ဗေဒင် နဲ့ ဝေဟင်
တကယ်တော့ ဘာမှ မတော်ပါ။
ဒီလိုပဲ သူတို့ ကက်ကင်းလည်း မကျ
သူတို့ဖာသာ ယုံကြည်ချက်နဲ့ ရပ်တည်နေခဲ့ကြတာပါ။
တနင်္ဂနွေ ဆိုပြီး . . .
တောင်ပံကို ခပ်ပြင်းပြင်းခတ်
အကြံကုန်တိုင်း ပင်လယ်ကို မျှော်ငေးပြီး
ဆားထိုင်ချက်နေတတ်တဲ့
ဂဠုန် တစ်ကောင်လည်း မဟုတ်ရပါ။
ငယ်စဉ်က သား ၊ ကြီးသော် အား
ငယ်စဉ်က သား ၊ ကြီးသော် ကျား
ဆိုသော ကျားကျားယားယား
တနင်္လာသား တစ်ယောက်လည်း မဟုတ်ရပါ။
ကျွန်တော်က " အင်္ဂါသား " ပါ။
ခြင်္သေ့တို့ရဲ့ ထုံးစံ အတိုင်း
ဇာတိပြတဲ့ အနေနဲ့ တစ်ခါတလေတော့လည်း
ဟိန်းတတ် ၊ ဟောက်တတ်ပါတယ်။
စိတ်ပါလို့ရယ်တော့ မဟုတ်ဘူး ၊ ဗီဇ ကြောင့်ပါ။
ဗုဒ္ဓဟူးတွေလို . . .
အစွယ်ပါ နဲ့ အစွယ် မပါ
နေ့ရက်တွေကို နှစ်ပိုင်းခွဲကာ ငြင်းကြပြီး
သူတို့က ရှေ့မတိုးခင်မှာ . . .
နောက်တစ်လှမ်း ဆုတ်ကြသတဲ့ ၊
ကျွန်တော် နောက်ဆုတ်နေတဲ့ ဆင်တစ်ကောင် မဟုတ်ပါ။
ကြာသပတေး ရဲ့ အရိပ်အယောင်က
ကြွက်တစ်ကောင်လို့ ကြားတိုင်း
ကြွက်သိုး ၊ အိမ်ကြွက် ၊ မြေကြွက် ၊ ကြွက်မြီးတန်း
ဒီလိုတွေ လျှောက်တွေးရင်း
မီးခိုးကြွက်လျှောက် တွေးလို့ကို မဆုံးနိုင်တော့ဘူး ၊
သေချာတာက . . .
ကျွန်တော့်စိတ်တွေ ကြွက်တက်နေခဲ့ပြီ။
သောကြာ . . . ပူးလ် ဆိုတာ
Pooh မဟုတ်ကြောင်း
တချို့သော လူတွေကို ရှင်းပြခဲ့ဖူးတယ်။
သောကြာသားတွေ အောက် . . . .အဲ . .
သောကြာသမီးတွေ အောက် . . . အီး . .
အဲဒီလို လမ်းလျှောက် ဗေဒင် ဆရာတွေလို
ကျွန်တော် ဟိုလိုလို ဒီလိုလို မပြောချင်ပါ။
ပြောချင်တာကတော့ . . .
သောကြာ သားသမီးတွေဟာ မွေးရာပါ ကံကောင်းကြပါတယ်။
စနေတွေကို ဂြိုလ်ရှိန်ကြီးတယ်လို့ ယူဆရာကနေ
သူတို့က နေရင်းထိုင်ရင်း ပါဝါတက် လာတတ်ကြတယ်။
စနေကို နဂါးနဲ့ နှိုင်းတတ်ကြလေတော့ . . .
သူတို့ကလည်း နဂါး ဖြစ်တာရော ၊ ဂြိုလ်ကြီးတာရောကြောင့်
တဆိတ်ရှိ အမောက်လေး တထောင်ထောင် ဖြစ်နေတတ်ကြတယ်။
စိတ်မရှိပါနဲ့ . . . ကျွန်တော် ပြောပြပါ့မယ်။
နဂါးနိုင် ဂါထာ ကျွန်တော့်မှာ ရှိပါတယ်။
နဂါးတွေနဲ့ ဆုံရင် သူတို့နဲ့ တည့်တည့်မှာသာ ရပ်ပြီး
မျက်လုံးချင်းတည့်တည့်သာ ကြည့်ပြီး ဆက်ဆံပါ။
ဘေးမှာတော့ မရပ်မိစေနဲ့။
ချစ်သူ ကောင်မလေး ဆိုရင်တော့ ပိုဆိုးပြီပေါ့. . .
ဘာလို့လဲ ဆိုတော့ " နဂါး မျက်စောင်း " ဆိုတာ အကြောင်း သုံးပါး မရွေးဘူး။
မတော် တရော်ဗျာ . . .
ခင်ဗျား နှလုံးသား အရည်ပျော်ကျသွားလိမ့်မယ်။
ဟိုတလောက
ရှေးဟောင်းသမိုင်းကို ဖတ်လိုက်ရတော့ . .
ယတြာ ကောင်းရင် မင်းလောင်းပျောက်တယ် ဆိုပဲ။
ထိုယတြာဆရာက ပေးလိုက်တာ . . .
ထိုမင်းလောင်းအတွက် " အဆိပ် " . . တဲ့။
အင်း . . . တယ်ကောင်းတဲ့ ယတြာပါပဲ။
ဟိုတလောက
သူငယ်ချင်း တစ်ယောက်ပြောတော့
မျက်လုံးပြူးပြီး အံ့သြမိသေးတယ်။
နိမိတ်တဲ့ ၊ ဓါတ်တဲ့ ၊ ယတြာတဲ့ . .
သူ ခပ်သာသာ ပြောသွားတယ်။
မြန်မာနိုင်ငံကို ပိတ်ထားတဲ့ . . .
အဲ . . ဆံရှင် ဆိုလား ၊ ဆံရှည် ဆိုလားကို ပြန်ရအောင် . .
ဓါတ်ဆင်တဲ့ အနေနဲ့ . . .
ခေါင်းဆောင်ရဲ့ ခေါင်းမှာ ဆံပင်ရှားသူကို တင်ရမယ် တဲ့လေ။
သူ ပြောတာကို နားထောင်ပြီး . . .
ကျွန်တော်လေ . . နားထောင်နေတဲ့
နားတွေအစား လက်ကောက်ဝတ်တွေ ယားလိုက်တာ။
အဲဒါနဲ့ . . . ကျွန်တော်က
လူတွေ စုပြုံတိုးနေတဲ့ ရက်ရာဇာမှာ
အလှူခံချင်လာတယ်။
ပြဿဒါးရက်မှာ
သူများတွေ အလှူ နားထားတုန်း ပြန်လှူချင်လာတယ်။
ပုဏ္ဏားနတ်သမီး ရကိန်းပဲ ဖြစ်ဖြစ်
မုဆိုးရွှေအိုး ရကိန်းပဲ ဖြစ်ဖြစ်
သူများ အသက်သတ်ရင်တော့ ငရဲပဲ။
ဒီလိုပဲ . . . .
သွေးအံကိန်းပဲ ဖြစ်ဖြစ်
မြေမျိုကိန်းပဲ ဖြစ်ဖြစ်
နဂါးခေါင်း ဘယ်ဘက်ကို လှည့်လှည့်
ကောင်းမှု လုပ်ဖို့သွားရင်တော့ ကုသိုလ်ရမှာပါပဲ။
ခက်တော့ ခက်တယ်ဗျာ. . . .
ဒီလိုတွေ လျှောက်တွေးရတာကိုက
အနေအထိုင်တွေက မကျ
စကားပုံတွေ . . . မ . . လှ . . တော့ . . . ဘူး . . . ။
ကိုဇော်
21-Nov-2011
10 ယောက် ရဲ့ ထင်မြင်ချက်:
ဟဲဟဲ အကို ဒါတွေရတယ်လား
ဝါသနာပါလို့ လုပ်ပါဦးး)
ခင်တဲ့
မဒိုးကန်
ဟီး..ဟီး.. ဆံရှားတဲ့သူကို ခေါင်းပေါ်တင်ရတဲ့ ယတြာကို မျက်စေ့ထဲ မုန့်တီဟင်းလို မြင်ယောင်သွားတယ်။ ပင်ကိုယ်စန်းကြောင့်လား
ယတြာကောင်းကြောင့်လား ...
ဝဋ်ကြွေးကိုတော့ ယတြာသုံးပြီး ရှောင်ပြေးလို့မရဘူးနော့...း))
အရမ်းလန်းတဲ့ မော်ဒန်လေးပဲ
အားပေးလျက်ပါ
ရက်ရွေးနေပြီထင်တယ်၊
ဆံပင်ညှပ်ဖို့းD
ရေးထားတာ ကောင်းတယ်ဗျာ
နော်က နဂါးမလေးဗျ
ခဏခဏ အမောက်ထောင်ပြတာ ၀ါသနာပါတယ်.. :P
အတွေးလေး ကောင်းတယ် အကို။ ရေးတတ်လိုက်တာ
ခင်လျက်
ဒီနေခ
ကိုဇော်ရေ
မထင်ထားဘူးအေ
ဒါမျိုးလေးတွေလဲ ရတာလားအေ
ခင်ခင်မင်မင် အေ jasmine
သားဇော်က ဒီလိုမျိုးတွေလည်း ရပေသကိုးး))
မာမီကစနေလေ 'တဆိတ်ရှိ အမောက်လေး တထောင်ထောင် ဖြစ်နေတတ်ကြတယ်' ဆိုလို့း))
ဒီလိုကဗျာလေးတွေ များများစပ်ပါအုံး ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုဇော်ရေ.
ခုမှစာလာဖတ်ရလို့ ဆောရီး။ "စကားပုံပျက် ကဗျာ" လေးက အရမ်းကောင်းတယ်။ ကောင်းတာလုပ်တဲ့နေ့တိုင်းက ရက်ရာဇာပါပဲလေ။ (သဒ္ဓါယုံကြည်တာလေးပါ)။
ခင်တဲ့
သဒ္ဓါ
ကောင်းတာလုပ်တဲ့ရက်က ရက်ရာဇာပဲပေါ့။။
ဒါနဲ့စကားမစပ် အင်္ဂါသားတွေ ဟိန်းဟောက်တတ်တာ ရာသီခွင်အလိုအရပါ ဆိုတာကို တချို့တွေနားလည်အောင် ရှင်းပြဖို့ အကို့ကို အကူညီလာတောင်းဦးမယ်ဗျာ.. :P။။
Post a Comment