူး။
(Confucius) 



အမှန်တရား ဆိုတာကို ချစ်ပါတယ် ဆိုပြီးတော့ အော်ဟစ်နေဖို့ မဟုတ်ဘူး။ အမှန်တရားဘက်က ရပ်တည်ပြီး လိုက်နာဆောင်ရွက်ဖို့သာ ဖြစ်တယ်။ 
( အီမာဆင် ) 



အမှန်တရားဟာ ရိုးသားတယ်။ အမှန်တရားဟာ သေချာတယ်။ အမှန်တရားဟာ သန်မာတယ်။ သည်းခံနိုင်စွမ်းရှိတယ်။ သင်မှားခဲ့ရင် မှားပါစေ။ အမှန်အတိုင်းပြော၊ ဝေဖန်တာကို လက်ခံလိုက်ပါ။
(Gertrude E. Mc Veen) 



အမှန်တရားကတော့ ပကတိ အတိုင်း ရိုးသားပါတယ်။ သို့သော် အမှန်တရား အပေါ်မှာ သုံးသပ်သူတွေက သူတို့ရဲ့ အတ္တ ၊ ဝါဒ တွေနဲ့ ဆေးဆိုးလိုက်ကြတယ်။ 
( ပေါလ်ဂတ်စ်တီ ) 



အရင်က တင်ထားခဲ့တာတွေ ဆက်ဖတ်ချင်ရင် -


လေးစားစွာဖြင့်
ကိုဇော်
5.11.2011

Share/Bookmark

01 November 2011

17 ညနေခင်းရဲ့ ကဗျာ





နိဒါန်း

လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်မျိုးစီ ရှိတတ်ကြသည်။
ဒီလိုပဲ ကျွန်တော့်မှာလည်း စိတ္တဇ တစ်ခုတော့ ရှိပါသည်။



( က )

ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ အထက်တန်းကျောင်းသား ဘဝတုန်းက ကျောင်းမတတ်ခင် နဲ့ ကျောင်းဆင်းချိန်တွေမှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြ၏။ ဒီလို အချိန်မှာ ကျောင်းသွား နဲ့ ကျောင်းပြန် ကောင်မလေးတွေကို လူငယ် သဘာဝ ကြည့်ခဲ့ကြဖူးသည်။ အဲဒီမှာ သူငယ်ချင်း တစ်ယောက်က ပြော၏။

" ကောင်မလေးတွေ ဝတ်ထားတဲ့ စကပ်ထမီ ရဲ့ အနားသားလေး လမ်းလျှောက်လိုက်လို့ လှစ်ခနဲ လှစ်ခနဲ လှပ်သွားတိုင်း ငါ့ရဲ့ ရင်ထဲမှာလည်း လှပ်ခနဲ လှပ်ခနဲ ခပ်လှစ်လှစ် ဖြစ်သွားတယ်ကွ။ "

လို့ ပြောပြခဲ့ဖူး၏။ ဒီလိုနဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ အမြင်ကို ပြောခဲ့ကြသည်။ ဒီလိုနဲ့ ကျွန်တော့် အလှည့်ကျတော့ သူတို့က ကျွန်တော့်ရဲ့ အမြင်ကို မေးလာခဲ့ပါသည်။ တကယ်တော့ ကျွန်တော် မပြောပြတတ်ပါ။ ဦးတည်ကာ ပြောပြစရာလည်း  မရှိခဲ့။ သို့သော် . . . 

နေရာဒေသကို လိုက်ပြီးတော့ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို ကျွန်တော် နားလည် သဘောပေါက်ပါ၏။ ဒါပေမဲ့ မြန်မာ မိန်းကလေး တစ်ယောက် အတွက်  . . . ပြီးတော့ ကျွန်တော့် အတွက် ဆိုရင်တော့ . . . ဘီဘဲလ် လို့ ဆိုသော ထိုခေတ်က မိန်းကလေးတွေ ဝတ်သော လုံချည်ကို ကျွန်တော် သဘောကျ၏။ ထို ဘီဘဲလ် ထမီဝတ်ထားသော မိန်းကလေး တစ်ယောက် လမ်းလျှောက်သွားပုံလောက် ကျွန်တော့်ကို ဘယ်အရာကမှ ရင်မခုန်စေနိုင်ခဲ့။

စကပ်တိုတိုပဲ ဝတ်ဝတ် ၊ ဘောင်းဘီ တိုကပ် ခပ်ပြတ်ပြတ်ပဲ ဝတ်ဝတ် ၊ သုံးလွှာကပ်တဲ့ ထမီစကပ်ပဲ ဝတ်ဝတ် ကျွန်တော့် အတွက်တော့ မြန်မာ ဆန်ဆန် ဘီဘဲလ် ထမီ ဝတ်ထားသော မိန်းကလေး တစ်ယောက်လောက် ရင်ခုန်အောင် ဆွဲဆောင်နိုင်စွမ်း မရှိပါ။ ကျွန်တော့်သူငယ်ချင်း ပြောသလို စကား လှတပတ လေးနဲ့ ပြောရမယ် ဆိုရင်တော့ . . . . 

" သူမရဲ့ ခြေတစ်လှမ်းမှာ သုံးလွှာကပ် ထမီစကပ် မဟုတ်တဲ့ အတွက် ခြေလှမ်းလိုက်တိုင်း အတွင်းမှ ခြေသလုံးသားလေးတွေက လှစ်ခနဲ လှစ်ခနဲတော့ ပေါ်လာစရာ မရှိပါ။ ဒီတော့ ကျွန်တော့် သူငယ်ချင်းလို ရင်ထဲမှာလည်း လှပ်ခနဲ လှပ်ခနဲတော့ မဖြစ်မိပါ။ ဒါပေမဲ့ လုံခြုံ သေသပ်သော အလှတစ်ခုနဲ့ သူမ ခြေလှမ်း လှမ်းသွားတိုင်း ရင်ထဲမှာ ဟာသွားသလိုတော့ ခံစားရမိမယ် ထင်ပါသည်။ "

ဒီလို ပြောလို့ ဒီလို မြန်မာဆန်ဆန်နဲ့ ထမီကို ခြေမျက်စိဖုံးအောင် ဝတ်ပြီးတော့ နိုင်ငံတကာကို လျှောက်သွားရမယ် လို့ မဆိုလိုပါဘူး။ နေရာ ဒေသ အလိုက် ဝတ်စားတာတော့ ကျွန်တော် လက်ခံပါသည်။ ခေတ်မှီတာကိုလည်း လက်ခံပါ၏။ သို့သော် ခေတ်မှီလွန်းကာ ခေတ်လွန်သွားတာမျိုးကိုတော့ ကျွန်တော် မဖြစ်စေချင်ပါဘူး။

ဒီလို စိတ္တဇမျိုး တစ်ခုတော့ ကျွန်တော့်မှာ ရှိသည်။ ကျွန်တော်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ချစ်သူ နဲ့ ညနေခင်း ပင်လယ်ကမ်းခြေမှာ အေးအေးဆေးဆေး လမ်းလျှောက်တဲ့ အခါမှာ လေလေးတွေ ခပ်ငြိမ့်ငြိမ့် တိုက်ခတ်နေပြီး သူက ကျွန်တော့် နံဘေးမှာ ရှိနေတဲ့ အချိန်မှာ ရင်ခုန်ဖွယ် သူဝတ်ထားတဲ့ ဘီဘဲလ် ထမီလေးနဲ့သာ ဆိုရင် ဆိုပြီး ကျွန်တော် တွေးကြည့်ရုံနဲ့ ရင်တွေ ခုန်လာတတ်ခဲ့ပါသည်။ အင်း . . ကျွန်တော် ရူးများ ရူးသွားလေမလား။

ထိုအချိန်ဟာ " ညနေခင်းရဲ့ ကဗျာ " လေး တစ်ပုဒ် ဖြစ်နေနိုင်ပါသည်။



( ခ )

ဟိုးငယ်ငယ်ကတည်းက ကျွန်တော့် အဖေက ပြောပြဖူးသည်။ 

" စားချင်စဖွယ် ပြင်ဆင်ကွယ် " 

တဲ့။ ဒါ ဖေဖေရဲ့ အမြဲတမ်း သုံးတဲ့ လက်သုံးစကားပါပဲ။ အစားအသောက်နဲ့ ပတ်သတ်လာရင် ပြီးပြီးရော ပြင်ဆင်ခြင်းကို ဖေဖေက လုံးဝ မကြိုက်ပါ။ ဟိုတယ်တွေ ၊ စားသောက်ဆိုင်ကြီးတွေကို သွားစားတိုင်း ဖေဖေက အမြဲတမ်း ထိုနေရာမှ စားစရာများကို နမူနာ အဖြစ်ပြလေ့ ရှိသည်။ 

" ဒီမှာ တွေ့လား။ စားသောက်ပြီးရင် ဘာမှ မကျန်တော့ဘူး ဆိုပေမဲ့ ဖြစ်သလို စားသောက်လိုက်တာထက် စာရင် လှလှပပ ပြင်ဆင် မွမ်းမံပြီးတော့ အမြင်လေး လှအောင်တော့ ပြင်ဆင်တာ ပိုကောင်းတာပေါ့။ ဒီတော့ အမြင်နဲ့တင် စားသုံးသူက စိတ်ချမ်းသာပြီး ပိုစိတ်ဝင်စားတာပေါ့။ " 

ဟု ဖေဖေက ပြောခဲ့ဖူး၏။ ဒီစကားလေးက ဟိုးအရင်ကပဲ ပြောခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဖေဖေ ပြောခဲ့တာပါ။ အခု အချိန်အထိလည်း ကြုံရင် ကြုံသလို ပြောပါသေးသည်။ ဒီစကားလေးနဲ့ ပတ်သတ်ပြီး အခု နောက်ပိုင်းမှာ ကျွန်တော် တချို့သော အကြောင်းအရာလေးတွေကိုလည်း ဆက်စပ် စဉ်းစားမိနေပါသည်။ 

ဗုဒ္ဓဘာသာဝင် လူမျိုး အပေါင်းတွေကိုပါ။ ကိုယ်ကသာ ဟိုဟာစားချင် ၊ ဒီဟာစားချင်နဲ့ ဘုရားကို ဆွမ်းကပ်တဲ့ အခါ ၊ ရေချမ်းကပ်တဲ့ အခါ ဖြစ်သလို ပြီးပြီရော ကပ်လှူတတ်ကြတာကို တွေ့ရပါသည်။ ဒီလို အခါမှာ ဆိုရင် ကျွန်တော် ဖေဖေ ပြောနေကျ စကားလေး "  စားချင်စဖွယ် ပြင်ဆင်ကွယ် " ဆိုတာကို ပြန်လည် ကြားယောင်မိပါသည်။ 

ဘုရားတကာ့ ဘုရားထဲမှာ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားလောက် တောင်းဆိုမှု နည်းတာ ဗုဒ္ဓမြတ်စွာ ဘုရားပဲ ရှိပါလိမ့်မည် ဟု ကျွန်တော် ထင်သည်။ 

- လှူဒါန်းရန် အတွက်ဟု ဆိုကာ ဘုရားကို အာရုံပြု၍ ဝယ်လာသော စားစရာကို လှူနိုင်သည်။
- ကိုယ်တိုင် စားသုံးရန် ဆိုကာ ဝယ်လာပြီးမှ သဒ္ဒါစိတ်ပေါ်ကာ ဘုရားကို လှူနိုင်သည်။
- စားသုံးနေလျက် စားစရာကို သဒ္ဒါစိတ်ပေါ်၍ ဘုရားကို လှူနိုင်သည်။
- စားသုံးနေ၍ ကုန်ခါနီး အကြွင်းအကျန်ကို ရောက်မှ သဒ္ဒါစိတ်ပေါ်၍ ဘုရားကို လှူနိုင်သည်။
- နောက်ဆုံး စားသုံးပြီး၍ စားစရာ မရှိတော့သော်လည်း စိတ်ကူးဖြင့် အာရုံပြုကာ လှူနိုင်သည်။

ဒီလို လွတ်လပ်စွာ သဒ္ဒါစိတ်ကို အခြေပြု၍ လှူဒါန်းနိုင်သောကြောင့်လား မသိပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ဘုရားကို ဆွမ်းတော် ကပ်ကြသော အခါမှာ ပြီးစလွယ် ပြီးပြီးရော ဆွမ်းကပ်လှူ နေကြတာကို မြင်နေရ၏။ 

တခါသော အခါက ဆရာတော်တစ်ပါးမှ မြိန့်ကြားသည်ကို နာခဲ့ရဖူးသည်။

" ဘုရားကို ဆွမ်းလှူတယ် ဆိုတာ တကယ်တော့ ကိုယ့်အတွက် ဘာတွေများ ကုန်ကျ ဆုံးရှုံးသွားလို့လဲ။ ကိုယ် လှူသမျှ ကိုယ်ပဲ စားရတာပဲ မဟုတ်လား။ ကိုယ် ကြက်သား လှူရင် ကြက်သား စားရတာပဲ ၊ ဝက်သား လှူရင် ဝက်သား စားရတာပဲ။ ကိုယ် ဘဲပေါင်း လှူပြန်တော့လည်း ဘဲပေါင်း စားရတာပါ့။ ဒီလိုပဲ ပြီးပြီးရော ဖြစ်သလို လှူတော့လည်း အဲဒီလို လှူတာ ကိုယ်ပဲ ရတာပဲ မဟုတ်လား။ "

လို့ ဟောခဲ့ပါ၏။ ဒါကို ဆက်ပြီးတော့ ကျွန်တော် စဉ်းစားမိပါသည်။ ဒီလို လှူဒါန်းထားမှုမှာလည်း ကိုယ်သာ ဆိုရင် ဘယ်လို စားသုံးလဲ ဆိုတာမျိုးပါ။ ဥပမာ - ကိုယ်က မုန့်ဟင်းခါး စားတော့ ဇွန်းနဲ့ စားပြီးတော့ ဘုရားကို လှူတဲ့ အခါမှာ တချို့က မုန့်ဟင်းခါး ပန်းကန်မှာတောင်မှ ဇွန်း မပါဘူး။ ဒီတော့ ဘုရားက ဘုန်းတန်ခိုးနဲ့ ပြည့်စုံတယ် ပြောပြော ဘယ်လိုများ ဘုန်းပေးမလဲ လို့ ကျွန်တော် လျှောက်တွေးခဲ့ဖူးသည်။  ဟုတ်တယ်လေ . . ဇွန်းမပါဘဲ မုန့်ဟင်းခါးကို လက်နဲ့ ဘယ်လိုလုပ် စားမလဲ။ ( ကျွန်တော်ပဲ အတွေးခေါင်နေတာ ဖြစ်ချင် ဖြစ်မှာပါ။ )

ဒါကြောင့် ကျွန်တော်ကတော့ ဘုရားဆွမ်းတော် ကပ်မယ် ဆိုရင် ကိုယ်က ဘယ်လို စားလဲ ၊ ဒီအတိုင်း ဘုရားဆွမ်းတော်ကို ကပ်လှူဖြစ်ခဲ့သည်။ များသော အားဖြင့် ကျွန်တော်က ဇွန်းနဲ့ ခရင်းဖြင့် စားလေ့ ရှိသောကြောင့် ဘုရားကို ဆွမ်းလှူရင်လည်း အနည်းဆုံးတော့ ဒီအတိုင်း လှူဖြစ်ခဲ့သည်။ တချို့သော အချိုပွဲတွေ လှူသော အခါမှာလည်း ဒီလိုပါပဲ။ ဥပမာ - ကျောက်ကျော ဆိုသော စားစရာကို လှူတဲ့ အခါမှာ အမြဲတမ်း ကျွန်တော် သတိထားပြီး ကျောက်ကျောကို ထိုးစားဖို့ ခရင်းသေးသေးလေးတွေကိုပါ တပ်ပြီးတော့ လှူပါသည်။ ကိုယ်တိုင်လည်း ကျောက်ကျောကို ထိုးစားစရာ မပါဘဲ လက်ဖြင့် စားကြည့်ပါ။ အတော်ကို ခက်ခဲစွာ စားရစေမှာ အမှန်ပါပဲ။

ဒါလေးနဲ့ ဆက်စပ်ပြီး ကျွန်တော် စဉ်းစားမိတာက . . . ကျွန်တော့်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိသော အိမ်ထောင်ဖက်က ဘုရားဆွမ်းတော် ကပ်လှူတဲ့ အခါမှာ ပြီးပြီးရော လှူသလား ၊ သက်ရှိ ဘုရားကို အာရုံပြု၍ သက်မဲ့ ရုပ်ထုကို လှူဒါန်းသော်လည်း တကယ်ကို အပြင်မှာ ဗုဒ္ဓမြတ်စွာ ဘုရားကို လှူဒါန်းနေရသကဲ့သို့ သေသေချာချာ " စားချင်စဖွယ် ပြင်ဆင်ကာ လှူဒါန်းလား "  ဆိုတာကို တစ်ခါတလေ စိတ္တဇ ဖြစ်နေသလို သိချင်နေမိခဲ့၏။

တကယ်လို့ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူနဲ့ ကမ္ဘာမြေပြင် တစ်နေရာမှ ပင်လယ်ကမ်းခြေ တစ်ခုမှာ အေးအေးဆေးဆေး လေညှင်းခံ လမ်းလျှောက်ရင်း မေးခွင့် ရခဲ့မယ် ဆိုရင် ဒီအကြောင်းအရာလေးတွေကို ကျွန်တော် သူ့ကို မေးချင်နေမိပါသည်။

ဒီလို အချိန်ဆိုရင် ပင်လယ် ကမ်းခြေရဲ့ " ညနေခင်းက ကဗျာ တစ်ပုဒ် " လို အသက်ဝင်နေလိမ့်မယ် လို့ ထင်နေမိပါသည်။



( ဂ )
Facebook မှာ ဘာရယ် မဟုတ်ဘဲ ကျွန်တော့် ခံစားမှု အရ ချရေးထားသော စာတိုတိုလေး တချို့ ရှိပါ၏။ ဒီစာလေးတွေကို  စုပြီးတော့ " Status တွေကို စုစည်း ကဗျာ ဖြစ်စေသတည်း " ဆိုသော ခေါင်းစဉ်နဲ့ ကျွန်တော့် ဘလော့မှာ ပြန်တင်မယ် လို့ စဉ်းစားထားခဲ့ပါသည်။ ဒါပေမဲ့ ထုံးစံအတိုင်း ရင်တွင်းခံစားချက် စစ်စစ်ကို ကျွန်တော်က ကိုယ်တိုင် ဖန်တီးရတာ ဆိုတော့ စာတွေက ချက်ချင်း ဖြစ်မလာခဲ့ပါ။

စာပုဒ်လေးတွေ အတော် များမှ စုပြီးတော့ တင်မယ်လို့ စဉ်းစားထားမိ၍ စုဆောင်းနေစဉ်မှာပဲ အံ့သြစရာ ကောင်းလောက်အောင် တချို့သူတွေနဲ့ စိတ်ကူးချင်းတူကာ သူတို့ကလည်း ဒီလို စုပြီး တင်တာ တွေ့တော့ ကျွန်တော် မတင်ဖြစ်ခဲ့တော့ပါ။ ဒီစာလေးတွေကို ဘာကြောင့် ရေးဖြစ်တာလဲ ဆိုတော့ အချက် နှစ်ချက် ရှိပါသည်။

၁။ ဘလော့ဂါ ဘဝမှာ ဘာမှ မရပါ လို့ ကျွန်တော် မပြောနိုင်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် မထင်မှတ်သော စာရေးဆရာ အပေါ် စာဖတ်သူတွေရဲ့ ယုံကြည်မှု ဆိုတာကို မထင်မှတ်ဘဲ ကျွန်တော် ရလာခဲ့ပါသည်။ ပြီးတော့ ကျွန်တော့်လို စကားလုံး လှတ ပတ မရေးတတ်သော ဘလော့ရေးသူ တစ်ယောက်ဆီကို တချို့က အားကိုး တကြီးဖြင့် " ချစ်သူဆီကို စာရေးချင်လို့ ဒိုင်ကောင်းကောင်းလေးတွေ ရေးပေးပါလား " ဟု တောင်းဆိုကြသည်။

တကယ်တော့ သူတို့ကို မပြောနဲ့ ၊ ကျွန်တော့်ဖာသာတောင်မှ ကျွန်တော်က လိုတိုရှင်း ၊ တုံးတုံးတိတိ ၊ တိုတိုပြတ်ပြတ် ပြောတတ်သူ ဆိုတော့ သူတို့ အလို ရှိသလို စကားလုံးလှလှတွေ မသုံးတတ်ပါဘူး။ ပြီးတော့ အရမ်းကို စကားလုံးတွေ လှပစွာဖြင့် " စကားပြေ " မရေးချင်သော ( ရေးခဲသော ) ကျွန်တော့်အတွက် သူတို့ လိုချင်သော ဒိုင်လှလှလေးတွေ ဆိုတာကို ကျွန်တော် မရေးတတ်ပါ။ သို့သော် သူများရဲ့ လိုအပ်ချက်လေးတွေကိုလည်း တတ်နိုင်သလောက် ကျွန်တော် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကလေးကြောင့်လည်း ဒီစာတိုလေးတွေကို ကျွန်တော် ရေးဖြစ်ခဲ့ပါသည်။

၂။ ဒုတိယ အချက်ကတော့ ရှည်ရှည် ဝေးဝေး မဟုတ်ပါဘူး။ ကျွန်တော့်ရင်ထဲက ခံစားချက် အကြောင်းအရာတွေနဲ့ ဖြစ်ပျက်နေတဲ့ အတွေးလေးတွေကို " ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ " ကို ခံစားမိစေချင်တဲ့ စိတ်ကြောင့်ပါပဲ။ ဒါကြောင့် သူ့အတွက် ရည်ရွယ်ကာ ရေးပါသည်။

ဒီစာတိုလေးတွေ အားလုံးကို အရင်ခေါင်းစဉ် ဖြစ်သော " Status ကို စုစည်း ကဗျာ ဖြစ်စေသတည်း " ကနေ  " ညနေခင်းရဲ့ ကဗျာ " ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ အားလုံးကို စုစည်းကာ ဖော်ပြလိုက်ပါသည်။ နောင်လည်း အဆင်သင့်ရင် ဒီလိုပဲ ဖော်ပြသွားပါမည်။
 


1.

တချို့ စကားလုံးတွေက ပြောရခက်တယ်။
တချို့ စကားလုံးတွေက ပြောဖို့ မဝံ့။
တချို့ စကားလုံးတွေက ပြောဖို့ ပျောက်ဆုံး။
တချို့ စကားလုံးတွေက ကိုယ်တိုင် မေ့ထား။
တချို့ စကားလုံးတွေက ကိုယ်တိုင်အတွက် နှုတ်နှေး . . .
ငါ . . . " လူအ " အတွေးပဲ ခပ်ရေးရေး ဖြစ်နေခဲ့တယ်။



2.

ဒီလိုတော့ဖြင့် ကိုယ် လက်မခံနိုင်ပါဘူး ချစ်သူ။
အချစ်မှာ သက်တမ်း ရှည်ကြာတာတွေ ၊ ကာလ ကြာမြင့်တာတွေနဲ့ သတ်မှတ်လို့လား။
ဒီလို သတ်မှတ်ရအောင် ကိုယ်တို့ အချစ်က " ဝိုင် ၊ အရက် " တွေမှ မဟုတ်တာ . . . . . ။
 


3.

လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တာ . . .
ဘုရားစိုက်တဲ့ ပန်းလေး ပွင့်လာတာတဲ့။
ဒါဆို . . . .
ချစ်သူဆီက အချစ်ပန်းလေး . . .
ကျွန်တော် စိတ်မှန်းနဲ့ လွမ်း . . . နေ့တိုင်း နမ်းနေမယ်။



4.

ဤ ခရီး ဘယ်လောက် ရှည်သလဲ။
ချစ်သူပေးတဲ့ အလွမ်းတွေ တပွေ့တပိုက်နဲ့ . . .
ဥပေက္ခာ ရပ်ဝန်းမှာ တိတ်တဆတ် ဖြတ်သန်း သွားမယ်။
အလွမ်းပွင့်တွေနဲ့ လမ်းတလျှောက် သင်းစေသား။



5.

တကယ်တော့ မခက်လှပါဘူး။
ချစ်သူကို စိတ်ချမ်းသာစေခြင်းက
ကိုယ့်အတွက် စိတ်ဆင်းရဲစေခြင်း ဆိုရင်တောင်မှ
ကျွန်တော် ပျော်ပါတယ်။
ရေငုံ နှုတ်ပိတ် သူ့ဘေးမှာ အရိပ်ကလေးပဲ ဖြစ်ပါရစေ။



6.

Sorry ပါ။ မနှောက်ယှက်ပါနဲ့။
ကျွန်တော် နေမကောင်းပါ။
နှလုံးသားက တလှပ်လှပ် အချစ်ငတ်နေတယ်။


7.

နင်ပြောတာလည်း ဟုတ်ပါတယ် သူငယ်ချင်း
ဒါပေမဲ့ . . . 
လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် ဆိုပေမဲ့
ချစ်သူကို ချစ်တဲ့ နေရာမှာတော့ ငါ တစ်ယောက်ထဲလည်း ဖြစ်တယ်။



8.

တစ်နေ့လေး မတွေ့ရတာကို . . .
ကိန္နရီ ၊ ကိန္နရာတို့ စုပေါင်း အသက်ဆက်ထားသလို . . . .
တွေးလို့ မပြေ ၊ ဆွေးလို့ နေရတယ်။
မင်း ဘယ်မှာလဲ ၊ အဝေးက ချစ်သူရေ. . . . ။


ဒီနေရာက ကိန္နရီ ၊ ကိန္နရာ အကြောင်းကို ဒီမှာ ရေးထားဖူးပါတယ်။



9.

စာလေး တစ်ကြောင်း ဖတ်လိုက်ရတယ်။

" လူတိုင်းရင်ထဲ ရင်ဘက်ထဲမှာ ရာသီတွေ မတူညီတာကို ကျွန်မ နားလည်မိပါသည်။ "

ဒါဆို ကိုယ့်ရဲ့ အပြုံးက တခြားလူတစ်ယောက်ရဲ့ ရင်ထဲက ရာသီဥတုကို လှပအောင် အထောက်အကူသာ ဖြစ်ခဲ့မယ် ဆိုရင် ပြုံးနေသင့်ပါတယ်။ ဒီလိုသာ ဆိုရင် ကျွန်တော်လည်း Special One အတွက် ပြုံးနေပါမည်။ ကျွန်တော့် အပြုံးကြောင့် သူ့ညတွေ လှပပါစေ။


( အထက်ပါ စာသားလေးကို ညီမ မြလေးသျှင် ရဲ့ ပူအိုက်သော အေးမြခြင်း တစ်မျိုး ဆိုသော စာမှ ယူပါသည်။ )



10.

ငယ်ငယ်က ကြားခဲ့ဖူးတယ်။
သူများကို လက်ညှိုးတစ်ချောင်းထိုးရင် . . .
ကိုယ့်ဘက်ကို လက်သုံးချောင်းက ပြန်ထိုးနေသတဲ့။

တစ်နေ့တော့ သူက ပြောတယ်။
" ဖြစ်ခွင့်ရမယ် ဆိုရင် ပိုချစ်တတ်တဲ့သူ " သူ " ဖြစ်ပါစေ။ " တဲ့။
အဲဒီလို " သူ " ဆိုသော လက်ညှိုးနဲ့သာ ထိုးခဲ့မယ် ဆိုရင် . . .
ပြတ်ပြတ်သားသား ခံယူလိုက်ချင်ပါသေးတယ်။



11.

ဟိုးအရင်က ဒေးဗစ် ဘက်ဟမ်း ပြောခဲ့တဲ့ စကားလေးကို သတိရမိတယ်။
' ကျွန်တော်နဲ့ ဆုံခဲ့ဖူးသမျှ မိန်းကလေးတွေထဲမှာ ဗစ်တိုးရီးယားက ပထမဦးဆုံးသော ဆံပင် အနက်ရောင် နဲ့ မိန်းကလေးပါပဲ။ ' တဲ့။ ပြီးတော့ ' ကျနော် ရဲ့ ရင်ကို နွေးထွေးအောင် လုပ်နိုင်စွမ်းဆုံးသော တစ်ယောက်ပါပဲ ' တဲ့။

လူတစ်ယောက် အရင်က ဘာတွေ ၊ ဘယ်လောက် ၊ ဘယ်လို ဖြစ်ခဲ့ဖူးတယ် ဆိုတာထက် . . . . အခု အချိန်မှာ သူနဲ့ကိုယ် နွေးထွေးစွာ အတူတူ ဘဝကို လျှောက်လှမ်းနိုင်ဖို့ အဓိကပဲ မဟုတ်လား။ ဝေဖန်သူ အားလုံးက ပြောကြတယ်။ မကြာခင် ဘက်ဟမ်း နဲ့ ဗစ်တိုးရီးယားတို့ ကွဲကြလိမ့်မယ်တဲ့။

ဒါပေမဲ့ . . . အခုတော့ သူတို့ သား သုံးယောက် နဲ့ သမီး တစ်ယောက်ကို ပျော်ရွှင်စွာ ပိုင်ဆိုင်ထားကြတယ်။ ဒီကြားထဲမှာ ကောလဟာလ နဲ့ ပြဿနာ တချို့ ဖြစ်ခဲ့ပေမဲ့ . . . ယုံကြည်မှုကြောင့် သူတို့ ဖြတ်သန်း ကျော်လွှားနိုင်ခဲ့တယ်။ ဒါကို သူများတွေ ဘယ်လိုပဲ ပြောနေပါစေ။ ကျွန်တော်ကတော့ " အချစ်စစ် " တစ်ခုလို့ပဲ သတ်မှတ်တယ်။



12.

သူပြောမှ ကိုယ့်လက်ကိုကိုယ် ပြန်သတိထားမိပြီး အမြတ်တနိုး တန်ဖိုးထားမိလာတယ်။ ဒီအချိန်က စပြီး ကိုယ့်လက်လေးကို အထိခိုက် မရှိအောင် ထိန်းသိမ်းရတော့မယ်။ ဒီလက်လေးနဲ့ ချစ်ရတဲ့သူကို ဘဝ တစ်လျှောက်လုံး လက်တွဲ ခေါ်သွားရမှာ မဟုတ်လား။ ဒီလက်လေးက သူ့အတွက်ပါပဲလေ။


ဒီနေရာမှာ ညွှန်းထားတဲ့ လက်ဆိုတာက ဒီမှာ ပါ။ တခြားလက်တွေနဲ့ မှားကုန်မှာ စိုးလို့ပါ :P



နိဂုံး

လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်မျိုးစီ ရှိတတ်ကြသည်။
ဒီလိုပဲ ကျွန်တော့်မှာလည်း စိတ္တဇ တစ်ခုတော့ ရှိပါသည်။



ဒီပို့စ် တစ်ခုလုံးကို အဓိက အားဖြင့် ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ အတွက်ပဲ ရည်ရွယ်ပါတယ်။


*** ကျွန်တော့်ရဲ့ စိတ်ခံစားမှု အတိုင်း ရေးထားတာ ဖြစ်လို့ နားလည်နိုင်ကြပါစေဗျာ။ ***


လေးစားစွာဖြင့်
ကိုဇော်
1.11.2011 
.
Share/Bookmark