ကျွန်တော် အခု ရေးထားတဲ့ ဝတ္ထု နောက်ဆက်တွဲလေးကို အခုမှ ကျွန်တော့် ဘလော့ကို လာဖတ်သူတွေ အနေနဲ့ နားလည်ဖို့ ခက်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အနေနဲ့ ဖတ်သွားမယ် ဆိုရင်တော့ ဖတ်လို့ ရပေမဲ့ ဒီ့ထက်ပိုပြီး အတွင်းကျကျ နားလည်ချင်တယ် ဆိုရင်တော့ အခု ကျွန်တော် ပေးတဲ့ လင့်လေးတွေကို အရင် ဖတ်စေချင်ပါတယ်။
ဒီပို့စ်လေးတွေကို အစဉ်အတိုင်း ဖတ်သွားလို့ ရနိုင်သလို တစ်ပုဒ်ချင်းစီ မဖတ်ချင်ဘဲ တစ်ခါတည်း ဖတ်ချင်သူတွေ အတွက် ကျွန်တော် ပို့စ် အားလုံးကို စုစည်းပြီးတော့ Ebook လေး လုပ်ပေးထားတာ ရှိပါတယ်။ ဒါကိုတော့ . . . .
ဒီပုံလေးကို နှိပ်ပြီးတော့ သွားဒေါင်းကာ ဖတ်နိုင်ပါတယ်။ ဒါစာလေးတွေကို ဖတ်ပြီးပြီ ဆိုရင်တော့ . . . .
ဟုတ်ကဲ့ . . . အခု အောက်မှာ ဆက်ရေးမှာက အဲဒါတွေရဲ့ အဆက်ပါပဲ။
နှလုံးသား ပျောက်ဆုံးရာ
" အင်း . . . ဟလို "
ရုတ်တရက် ဖုန်းမြည်သံကြောင့် အိပ်ပျော်နေရာမှ ထရင်း ဖုန်းကို လှမ်းထူးလိုက်မိ၏။
" - - - - - "
တစ်ဘက်က ဘာသံမှ မကြားသေး။ ဒါကြောင့် . . . .
" ဟလို . . . . ဟလို . . . ."
" ဟလို . . . ဟေ့ကောင် . . . ငါကွ "
အာ . . . အိပ်ချင်မူးတူးကြောင့် ခေါင်းမကြည်ရတဲ့ အထဲ အဲဒီလို ဖုန်းထဲကနေ " ငါကွ " တို့ ၊ " ငါလေကွာ " တို့ ၊ " ငါပါဟ " တို့ ဆိုတာတွေကို အတော်ကို စိတ်လေမိသည်။ လူချင်း မြင်နေရတာမှ မဟုတ်ဘဲ။ ဘယ်လိုလုပ် မှတ်မိမလဲ။ " မောင်ခွေး " ဆို " မောင်ခွေး " ၊ " ဒေါ်ပုရစ် " ဆို " ဒေါ်ပုရစ် " ဆိုပြီး မိတ်ဆက်ပေါ့။ အခုတော့ မမြင်ရဘဲ အသံနဲ့ လာပြီးတော့ " ငါ က လာ ကွ " နေရသေး။
" ဘယ်က ငါကွလဲ။ နာမည်ပြော . . . . "
ခပ်တင်းတင်းပဲ ပြန်ပြောလိုက်မိ၏။ ဒီတော့မှ တစ်ဘက်က ဖုန်းထဲက အသံက ခပ်ဂျစ်ဂျစ် ရယ်သံနဲ့ အတူ ထွက်လာ၏။ ထိုသူကို ရင်းနှီးတယ် ဆိုပေမဲ့ ရုတ်တရက်တော့ အသံ နဲ့ လူကို မတွဲမိသေး။
" အဟဲ . . . . ကိုဒေါသကလည်း လုပ်ပြီ။ ငါပါကွ သန်းထိုက် . . သန်းထိုက် . . . မင်းရဲ့ ဆရာ . . . သန်းထိုက် "
အာ . . . ဒီကောင် လုပ်လာပြန်ပြီ။ ဘယ်ကနေ လှမ်းဆက်တာလဲ မသိ။
" သြ . . . ငါ ထင်တော့ ထင်သားပဲ။ လက်စသတ်တော့ ငါ့တပည့်လေး သန်းထိုက်ကိုး။ မင်း အခု ဘယ်ကို ရောက်နေတာလဲ ဟေ့ကောင် "
" အောင်မာ . . . မင်းတပည့်ပဲ ဖြစ်ရသေးတယ်။ ငါအခု ချီလီကကွ "
" ဘာကိစ္စလဲ ဟေ့ကောင် ၊ ငါ အိပ်နေတာ . . ."
" အေး . . ငါ ထင်တော့ ထင်သားပဲ။ ဒါပေမဲ့ ငါလည်း ပျင်းနေလို့ လှမ်းဆက်လိုက်တာ . . . "
သူပျင်းတာနဲ့များ အိပ်နေတဲ့ လူကို လှမ်းနှိုးရသတဲ့။
" မင်းပျင်းနေပေမဲ့ ငါ မပျင်းအားဘူး ဟေ့ကောင် ၊ ငါ အိပ်စက် အနားယူနေတယ်။ "
" ဟ ဟ ဟ ဟ . . . . မင်းစကားထဲမှာလည်းကွာ ဟေ့ကောင် ၊ ဟေ့ကောင် ဆိုတဲ့ အသုံးတွေ အရမ်းများနေပါလား။ "
" အေး . . ဒီတော့ မင်းက ဘာဖြစ်လဲ။ ဘာပြောချင်လဲ။ "
" အင်း . . . . ."
ဆိုကာ သူက ညည်းသံကို အရှည်ပြုသည်။ တွေးတွေးဆဆ ပြောတော့မယ် ဆိုသော သဘော။ မြန်မာဗီဒီယို ဇာတ်ကားတွေ ထဲကလို ဆိုရင်တော့ဖြင့် မုတ်ဆိတ်မွှေးကို လက်ဖြင့် ပွတ်သပ်နေမလား မသိနိုင်။
" ဘာအင်းလဲ ဟေ့ကောင် . . . ."
" အင်း မဟုတ်မှ လွဲကွာ ၊ မင်း မအိပ်ခင်မှာ တစ်ယေက်ယောက်နဲ့ အကြာကြီး စကားပြောနေခဲ့တဲ့ ပုံပဲ။ "
ဒီကောင် ရမ်းတုပ်တာပဲ ဖြစ်မှာပါ လို့ ကိုယ့်ဖာသာ အားပေးပြီး ခပ်တည်တည် ဆက်မေးလိုက်၏။
" ဘာကို ငါက တစ်ယောက်ယောက်နဲ့ စကား အကြာကြီး ပြောခဲ့ရမှာလဲ။ "
" ဟဲဟဲ . . . အခု အခု ပြန်ပြောတဲ့ ပုံစံကိုက အငြင်း ဆိုတာထက် အမေး ပုံစံ ဖြစ်နေတယ်။ "
" ဟာ . . . မင်းကတော့ လုပ်လာပြန်ပြီ။ "
" ဟဲ ဟဲ ဟဲ ဟဲ . . . ."
ကျွန်တော့်ရဲ့ အသံကို သူက အောက်သိုးသိုး ဂျစ်တစ်တစ် ရယ်သံဖြင့် တုံ့ပြန်သည်။ ဆက်ပြောရင် ပေါ်ကုန်တော့မှာ စိုးလို့ ကျွန်တော် ဘာမှ ဆက်မပြောဘဲ ငြိမ်နေလိုက်မိသည်။
" ဘယ်လိုလဲ ငါ ပြောတာ ဟုတ်တယ် မဟုတ်လား။ "
" ဘာကိုလဲ ဘာကို ဟုတ်ရမှာလဲ။ "
" သြော် . . . မင်း မအိပ်ခင်မှာ တစ်ယောက်ယောက်နဲ့ စကား အကြာကြီး ပြောခဲ့တယ် ဆိုတာလေ။ ပြီးတော့ ငါ့ အထင်သာ မမှားခဲ့ဘူး ဆိုရင် သူနဲ့မင်း ကြည်ကြည်နူးနူးကို စကားပြောခဲ့တာပဲ ဖြစ်ရမယ်။ ပြီးတော့ . . . . "
သူက စကားကို ရပ်ထားပြီး ဖုန်းထဲကနေ အောက်ကလိ အာသော အသံဖြင့် တစ်ဟင်းဟင်း ရယ်နေလေသည်။
" ပြီးတော့ . . . ဘာဖြစ်လဲ။ "
ကျွန်တော်က မနေနိုင်စွာ မေးလိုက်မိသည်။
" ဟဲ ဟဲ ဟဲ . . . ပြီးတော့ အဲဒီလူကလည်း မင်းရဲ့ " နှလုံးသား ရှိရာ " ဝတ္ထုထဲက ဇာတ်ကောင်ပဲ ဖြစ်ရမယ်။ "
" ဟင် . . . "
အံ့သြမှုကို ဘယ်လိုမှ ကျွန်တော် မထိန်းသိမ်းနိုင်တော့ပါဘူး။ ကျွန်တော့်ဆီကို နွယ့် ဆီမှ မေးလ် ရောက်လာပြီး နှစ်ပတ်ကျော်မှ ကျွန်တော်နဲ့ နွယ် ပြန်စကားပြောဖြစ်ခဲ့၏။ ဒီလို စကားပြောဖြစ်ခဲ့သော နေ့ရက်မှ စကာ ရေတွက်မယ် ဆိုရင် ဒီနေ့ဟာ ငါးရက်မြောက်သော နေ့သာ ဖြစ်သည်။ ကျွန်တော်နဲ့နွယ် အဆက်အသွယ် ပြန်ရခြင်းကို ကျွန်တော်က လွဲလို့ ဘယ်သူမှ မသိနိုင်ပေ။ သိလည်း သိစရာ မလိုဘူးဟု ကျွန်တော် ခံယူမိသည်။ ကျွန်တော် သေဆုံးခဲ့တာ နှစ် အတော်ကြာခဲ့ရပြီ မဟုတ်ပါလား။
အခုတော့ ရက်ပိုင်း အတွင်းမှာကို ပင်လယ်မှာ ပျော်နေတဲ့ ကျွန်တော့် သူငယ်ချင်း သန်းထိုက်က လာသိနေပါရောလား။ ဟင့်အင်း . . . မဖြစ်နိုင်ဘူး။ သူ ထင်ရာကို စကားနှိုက်ချင်လို့ ကျွန်တော့်ဆီက " စကားအစ် " တာပဲ ဖြစ်ရမယ်။ သို့သော် . . . သူ့လေသံက အရမ်းကို သေချာတဲ့ လေသံ. . . ။
" ဟုတ်တယ် မဟုတ်လား။ ငါ ပြောတာကို မင်း လက်ခံတယ် မဟုတ်လား။ ငြင်းရော ငြင်းချင်သေးလို့လား။ "
" မင်းက ဘာ အထောက်အထားတွေနဲ့ ငါ့ကို စွပ်စွဲချင်ရတာလဲ။ "
" ငါက အရမ်းတော့ ပြောတာ မဟုတ်ပါဘူးကွာ။ သေချာတော့လည်း မသိဘူး။ ဒါပေမဲ့ မင်းရဲ့ နှလုံး ပြတင်းပေါက်ကနေ လှစ်ဟနေတဲ့ အရာတွေ အားလုံးကို ခန့်မှန်းပြီးတော့ ပြောလိုက်တာပါကွ။ "
သူ ဒီလောက် သူများစိတ်ကို ဖတ်တတ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ချင်ပေမဲ့ ပါးရည်နပ်ရည် ရှိသူ တစ်ယောက် ဆိုတာတော့ ကျောင်းတုန်းက သူ့အရည်အချင်းတွေကြောင့် ကျွန်တော့် လက်သင့်ခံရပေလိမ့်မည်။
" - - - - - - - "
" ဟုတ်တယ် မဟုတ်လားကွ။ ဘာလို့ အသံတိတ်သွားရတာလဲ။ "
" ဘာမှ အသံမတိတ်ပါဘူး။ မင်း ရမ်းသမ်းပြောတိုင်း ငါက ဝန်ခံရမှာလားကွ။ "
" ဟားဟားဟား . . . ရမ်းသမ်း ပြောတယ် . . . . ၊ ဝန်ခံတယ် . . . . ဟားဟားဟား . . . "
" ဘာလဲ ဘာကို ရယ်တာလဲကွ။ "
" မင်း ဒီလိုတွေ ပြောလိုက်ကတည်းက မင်းမှာ ဖြစ်နေတယ်လို့ ဝန်ခံလိုက်တာပဲပေါ့။ ကိုဇော်ရာ . . . မင်းက ဟိုးအရင်ကလည်း မလိမ်တတ်ပါဘူး။ အခုလည်း မင်း မလိမ်တတ်သေးပါဘူး။ မင်း မှတ်ထား . . လိမ်တယ် ဆိုတဲ့ လူက ဟန်ဆောင်ကောင်းရတယ်ကွ။ မင်းက ဟန်ဆောင်တတ်တဲ့ လူမှ မဟုတ်တာကွ။ မင်းပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းသာ နေစမ်းပါ။ "
" ဟူး . . . . "
ထိန်းချုပ်ထားရင်းကကို သူနဲ့ စကားပြောနေရင်း လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။ ကျွန်တော်လည်း ရင်ထဲမှာ ထိန်းချုပ်ထားရလို့ မွန်းကျပ်နေခဲ့တာပဲ မဟုတ်လား။
" ငါပြောတာတွေ ဟုတ်တယ် မဟုတ်လား။ "
" ဟုတ်တယ် သန်းထိုက် ၊ အမှန်ပဲ။ ငါ အခု နွယ့်ဆီက အဆက်အသွယ် ရတယ်။ ပထမတော့ သူ့ဆီက ပို့တဲ့ မေးလ်တစ်စောင်ပါပဲ။ ငါ အမှန်အတိုင်း ပြောရရင် ငါ သူ့ကို ကြောက်နေတယ် သူငယ်ချင်း။ "
" အမ် . . . ဘာကို ကြောက်ရတာလဲ။ "
" မသိဘူးကွ။ ငါ့စိတ်ထဲက ဖြစ်နေတာကို ပြောတာပါ။ ဒါကြောင့် သူပို့တဲ့ မေးလ်တွေကို ငါ ဖတ်ပြီးတော့ ဖျက်လိုက်တယ်။ Reply လည်း မပြန်ဖြစ်ဘူး။ "
" ဒီတော့ . . . . "
" ဒီလိုနဲ့ နှစ်ပတ်လောက် ကြာတယ်။ သူနဲ့ ငါနဲ့ မတွေ့ဖြစ်ဘူး။ တစ်ရက်တော့ သူနဲ့ ငါနဲ့ လိုင်းပေါ်မှာ တွေ့ဖြစ်တယ်။ အဲဒီနေ့က စပြီးတော့ သူကလည်း သူနဲ့ငါ ဒီကြားထဲမှာ ဝေးကွာနေရတဲ့ အကြောင်းတွေ အဖြစ်အပျက်တွေကို ပြန်ပြောပြတယ်။ နောက်တော့ . . . . . "
" နောက်တော့ . . . ပြန်လည် ဇာတ်ပေါင်းထုပ်တယ် ဆိုတဲ့ သဘောပေါ့လေ။ "
" - - - - - - - "
" ဟုတ်တယ် မဟုတ်လား။ "
" ဇာတ်ပေါင်းထုပ်တယ် လို့ မဆိုနိုင်ပေမဲ့ ငါတို့ အရင်က တိမ်မြှုပ်နေတဲ့ သံယောဇဉ် အဟောင်းလေးတွေကို ပြန်လည်တူးဖော်ဖြစ်ကြတယ်။ "
" ဟားဟားဟား . . . မင်းကွာ။ စာရေးဆရာဂျီးလို့ မပြောရဘူး။ စကားလုံးတွေ လာပြီး နုဖတ်နေပြန်ပါပြီ။ ပြန်လည် ပေါင်းစည်းဖို့ ၊ ဇာတ်ပေါင်းထုပ်ဖို့ ပြင်ရင် ပြင်နေကြတယ်ပေါ့ကွာ။ ငါ့ကတော့ ဒဲ့ပဲပြောတတ်တယ်နော်။ မင်းလို့ စကားလုံး လှလှလေးတွေနဲ့ ကာဗာတွေ ယူမနေဘူး။ "
" ငါကလည်း ငါ ပြောတတ်သလို ပြောတာလေကွာ။ "
" အင်း . . ထားပါတော့။ အခု မင်းတို့ နှစ်ယောက် အခြေအနေက ဘယ်လို အခြေအနေ ပြန်ရောက်နေပြီလဲ။ "
" အမှန်အတိုင်း ပြောရရင် ငါ သူ့ကို ကြောက်တယ် . . . အဲ . . ကြောက်တယ် ဆိုတာထက် လန့်တယ် ဆိုတာက ပိုများမှာပေါ့လေ။ ဘာမှ အကြောင်းပြချက် မရှိဘဲ ၊ ငါ့ကို နှစ်နဲ့ချီပြီး ထားခဲ့တယ်။ အခုတော့ လာပြီးတော့ ပြန်ဇာတ်လမ်းဆက်တယ် ဆိုတာ ဘာကြောင့်လဲ ဆိုတာ ငါလည်း သိချင်တယ်။ ပြီးတော့ သူ့ဘက်က အချစ်စစ်နဲ့ ချစ်နေခဲ့လို့ ဆိုရင်တောင်မှ ဘယ်တော့ သူ ပြန်ထားခဲ့မလဲ ဆိုတဲ့ လန့်တဲ့ စိတ်က ငါ့မှာ ပိုတယ်။ "
" ဒီတော့ . . . . "
" ဒါပဲလေ။ ဒီတော့ ဆိုပြီးတော့ ဆက်ပြောစရာ မရှိပါဘူး။ "
" မင်းက လန့်တယ်သာ ပြောတာ သူနဲ့ မပြောဘဲရော နေနိုင်လို့လား။ "
" ငါ အခု သူနဲ့ မပြောရ မနေနိုင် ဖြစ်နေတာ မဟုတ်ဘူး။ သူနဲ့လည်း နေတိုင်း မပြောဖြစ်ပါဘူး။ ပြောဖြစ်တိုင်းလည်း ဟိုးအရင်ကလို အချစ်အကြောင်းတွေချည်းပဲ ထုံသင်းနေအောင် ပြောနေတာ မဟုတ်ဘူး။ အခုနောက်ပိုင်း ပြောဖြစ်ရင်လည်း အလုပ်အကြောင်းတွေ ၊ တခြားသော လူတွေရဲ့ စိတ်တွေအကြောင်း ဒါတွေပဲ ပြောဖြစ်ကြတာ။ "
" နေ့တိုင်း ပြောဖြစ်တယ်တော့ မဟုတ်ဘူးပေါ့။ "
" ဟုတ်တယ် . . . နေ့တိုင်း မပြောဖြစ်ဘူး။ လိုင်းပေါ်မှာ တွေ့မှပဲ ပြောဖြစ်တာ။ "
" - - - - - - - - "
" ဒါပါပဲ . . . "
" - - - - - - - - "
" - - - - - - - - "
ကျွန်တော့် စကားဆုံးတော့ နှစ်ယောက်လုံး စကားလုံးတွေ ကုန်ဆုံးသွားသလို တိတ်ဆိတ်သွား၏။ တိတ်ဆိတ်ခြင်းကပဲ ကျယ်လောင်သော အသံတွေကို သယ်ဆောင်လာသလို ကြာလာတာနှင့်အမျှ နားထဲမှာ ဆူညံလာ၏။
" ကိုဇော် . . . "
" ဟေ . . . ဘာလဲ . . . "
" အင်း . . . . "
" ဘာလဲကွ . . . "
" ငါ ပြောရင် ကောင်းမလား စဉ်းစားနေတာ . . . . "
" ပြောလေကွာ။ ငါနဲ့မင်းနဲ့က ပြောရမလား ဆိုပြီးတော့ စကား ပလ္လင်ခံနေရမဲ့ လူတွေမှ မဟုတ်တာ။ "
" အင်း . . . "
" ပြောစမ်းပါ . . . ဘာပြောချင်နေလို့လဲ။ "
" ဒီလိုကွ။ မင်း " စုန်း " ဆိုတာကို ကြားဖူးလား။ "
" အင်း . . ကြားတော့ ကြားဖူးပါတယ်။ စုန်းတောက်တယ် ၊ စုန်းပြုစားတယ် ၊ စုန်းကဝေ ဘာညာပေါ့။ "
" ဟုတ်ပြီ။ အဲဒီလိုထဲက " ဝမ်းတွင်းစုန်း " ဆိုတာရော ကြားဖူးလား။ "
" အေး . . .ကြားဖူးတယ်။ ဝမ်းတွင်းစုန်းကလည်း ပြုစားတတ်တယ် ဆိုလား ဘာလားပဲ။ "
" ဟုတ်တယ် မှန်တယ်။ သူက ပြုစားတတ်ရုံတင် မကဘူး။ သူ့မှာ ထူးခြားချက်တွေ ရှိတယ်ကွ။ "
" ဟုတ်လား . . ဘာများလဲ လုပ်စမ်းပါဦး။ မင်းက ပြောလိုက်ရင် ထူးထူးဆန်းဆန်းတွေချည်းပဲ။ "
" သိပ်တော့ ထူးခြားလှတယ် မဟုတ်ပါဘူး။ ဝမ်းတွင်းစုန်း ဆိုတဲ့ စကား အတိုင်းပဲ သူတို့က အမိရဲ့ ဝမ်းတွင်းမှာကို အလိုလို စုန်းအတတ် တတ်လာခဲ့ကြတာ။ မွေးရာပါလို့ ပြောရမှာပေါ့။ သူတို့ကို အောက်လမ်းဆရာတွေလိုနဲ့ ဘယ်သူမှ လာသင်ပေးစရာ မလိုဘူး။ သူတို့ဖာသာ လူတစ်ယောက်ကို ပြုစားလို့ ရတယ်။ သူတို့ဖာသာ ပြုစားတတ်နေတယ်။ "
" သြ . . . "
" ဒါက မထူးဆန်းသေးဘူးကွ။ ထူးဆန်းတာက အခုမှ စတယ်။ "
" ဘာများလဲ။ "
" ဝမ်းတွင်းစုန်းတွေက သူတို့ ချစ်ရင်လည်း ပြုစားတတ်တယ် ၊ သူတို့ မုန်းရင်လည်း ပြုစားတတ်တယ် ၊ နောက်ဆုံး သူတို့ ပျော်ချင်ရင်လည်း သူများကို ပြုစားတတ်တယ်ကွ။ "
" ဒီတော့ . . . . "
" သူတို့ရဲ့ ထူးခြားချက်ကတော့ သူတို့ဟာ သူတို့ ပြုစားထားတဲ့ လူတွေကို ဒီအတိုင်း ပြီးပြီးရော ပစ်ထားတတ်လေ့ မရှိဘူးကွ။ သူတို့ ပြုထားတဲ့ လူ ဘယ်လို နေလဲ ဆိုတာကို ပြန်ပြန် လာကြည့်လေ့ ရှိကြတယ်။ "
" ဟုတ်လား . . ဘာဖြစ်လို့လဲ။ "
" ဒါတော့ ငါလည်း သေချာ မသိဘူး။ ဒါပေမဲ့ ငါ့ အထင်တော့ သူတို့ ပြုစားထားတဲ့ လူရဲ့ အခြေအနေကို လာပြီး ပြန်အကဲခတ်တာလို့ ထင်တာပဲ။ "
" ဘာလို့ အကဲခတ်ရတာလဲ။ "
" သြော် . . ဒါကတော့ကွာ. . . ပြုစားထားပါတယ် ဆိုနေမှ . . သူတို့ ပြုစားထားခြင်း ခံရတဲ့ လူ ၊ သူတို့ ပြုစားထားသလို ဖြစ်နေရဲ့လား ဆိုပြီးတော့ ပြန်လာစစ်ဆေးတဲ့ သဘောပေါ့။ "
" ဒီလိုလား . . . "
" ဟုတ်တယ်။ ဒီလိုပဲ။ ဒါကြောင့် ငါကလည်း မင်းကို စုန်းပြုစား ခံနေရတာလားလို့ ထင်နေမိတာ. . . . "
" ဟ . . ဘာဆိုင်လို့လဲ။ "
" ဆိုင်တာပေါ့ကွာ။ စုန်းပြုစား ခံရတဲ့ လူတွေကလည်း သူတို့ကို စုန်းပြုစားနေတယ် ဆိုတာကို သူတို့ ဖာသာ မသိကြဘူးကွ။ သူတို့ကတော့ သာမာန်လို အောက်မေ့ပြီးတော့ နေကြတယ်။ ဒါပေမဲ့ သူတို့ကို ပြုစားထားတဲ့ ဝမ်းတွင်းစုန်းကတော့ သူတို့ကို ပြုစားထားတဲ့ သူ ဆိုတော့ သိတာပေါ့လေ။ ဒီတော့ . . . "
" ဘာဖြစ်လို့လဲ . . . "
" ဒီတော့. . . ငါ ပြုစားထားတဲ့သူ ဘယ်လိုနေလဲ ဆိုပြီးတော့ ပြန်လာလာပြီးတော့ ကြည့်လေ့ ရှိတယ်လေ။ အခု မင်းလည်း ဒီလို ဖြစ်နေပြီ။ မင်းကို ပြုစားထားတဲ့ လူက မင်းကို ဘယ်လို နေလဲ ဆိုပြီးတော့ လာပြန်ကြည့်တဲ့ အချိန်လေးကို မင်းက သာယာနေတယ် မဟုတ်လား။ သူက မင်းကို ချစ်ချင်တဲ့ အချိန်မှာ ချစ် ၊ ပစ်ချင်တဲ့ အချိန်မှာ ပစ် ၊ နောက်ပြီးမှ ငါ ပြုစားထားတဲ့ သူ ဘယ်လိုနေလဲ ဆိုပြီးတော့ မသေမရှင် အချိန်လေးမှာ လာပြီးတော့ ကစားနေတာကို မင်းက အဟုတ်မှတ်နေလား။ "
" - - - - - - - - - "
" လောကမှာ အချစ်ဆိုတာက ထူးဆန်းပါတယ်ကွာ။ အတင်းအကျပ် လုပ်ယူလို့ မရသလို ဇွတ်ကြီးလည်း ဖျက်ဆီးလို့ ရတာ မဟုတ်ဘူး။ အခု မင်းကိုမင်း သေချာ ပြန်မေးကြည့်စမ်းပါဦး။ မင်း သူ့ကိုရော စိတ်ရှင်းရှင်းနဲ့ အရင်လို ချစ်နေတာ ဟုတ်ရဲ့လားလို့ . . ."
" - - - - - - - - "
" ဖြေလေကွာ။ "
" အမှန်အတိုင်း ဖြေရရင်တော့ ဟုတ်တယ် သန်းထိုက်။ ငါ့ရဲ့ စိတ်ထဲမှာလည်း သူနဲ့ ပတ်သတ်ပြီးတော့ အချစ်ဆိုတာ မရှိတော့ပါဘူး။ သူ့ကို ချစ်တဲ့ စိတ်ထက် ထိတ်လန့်မှု ဆိုတဲ့ စိုးရိမ်စိတ်က ပိုများနေပြီ။ သူက မင်း ပြောသလိုပဲ ချစ်ချင်တဲ့ အချိန်မှာ ချစ် ၊ ပစ်ချင်တဲ့ အချိန်မှာ ငါ့ကို ပစ်ထားခဲ့တာပဲလေ။ ဒါပေမဲ့ ဒီလို အခြေအနေကို ဘာလဲ ဆိုတာ ငါ မသိခဲ့ဘူး။ အခု မင်းပြောတော့မှ ငါက " စုန်းပြုစား ခံနေရသူ " ဆိုတာ သိတော့တယ်။ "
" - - - - - - - "
" ပြီးတော့ သူ ငါ့ကို လာလာ စကားပြောတယ် ဆိုတာကလည်း သူ ပြုစားထားတဲ့ လူတစ်ယောက် ဘယ်လိုနေလဲ။ သေလုမျောပါး ဖြစ်နေလား ၊ ငါ့အပေါ် ဘယ်လို ခံစားချက် ရှိနေသေးလဲ ဆိုတာကို လာလာ စစ်နေတယ် ဆိုတာကို ငါ သဘောပေါက်တော့တယ်။ "
" - - - - - - - - "
" ဟ ဟ ဟ ဟ . . . . လောကကြီးက တော်တော် ရယ်ဖို့ ကောင်းတာပဲ။ ငါလည်း ငါ့စိတ်ထဲမှာ တစ်ခုခုကို မှားနေသလိုလို ၊ တစ်ခုခုကို လွဲနေသလိုလို ထင်နေမိတာပဲကွ။ အခုမှ ငါက စုန်းကိုက်ခံနေရတဲ့ လူဆိုတာ သိတော့တယ်။ ပြီးတော့ စုန်း အစာချက်ခံနေရတဲ့ လူတစ်ယောက် ဖြစ်မှန်း မသိ ဖြစ်နေတော့တာပါလား။ "
" - - - - - - - - "
" အိုကေ သူငယ်ချင်း။ ကျေးဇူးတင်တယ် သန်းထိုက်။ မင်းက ငါ့အတွက်တော့ လမ်းပြပေးနိုင်သူ တစ်ယောက်ပါပဲ။ မင်းပေးတဲ့ ဥပမာလေးတွေကလည်း အရမ်းကောင်းပါတယ်။ စိတ်ချ. . . ငါ အရင်က မသိခဲ့လို့ စုန်းကိုက်ခံရတဲ့ လူတစ်ယောက် ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခု အချိန်က စပြီး ငါ စုန်းကိုက်ခံရတဲ့ လူတစ်ယောက် မဖြစ်စေရတော့ဘူး။ "
" - - - - - - - "
" ငါ ဒီနေ့ ဒီအချိန်က စပြီးတော့ ကတိပေးတယ် သန်းထိုက်။ ငါ့ဘဝမှာ ၊ ငါ့ဘလော့ပေါ်မှာ ၊ ငါနဲ့ ပတ်သတ်သမျှ နေရာအားလုံးမှာ နွယ် ဆိုတာ မရှိစေရတော့ဘူး သူငယ်ချင်း။ ငါ့မှာ သူနဲ့ ပတ်သတ်ပြီးတော့ သူ့အတွက် ဆိုပြီး သိမ်းထားတဲ့ External Hard Disk တစ်လုံးပဲ ရှိတယ် သူငယ်ချင်း။ အဲဒီအထဲမှာ သူ့အတွက် ဆိုပြီး ကဗျာလေး တစ်ပုဒ် နဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ် သူငယ်ချင်း။ အခုတော့ ဒီကဗျာနဲ့သီချင်းက ငါ့အတွက် စုန်း အစာ ဖြစ်နေမယ် ထင်တယ်။ "
" - - - - - - - "
" ငါ့ဘဝမှာ စုန်းကိုက်ခံရတာ ၊ စုန်းလာခြောက်လှန့်ခံရတာမျိုး ဘယ်တော့မှ မရှိစေရတော့ဘူး။ "

ကျွန်တော့်မှာ ချစ်သူ တစ်ယောက် ရှိသည်။
( ခွင့်လွှတ်ပါ . . . အမှား ပြင်ပါရစေ။ )
ကျွန်တော့််မှာ ချစ်သူ တစ်ယောက် ရှိခဲ့ဖူးပါသည်။ ကျွန်တော့်မှာ သူနဲ့ ပတ်သတ်သော ဓါတ်ပုံများ ၊ စာများ ၊ ဗီဒီယိုများကို သိမ်းထားသော External Hard Disk လေး တစ်လုံး ရှိခဲ့ဖူးပါသည်။ ထို External Hard Disk လေးသည် သူနဲ့ ပတ်သတ်သော အကြောင်းအရာများကို စုထားခြင်းကြောင့် ကျွန်တော်၏ နှလုံးသားကို တည်ထားရာ နေရာလေးလို့ သတ်မှတ်ကာ " နှလုံးသား ရှိရာ " ဟု ကျွန်တော် အမည် သတ်မှတ်ခဲ့ပါသည်။
သို့သော် သိပ်မကြာခင်မှာ ခင်မင်ရသော သူငယ်ချင်းရဲ့ အကြံပေးမှုကြောင့် ကျွန်တော် နှလုံးသား ရှိရာ ထဲမှာ ရှိနေသော ဓါတ်ပုံများ ၊ စာများ ၊ ဗီဒီယိုများ နှင့် အကြောင်းအရာများကို ကျွန်တော် လုံးဝ ဖျက်လိုက်ပါ၏။ ထိုအထဲမှာ ကမ္ဘာမြေရဲ့ တစ်နေရာမှ ချစ်သူကို ရည်ရွယ်၍ ကျွန်တော် ရေးထားတာသော ကဗျာလေး တစ်ပုဒ် နဲ့ သူ့အတွက် ရည်ရွယ်ထားသော သီချင်းလေး တစ်ပုဒ်ကိုသာ ထည့်ထားပါသည်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ သူနဲ့ ပြန်လည် ဆုံစည်းတဲ့ အခါမှာ ဒီ External Hard Disk လေးကို ပေးမယ် လို့ ရည်ရွယ်ထားခဲ့တာပါ။
အခုတော့ . . . .
ကျွန်တော် နေသော အခန်းက လေးထပ်မှာ ဖြစ်၏။ ဒီထက်လည်း မမြင့်တော့ပါ။ သို့သော် ကျွန်တော့် သူငယ်ချင်းတွေ နေသော အခန်းကတော့ ကိုးထပ်မှာ ဖြစ်သည်။ ဒါ့အပြင် သူတို့ရဲ့ ကွန်ဒိုတိုက်ဟာ ၁၈ ထပ် မြင့်ပါသည်။ ထိုတိုက် ၁၈ ထပ်ပေါ်မှ လှမ်းမျှော်ကြည့်ရင် နီးကပ်နေသော ရေနုတ်မြောင်းကြီးကို မြင်နိုင်ပါသည်။ တစ်ခါတလေ မိုးများကာ ရေစီးသန်သော အခါ ထိုမြောင်းကြီးသည် ငရဲအော်သံလို ဆူညံကာ ရေစီးသန်နေလေ့ ရှိသည်။
ထိုအချိန်မှာ သာမာန် လှေငယ်ဖြင့်ပင် ထိုမြောင်းကြီးထဲ လှော်ခတ်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ရေရဲ့ စီးအားက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလေ့ ရှိသည်။
အခု ကျွန်တော် ရပ်နေသော နေရာသည် ကျွန်တော့် သူငယ်ချင်း နေထိုင်ရာ တိုက်ခန်းရဲ့ အပေါ်ဆုံးထပ် ဖြစ်သော ၁၈ ထပ်ကို ရောက်နေခဲ့တာ ဖြစ်၏။ ကောင်းကင်မှာ တိမ်တွေက မည်းမှောင်ကာ လျှပ်စီးများပင် တလက်လက် ထနေခဲ့သည်။ အသံနဲ့အတူ အားပြိုင်ကာ သွန်ချသလို ရွာသွန်းနေသော မိုးရေတွေကလည်း အင်အားပြင်းထန်လွန်းလှသည်။
မိုးအားကောင်း၍ ရေများရင် ပြည့်လျှံနေလေ့ ရှိသော ရေမြောင်းကြီးသည် တဟဲဟဲ အော်မြည်ကာ မိုးရေများကို မြောင်းရေများ အဖြစ် အသွင်ပြောင်း၍ စီးဆင်းနေလေသည်။ ထိုမြောင်းထဲမှ ရေများပေါ်တွင် တစ်ခါတလေ မျောပါလာတတ်သော ဖော့ဗူးခွံများသည် ခဏတာသာ မြင်ရလိုက်လေ့ ရှိသည်။ ချက်ချင်းဆိုသလိုပဲ ရေစီးအားကြောင့် မြှုပ်သွားလေ့ ရှိသည်။

ကျွန်တော့် လက်ထဲမှာ " နှလုံးသား ရှိရာ " လို့ ကျွန်တော် နာမည် တပ်ထားသော External Hard Disk လေး ရှိနေသည်။ မိုးကောင်းကင်မှာ မိုးက မည်းမှောင်ကာ လျှပ်စီးများ ဝင်းလက်တောက်ပနေ၏။ မြေပြင်ကို ကောင်းကင်မှ ကျလာသော မိုးစက်တွေက ဝရုန်းသုန်းကား နိုင်လှပေသည်။ မြေပြင်သို့ ကျလာသော မိုးစက်တွေ စုစည်းက ရေစီးကြောင်းကြီး အဖြစ် ရေနုတ်မြောင်းကြီး ဆီသို့ စီးဆင်းနေလေသည်။ မိုးရေအား ကောင်းသောကြောင့် ရေနုတ်မြောင်းကြီးထဲမှာ ရေစီးအားကလည်း အလွန် အားကောင်းလှ၏။
ရုတ်တရက် ကျွန်တော့်လက် မြောက်တတ်သွားသည်။ ကျွန်တော့် ဘေးနားမှာ ဘယ်သူမှ မရှိချေ။ ဒါကြောင့် ကျွန်တော် ဘာလုပ်လိုက်တယ် ဆိုတာ ကျွန်တော်က လွဲလို့ မည်သူမှလဲ သိစရာ မလိုအပ်ပါ။ ဒါပေမဲ့ ပြုမူလိုက်သော ကျွန်တော့် လုပ်ရပ်ကိုတော့ ကျွန်တော်သာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။
ကောင်းကင်က မိုးရေကလည်း အားသွန်လျက် ရွာသွန်းနေဆဲ ၊ မိုးရေတွေကလည်း အားကောင်းစွာ မြေပြင်ပေါ်သို့ ကျနေဆဲ ၊ ရေစီးအားကလည်း ရေနုတ်မြောင်းထဲမှာ အားပြင်းစွာ စီးဆင်းနေဆဲ ၊ ကျွန်တော့် လက်ထဲကနေ လွှင့်ပစ်လိုက်သော External Hard Disk လေးက ရေပေါ်ကို ပေါ်နေနိုင်သော အစွမ်းသတ္တိ မရှိပါ။ ဒါကြောင့် ရေ အားကောင်းကောင်းနဲ့ စီးဆင်းနေသော ရေနုတ်မြောင်းထဲသို့ အရောက်မှာ ချက်ချင်း ဆိုသလိုပင် ရေအောက်ထဲသို့ ရောက်သွားပါလိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော် ဘလော့မှာသော်လည်းကောင်း ၊ ကျွန်တော့် ပတ်ဝန်းကျင်မှာသော် လည်းကောင်း ၊ တစ်နေရာရာမှာသော် လည်းကောင်း " နွယ် " နှင့် ပတ်သတ်သော အကြောင်းအရာ တစ်ခုခုကို ရေးဖြစ်ခဲ့ပါက " ကိုဇော် . . . ဝမ်းတွင်းစုန်းတွေမှာ ထူးခြားချက် တစ်ခုရှိတယ်။ " ဟု ဆိုကာ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် သတိပေးစေလိုပါသည်။
မည်သို့ပင် ဖြစ်စေ ကျွန်တော် . . . ကျွန်တော့် စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါသည်။
ဒီပို့စ်ကိုသာ ဖတ်ဖူးပြီး အရင်က ပို့စ်တွေကို မဖတ်ဖူးသေးသော သူများ အတွက် ဒီနေရာလေးကို နှိပ်ပြီး အရင် ဒေါင်းကာ ဖတ်စေချင်ပါတယ်။
လေးစားစွာဖြင့်
ကိုဇော်
31-Dec-2011
11:28 PM
31-Dec-2011
11:28 PM
8 ယောက် ရဲ့ ထင်မြင်ချက်:
အားလုံး စုစုစည်းစည်း ဖတ်လို့ရအောင် ဒေါင်းလိုက်ပြီအကို. ..
ဥပမာပေးပုံလေးက ထိထိမိမိလေးပဲအကို ..ဝမ်းတွင်းစုန်း တဲ့.....
ဟုတ်ကဲ့ အကို တကယ်သတိပေးပါ့မယ်
း)
ခင်မင်လျှက်
မဒိုးကန်
အသက်ရှင်နေသရွေ့ နှလုံးသားက မပျောက်ဆုံးပါဘူးကိုဇော်ရေ.. ပင်ပန်းနွမ်းနယ်လို့ ခဏတာ အိပ်မောကျသွားတာဖြစ်ပါလိမ့်မယ်။ အချိန်တန်တဲ့အခါမှာ နှလုံးသားက လန်းဆန်းစွာ ပြန်လည်နိုးထလာအုံးမှာပါ။ နှစ်သစ်မှာ ကျန်းမာ ရွှင်လန်းပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ (ဆုတောင်းတာ၊ ဆုပေးတာ မဟုတ်ဘူးနော်။) :D
သားဇော်ရဲ့စာတွေဖတ်ရတာ မှတ်သားစရာတွေပဲ။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
သားဇော်ရေ။
မေတ္တာဖြင့်
အန်တီတင့်
အကို့စာဖတ်ပြီးမှ ကျွန်တော်လည်း စုန်းကိုက်တာ ခဏခဏခံခဲ့ရတာ ပါလားလို့ သတိထားလိုက်မိတယ်။။ နားမလည်နိုင်ခဲ့တဲ့ သူ့ရဲ့ အပြုအမူ တချို့ကလည်း ပြုစားထားတာ ဘယ်လောက်ထိ အကျိုး သက်ရောက်လည်း ပြန်ကြည့်နေတဲ့ ဝမ်းတွင်းစုန်းရဲ့ ဓလေ့တစ်ခုဆိုတာ........။။ ဒီစာလေး ဖတ်လိုက်ရတာအတွက် ကျေးဇူးတင်လိုက်တာ။။
ကျနော်လည်း စုန်းကိုက်ခံခဲ့ရဘူးပါတယ်..
ကိုဇော် . . . ဝမ်းတွင်းစုန်းတွေမှာ ထူးခြားချက် တစ်ခုရှိတယ်။
ကိုဇော့်ကို ပြောဖို့ မှတ်ထားပါ့မယ်။ မှန်လိုက်တာကိုဇော်။။။
ခင်မင်လျက်
သဒ္ဓါ
Post a Comment