မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 August 2011

29 ဘလော့ဒေး ( Tag )



တကယ်တော့ ကျွန်တော်ဟာ အူတူတူ ၊ အတတ ဆိုတဲ့ ကျွန်တော့်ရဲ့ မူရင်းစွဲ လက်ကိုင် ပုံစံအတိုင်း ဘလော့ လောကထဲကို အူလည်လည် ရောက်ရှိလာခဲ့တာပါ။ ဘလော့ . . . ဘလော့ . . . ဆိုပြီး သူများတွေ ပြောနေကျပေမဲ့လည်း ကျွန်တော်က တကယ်ကို ဘာဆို ဘာမှ မသိခဲ့ပါဘူး။ အခုလို ဘလော့ဒေး ဘာညာဆို ပိုလို့တောင်မှ ဝေးရောပေါ့ဗျာ။ ကျွန်တော် တကယ်ကို မသိပါဘူး။ ကျွန်တော်က ကျွန်တော် ရေးချင်တာကိုပဲ သိခဲ့တဲ့ လူတစ်ယောက်ပါ။

ဘလော့ ဆိုတာနဲ့ ကျွန်တော့် ပထမဦးဆုံး ရင်းနှီးခဲ့တာက ကျွန်တော့်ရဲ့ အစ်မကြီးလို အစစ အရာရာ သွန်သင်ပေးတတ်တဲ့ အစ်မ “ မေမဒီ ” ရဲ့ ဘလော့ကနေ ဘလော့ဆိုတာကို သိခွင့်ရခဲ့တာပါ။ စာအကြောင်း ပေအကြောင်းတွေ ပြောရင်းနဲ့ ဘလော့ရေးပါလား ဆိုပြီး အစ်မက သူ့ဘလော့လေးကို ပြခဲ့တာပါ။ ဒါပေမဲ့ အစ်မက ဘလော့သာ လုပ်ပြီး ရေးတာပါ ၊ ဖြစ်ချင်တော့  မြန်မာ လက်ကွက် တောင်မှ မရေးတတ်ပါဘူး။ မောက်စ်လေးနဲ့ ထောက်ပြီး ရေး ၊ ကော်ပီကူးပြီးမှ ခက်ခက်ခဲခဲနဲ့ ဘလော့ကို ရေးတင်ရတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ အလွန်ကို အလုပ်များသူ တစ်ယောက်ပါ။ ဒါကြောင့် သိပ်လည်း ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ဒီလို ဘလော့လေးကပဲ နှစ်ပေါင်းများစွာ ပြာဖုံးနေတဲ့ ကျွန်တော့်ရဲ့ စာရေးချင်စိတ်ကို ခပ်ပြင်းပြင်း ယပ်ခတ်ထုတ်ကာ မီးတောက်လေး ပေါ်လာစေခဲ့တာပါပဲ။ ဒါနဲ့ပဲ ကျွန်တော် စာရေးမယ် ဆိုကာ ဘလော့လေး တစ်ခုကို တောင်လုပ် မြောက်လုပ်နဲ့ လုပ်မိပါတော့တယ်။ ဘလော့သာ ပြီးတယ် ဘလော့စရေးသူတွေရဲ့ ထုံးစံ အတိုင်း ဘာအကြောင်းအရာကို ရေးရမှန်း မသိ။ ကျွန်တော်က များသော အားဖြင့် လူ့ဘဝရဲ့ သာမာန် ဖြစ်ရပ်တွေကို သူများတွေ ရှု့မြင်လေ့ မရှိတဲ့ တခြားသော ဘက်က ရှု့မြင်ပြီး ပျော်ရွှင် ရယ်မောတတ်သူ ဆိုတော့ ဒီလို တွေးမိတဲ့ အကြောင်းလေးတွေကို ရေးရင် ကောင်းမလား ရယ်လို့ စဉ်းစားမိပြန်ပါတယ်။

ဒီလိုနဲ့ ချရေးလိုက်တော့ ကပေါက်တိ ကပေါက်ချာ ၊ ဟိုရောက် ဒီရောက်ပါပဲ။ ငါ့ဘလော့မှာ ပို့စ်လေးတွေ တော်တော်များလာမှ သူငယ်ချင်းတွေကို ကြွားမယ် ဆိုပြီး ကိုယ့်ဖာသာ လူမသိ သူမသိ ကျိတ်ရေးနေတာဗျ။ ဒါပေမဲ့ တစ်နေ့မှာတော့ ညီလေး “ ကိုဟိန်း ” ကို ပြောပြမိတော့ သူက “ အစ်ကို . . . Blogspot တွေကို မြန်မာနိုင်ငံက ပိတ်ထားတယ်လေ။ ” လို့ ဆိုလာပြန်ပါတယ်။ ဒီတော့မှ Blogspot ကို မြန်မာမှာ ပိတ်ထားတယ် ဆိုတာ သိရတဲ့ ကျွန်တော်ပါ။ “ ဟင် . . . ဒါဆို ဘယ်မှာ ရေးမှ မြန်မာနိုင်ငံက ဖတ်လို့ ရမှာလဲ။ ” လို့ မေးတော့ သူက ကျွန်တော့်ကို လင့်လေး တစ်ခု ပေးပါတယ်။ ဒါကတော့ www.multiply.com ပါပဲ။

ဒီနောက်ပိုင်း အချိန်တွေမှာတော့ ကျွန်တော် Multiply မှာပဲ ဆက်တိုက် ရေးခဲ့ပါတယ်။ Blogspot မှာမှ ၊ Multiply မှာမှ ၊ Wordpress မှာမှ ဆိုပြီးတော့ ကျွန်တော့်မှာ အစွဲ မရှိပါဘူး။ ကျွန်တော်က စာရေးချင်တယ် ၊ ဒါကြောင့် စာရေးတယ် ၊ ရေးလို့ အဆင်ပြေမဲ့ နေရာမှာ ရေးတယ် ဆိုရုံလေးသာ ရှိတာပါ။ ဒါကြောင့် ရေးလက်စ ဘလော့စပေါ့လေးကို ပိတ်ထားပြီးတော့ မာတီမှာပဲ ဆက်ရေးခဲ့ပါတယ်။ အဆင်ပြေပါတယ်။ အရာရာက အဆင်ပြေပြီးတော့ တစ်နေ့မှာတော့ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်တွေထဲက တစ်ယောက်က Ning ဆိုက်တစ်ခုမှာ ကျွန်တော့် ပို့စ်တွေကို တခြားလူက သူ့နာမည်နဲ့ တင်တယ် ဆိုပြီး ကျွန်တော့်အစား ရန်ုဖြစ်ပေးပါတယ် :D

တခြားသူတွေ အတွက် သာမာန် ဖြစ်နေနိုင်ပေမဲ့ ဒီကိစ္စဟာ တော်တော်နဲ့ မပြီးခဲ့ပါဘူး။ ပိုင်ရှင် ကျွန်တော်ကိုယ်တိုင်က ဝင်တောင်းပန်တာတောင် အတော်ကို အကျယ်အကျယ် ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်အစား ဝင်ရန်ဖြစ်တဲ့ သူကလည်း မှန်နေတော့ မလျော့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော့်ဖာသာပဲ လွယ်လွယ်ကူကူ Copy & Paste လုပ်မရအောင် ဘယ်လို လုပ်ရမလဲ ဆိုပြီး မေးမြန်းကြည့်ရင်း ဒီဘလော့စပေါ့ကို ပြန်ရောက်လာခဲ့တာပါ။ မာတီမှာ HTML အလုပ်မလုပ်ဘူး လို့ ဆိုကြတယ်။ ဒါနဲ့ပဲ ကျွန်တော် အရင်က ရေးရင်း ရပ်ထားတဲ့ ဘလော့စပေါ့ကို မာတီက ပို့စ်တွေ ပြန်ကူးတင်ရင်း ပြန်ရောက်လာခဲ့တာပါ။

ဒါလေးပါပဲ။ ကျွန်တော့်ရဲ့ ဘလော့ဂါသမား တစ်ယောက် ဘဝက ဘာမှ ထွေထွေထူးထူး မရှိဘူးလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ တစ်ခု ရှိတာကတော့ ကျွန်တော့်မှာ ခံယူချက် ပြင်းပြင်းပြပြ တစ်ခုတော့ ရှိပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ “ အနုပညာ သမား စစ်စစ် တစ်ယောက်ဟာ လူကြိုက်များအောင် လုပ်မနေဘူး။ ” ဆိုတာပါပဲ။ အထူးသဖြင့် ကျွန်တော် သဘောကျတဲ့ အနုပညာသမား ပန်းချီဆရာ “ ဗင်းဆင့် ဗင်ဂိုး ” ရဲ့ စိတ်ဓါတ်မျိုးပါပဲ။ “ သူများကြိုက်တာ လိုက်လုပ်နေရင် ကိုယ့်ရဲ့ ပုံစံဆိုသော အနုပညာ ရပ်တည်မှုက ရှိတော့မည် မဟုတ်။ ” ဟု ဆိုပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ စိတ်ခံစားမှု အတိုင်းပဲ ကျွန်တော့်ရဲ့ စာတွေကို ပုံဖော်ခဲ့ပါတယ်။

ဒီမှာ စာဖတ်သူတွေ အနေနဲ့ ကြိုက်နှစ်သက်တာတွေ ရှိနိုင်သလို ၊ မနှစ်မြို့စရာတွေလည်း ရှိနေနိုင်မှာ အသေအချာပါပဲ။ ဘလော့ရပ်ဝန်းမှာ ပျော်ရွှင်စွာ ရေးကြတဲ့ Tag ပို့စ်များမှ လွဲ၍ ကျွန်တော် ဘယ်သူ့ကိုမှလည်း မတုပ ခဲ့သလို ၊ ဘယ်သူနဲ့မှလည်း ယှဉ်ပြိုင်မရေးခဲ့ပါဘူး။ Tag ပို့စ် ဆိုရင်လည်း တကယ်ကို Tag ပို့စ်ဆန်အောင် ရေးခဲ့ပါတယ်။ ကျွန်တော် စိတ်ပါပြီး အားရင် အားသလို စာရေးဖြစ်ပြီးတော့ စိတ်မပါရင် အတင်းညှစ်ပြီးတော့ကို စာတစ်လုံးတောင်မှ ရေးချင်သူ မဟုတ်ခဲ့ပါ။ ရေးလည်း မရေးဖြစ်ခဲ့ပါ။ စာရေးချင်စိတ် ပြင်းပြနေရင်တော့ အလုပ် ဘယ်လောက် များများ အိပ်ရေးပျက်ခံပြီးတော့ စာကို ရေးဖြစ်ပါတယ်။

တကယ်တမ်း အမှန် အတိုင်းပြောရရင် Tag ပို့စ်တွေ ရေးရတာ ပျော်ပေမဲ့ ကျွန်တော် အခု “ ဘလော့ဒေး ” Tag ပို့စ် အတွက် ဘာရေးရမှန်းလည်း မသိပါ။ ရေးစရာကလည်း မရှိပါ။ ဘလော့ဒေးရဲ့ ထုံးစံ အတိုင်း လူသိနည်းသော တခြားသော ဘလော့ ၅ ခုကို မိတ်ဆက်ကြတယ် ဆိုသော ထုံးစံ ဆိုတာကိုလည်း သိပ်တော့ သဘောမကျပါ။

ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဘယ်သူက ဘာပဲ ရေးရေး ကိုယ့်အတွက် ဘာများ ရနိုင်မလဲ ဆိုတဲ့ စိတ်နဲ့ပဲ ဖတ်ဖြစ်တာ များပါတယ်။ တချို့သော အချစ်တွေ ထုံအီနေတဲ့ စာတွေကိုတော့ ဆုံးအောင်ကို ဆက်မဖတ်ဖြစ်တာ အမှန်ပါ။ ဒါကြောင့် ကျွန်တော့်မှာ ဘယ်ဘလော့ကတော့ အရမ်းကောင်းပါတယ် ဆိုပြီး ညွှန်းဆိုစရာ မရှိခဲ့သလို . . .  ထို့အတူပဲ ဘယ်ဘလော့ကိုတော့ လုံးဝ ဖတ်လို့ မကောင်းပါဘူး ဆိုပြီးတော့လည်း ဖော်ပြစရာ မရှိပါ။

ဒါကြောင့် ဘယ်သူတွေရဲ့ ဘယ်ဘလော့ကတော့ ဘယ်လိုဆိုပြီးတော့ မဖော်ပြဖြစ်တော့ပါ။ ဒါပေမဲ့ ဘလော့ဒေး ဆိုသော 31.08 ကို လေးစားသော အားဖြင့် . . . . ပြီးတော့ ဒီပို့စ် အတွက် Tag လုပ်လာသော “ ကိုအောင် ( ပျူနိုင်ငံ ) ” ကို လေးစားသော အားဖြင့် ကျွန်တော် သိသော်လည်း လူသိနည်းသော ဘလော့ ( ၅ ) ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

၁။ http://billibird.wordpress.com ကွန်ပျူတာနဲ့ ပတ်သတ်သော ဈေးကြီး အင်္ဂလိပ် စာအုပ်တွေကို Ebook အဖြစ် လုပ်ပေးထားသော ဘလော့လေးပါ။ ကျွန်တော့်ကို ကုန်ကျစရိတ်နည်းအောင် ကျေးဇူးပြုတဲ့ ဘလော့ဂါပါ။

၂။ http://www.dl4all.com လိုချင်နေတဲ့ နောက်ဆုံးပေါ် ဆော့ဝဲလ် ၊ ရုပ်ရှင် ၊ Ebook ၊ ဂိမ်း ၊ မဂ္ဂဇင်း အစရှိတာတွေကို Full Version နဲ့ကို ရအောင် ပြန်လည် ဝေငှတဲ့ ဘလော့လေးပါ။ ဆော့ဝဲလ်တွေ လိုချင်တိုင်း ကျွန်တော် အဲဒီမှာ ရှာပါတယ်။ တကယ်ကို အကျိုးရှိစေတဲ့ ဘလော့တစ်ခုပါ။

၃။ http://m0rris.com/download-ebook-myanmar-version ကွန်ပျူတာနဲ့ ပတ်သတ်ပြီးတော့ လေ့လာချင်တယ်။ ဖတ်ချင်တယ် ဆိုတဲ့ မြန်မာစာအုပ်တွေ အားလုံးကို စုစည်းပေးထားတဲ့ နေရာပါ။ တကွဲတပြားစီ လိုက်ရှာနေရတာထက် ဒီတစ်နေရာတည်းနဲ့ အဆင်ပြေစေပါတယ်။

၎။ http://www.buddhafm.net ဆရာတော် ရှင်ဆန္ဒဓိက ရဲ့ အာဘော်စကားလေးနဲ့ ပြောရရင် “ ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏ ” လို့ ဆိုရမဲ့ နေရာလေးပါ။ နေ့စဉ် တရားတွေကို မရိုးအောင် ထုတ်လွှင့်ပေးပါတယ်။

၅။ http://www.sagarwarmyae.info စာအုပ်တွေနဲ့ အဝေးရောက်နေတဲ့ ကျွန်တော့်အတွက်တော့ ဒီလို စာအုပ်တွေကို ဝါသနာ အရ စုဆောင်းပြီးတော့ တင်ပေးထားတဲ့ ဒီနေရာလေးကို ကျေးဇူး အထူးတင်ပါတယ်။ ဒီနေရာကတော့ လူတွေ သိပြီးသား ဖြစ်မှာပါ။


*** ဘလော့ရေးဖော် ညီအစ်ကို မောင်နှမ သူငယ်ချင်းများနဲ့ စာဖတ်သူများ အားလုံး ပျော်ရွှင်ကြပါစေဗျာ။ ဒီပို့စ်လေးကို ရေးဖို့ Tag လာတဲ့ ကိုအောင် ( ပျူနိုင်ငံ ) ကိုလည်း ကျေးဇူးတင်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
30.8.2011

Share/Bookmark

29 ယောက် ရဲ့ ထင်မြင်ချက်:

သဒ္ဓါလှိုင်း said...

ကိုဇော်
ဘလော့ဒေးအမှတ်တရလေးကို ဖတ်ဖို့စောင့်နေတာ။ ကိုဇော့်ရဲ့စာတွေကို အမြဲတမ်း ဖတ်ခွင့်ရပါစေလို့ ဆုမွန်တောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ

Anonymous said...

လာဖတ်သွားတယ် ကိုဇော်....

mstint said...

မိတ်ဆက်ပေးလိုက်တဲ့ ဘလော့ဂ်(၅)ခုအတွက် ကျေးဇူးပါ ကိုဇော်ရေ။
အချိန်ကိုတန်ဖိုးရှိရှိ အသုံးချပြီး ဘလော့ဂ်ဒေးကို ပီပီပြင်ပြင်ရေးနိုင်တာကို သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

ကိုဇော် ရေ

အတွေးပြောင် တဲ့ တခါတလေ သူများမတွေးတာကို တွေး တဲ့ ကိုဇော် ရဲ့ ဘလော့ဂ် လေးကို အမြဲလာဖတ် ပါတယ် စာမဖတ်နိုင်တောင် စာရေးဖြစ်အောင် ကျိုးစားပါလို့ ပြောရင်း ဆက်လက်ချီတက်ကြရအောင်နော်

အဖြူရောင်နတ်သမီး said...

HAPPY BLOG DAY...........

Unknown said...

ကိုဇော်နဲ့ အတူ Blogger တွေအားလုံးကိုကျေးဇူးတင်ပါတယ်။Blogger တွေ ကြောင့်လောကကြီးပို၍ သာယာလှပလာတယ်လို့ ထင်ပါတယ်။

ဖြိုးမောင်မောင်(CTM) said...

လာရောက်ဖတ်ရှုသွားပါတယ်။
လင့်တွေကိုလဲသိခွင့်ရတဲ့ အတွက်
ကျေးဇူးတင်ဧ။်

မင်းဧရာ said...

အကိုကြီး ကိုဇော်......
တဂ်ပိုစ့် ကိုဖတ်ပြီးတော့ ညွှန်ပြပေးထားတဲ့ လင့်ဒ် လေးတွေကိုပါ ယူသွားတယ်ဗျာ
ရယ်စရာတွေ ပျော်စရာတွေ တွေးစရာလေးတွေ ကိုပါရေးတတ်တဲ့ ဘလောက် ကာ တစ်ယောက်ဖြစ်လို့
ဒီလို ဘလောက်ဒ်ဒေး နေ့ပေါင်းများစွာ မှာတွေ့မြင်ရစေလိုကြောင်း ဆုတောင်းရင်ဖြင့်။

An Asian Tour Operator said...

ပျော်ရွှင်သော ဘလောက်ဒေးဖြစ်စေသတည်း။

မောင်စေတနာ said...

ဘလော့ဒေး နေ့လေးမှ နောင်နှစ်များစွာတိုင်အောင် အောင်မြင်ပါစေ ဦးဇော် ....

လေးစားလျှက်

sosegado said...

မိတ်ဆက်ပေးတဲ့ လင့်တွေအတွက် ကျေးဇူးပါ၊
မိုးခါးရေသောက် ကိုတော့ အမှတ်ရနေဆဲပါ။

မြတ်မွန် said...

စာတွေ ဆက်လက်ရေးသားနိုင်ပါစေ ဦးဇော်ရေ..
ဟက်ပီးဘလော့ဒေးပါ။

စံပယ်ချို said...

ဖတ်ပြီးပြီနော်....
နောင်လဲ ဒီထက်မကစာတွေ ရေးနိုင်ပါစေ
ခင်မင်တဲ့ jas

ahphyulay said...

အင်း..
ကျေးဇူးပဲကိုဇော်ရေ့  ...။
အဲ့ ဒီ လင့် ကလေးငါးခု အတွက်ပါ။
ပရိတ်သတ် အကြိုက်မလိုက်ပဲ
ကိုယ့် စတိုင်နဲ့ ကိုယ် လျှောက်နေတယ်ဆို
တာကိုက ကျွန်တော်အကြိုက်ဆုံးပါပဲဗျာ..။

Unknown said...

ကိုဇော်ကြီး ရေ အကိုရေးသမျှတွေကတော့ ဘယ်အချိန်
ဖတ်ဖတ် အရသာကို တွေ့ နေတာပဲဗျာ

မြစ်ကျိုးအင်း said...

ညွှန်းထားတဲ့ ဆိုဒ် ၅ ခုထဲက စကားဝါမြေကိုတော့ ရောက်ဖြစ်တယ်။
ကိုယ်တွေလည်း ဘလော့ဂ် လုပ်မိပုံက ပြောစမှတ် လေးတွေနဲ့ပါပဲ။ ဘလော့ဂ်ဆိုတာ ကိုယ့်အတွက်တော့ သေသေချာချာ ရည်ရွယ်ပြီး မဝင်လာဘဲနဲ့ ရောက်လာခဲ့တဲ့ နယ်မြေပဲ။ ပြီးတော့ ပျော်မွေ့သွားတဲ့ နယ်မြေပါပဲ။

Angelhlaing(May everybody be happy and healthy! said...

Happy Blog Day ပါအကို :):)
ပျော်ရွင်ဖွယ် ဘလော့ဒေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

ညီရဲ said...

အစ်ကိုရေ...
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် စာမရေးဖြစ်သလို အစ်ကို့ ဆိုဒ်ကလေးကိုလဲ မရောက်ဖြစ်ခဲ့ဘူး။ ကျွန်တော် အစ်ကို ရေးတာလေးတွေကို သဘောကျလို့ အစ်ကို့ ဆိုဒ်ကို မကြာမကြာ ရောက်ဖြစ်ခဲ့ပါတယ်။ တလောကတော့ စာရေးဖို့ စိတ်ပျက်သလို ဖြစ်နေတာနဲ့ ဘလော့ဂ်လောကနဲ့ ကင်းကွာသွားတယ်။ ကျွန်တော်က ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ခု ညီရဲသစ် နာမည်နဲ့ ဆိုဒ်လေးတစ်ခု လုပ်ထားတယ်။ အစ်ကို့ လင့်လေးကိုလဲ ယူသွားပါတယ်။ အစ်ကို အားရင် ကျွန်တော်ကို လိုအပ်တာလေးတွေ ပြောဆို ညွှန်ကြားပေးပါဦးလို့ ...

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဒေးအမှတ်တရ ရေးပေးတာ ကျေးဇူး ကိုဇော်ရေ၊
ညွှန်းတဲ့ လင့်ခ်တွေဆီ သွားလည်လိုက်အုံးမယ် တက်ဂ်အတွက် ကျေးဇူးပါ ကိုဇော် ...

အလင်းသစ် said...

စကားဝါမြေကိုတော့မကြာခဏရောက်ဖြစ်ပြီးတော့
ဗုဒ္ဓအက်ဖ်အမ်ကိုတော့ တူးဘားကို အင်စတော လုပ်ထားပါတယ်အကို။။ ကျန်တဲ့ သုံးခုလည်း ဆက်မွှေကြည့်ဦးမယ်။။ စာတွေအများကြီး ဆက်ပြီး ထုဆစ် ရေးထုတ်နိုင်ပါစေခင်ဗျာ။။။

ချယ်ရီမြေ said...

“သူများကြိုက်တာ လိုက်လုပ်နေရင် ကိုယ့်ရဲ့ ပုံစံဆိုသော အနုပညာ ရပ်တည်မှုက ရှိတော့မည်မဟုတ်”ဆိုတဲ့ စာသားလေး သဘောကျမိတယ် ကိုဇော်ရေ.. လူသိများဖို့ထက် လူကြိုက်များဖို့၊ လူကြိုက်များဖို့ထက်၊ လူအများအတွက် အကျိုးရှိစေဖို့အတွက် ဆောင်းပါးကောင်းတွေကို ဆက်လက်ရေးသားနိုင်ပါစေဟု...

ချမ်းမြေပါစေ
ချယ်ရီမြေ

သူကြီးမင်း (တုံးဖလား) said...

မှန်ပါ၏ မှန်ပါ၏။

အမ်... ဘာကို ထောက်ခံလိုက်တာပါလိမ့်။ ပြန် ထပ်ဖတ်ဦးမှ။ မေ့တတ်လိုက်တာ။

အော်...
ဒီစာသားလေး....
“သူများကြိုက်တာ လိုက်လုပ်နေရင် ကိုယ့်ရဲ့ ပုံစံဆိုသော အနုပညာ ရပ်တည်မှုက ရှိတော့မည်မဟုတ်”

ဟီး ဟီး ရေးနေရင် ကြာမှာစိုးလို့ အပေါ် ချယ်ရီမြေဆီက ကော်ပီကူးလိုက်တာ။း))

ခင်မင်လျှက်

Anonymous said...

မရေးတတ်ဘူး မရေးတတ်ဘူးနဲ့ . . ရေးလည်းရေးလိုက်ရော ကြွနေတာပဲ ပို့စ်က . .း)

ခင်မင်စွာဖြင့်
ဗညားရှိန်

noblemoe said...

Happy Blog Day ပါ။

မိတ်ဆက်ဘလော့တွေတွက်ကျေးဇူးပါ။

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

IDIOT-Ki said...

ဘလော့တွေရေး စာတွေရေးတဲ့ ဘလော့ဂါကြီး ကိုဇော် ..သူများနဲ့ မတူတဲ့ အတွေးနဲ့ အရေးတွေ ကြောင့် သဘောကျသွားတယ် ။
ခုနောက်ပိုင်းမှာ ဘလော့တကာ မလည်ဖြစ်တာ ကြာပါပြီ.၊ တခါတရံ ရောက်ဖြစ်ပေမဲ့လည်း ခြေရာတွေ မချန်ဖြစ်ခဲ့တာလည်းကြာပါပြီ ။
ကိုယ်ဝါသနာပါရာ အလုပ်တခုကို လုပ်နေရရင် စိတ်ချမ်းသာကြတာမို့ ကိုဇော်တယောက်လည်း အမြဲ စိတ်ချမ်းသာစေဖို့ ဆန္ဒပြုလိုက်ပါတယ်။
( ဘလော့တွေ မဖတ်ဖြစ်တာကြာပြီမို့  ဘလော့ဒေး ရှိမှန်းတောင် ဟိုးတနေ့ ကမှ သိတယ် ။ တဂ်ထားတဲ့ ကိုအောင် ကို အားနာပေမဲ့လည်း ကိုယ်တိုင် မရေးဖြစ်ပါ)

ခင်တဲ့
မကိ

December Mgmg said...

တဂ်ကိုလာဖတ်သွားတယ် အကို

အလွမ်းမြို့ said...

လည်လည် လာသွားတယ်။ Day ဆိုလို့ ဝင်လာ ကြည့်တာ..


အလွမ်းမြို့လေး

မေသိမ့်သိမ့်ကျော် said...

ကိုဇော်ရေ

မရောက်တာကြာပြီ။ စာကြွေးတွေများနေတယ်။ ကြွေးရှင်တွေကို လှည့်တောင်းပန်နေကြောင်းပါ...။ တဂ်ပို့စ်လေး ဖတ်သွားတယ်။ အနုပညာသမား စစ်စစ်တစ်ယောက်ဟာ လူကြိုက်များအောင် လုပ်မနေဘူး ဆိုတာကို ယူသွားပြီဗျိုးးး။

ခင်တဲ့
မေသိမ့်

ဟန်ကြည် said...

ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ခံယူချက်နဲ့ စာပေလမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်သားသား လျှောက်လှမ်းနေတာ သိရလို့ အားရ၀မ်းသာဖြစ်မိပါတယ်...တစ်ခါတစ်ရံကျတော့လည်း လူမှုရေးဆိုတဲ့ ဘောင်အတွင်း စည်းအတွင်းမှာ အသက်ရှူကျပ်ကျပ်နေလွန်းလို့ ကိုဇော့်မူအတိုင်း စမ်းလုပ်ကြည့်ရင် ကောင်းမလား စဉ်းစားမိပါသေးရဲ့...ဒါပေမယ့်လည်း ကိုယ်တိုင်က အဲဒီလောက် သတ္တိမကောင်းနိုင်သေးတာကြောင့်...း(((