မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 November 2010

21 နှလုံးသား ရှိရာ ( ၄ )


 


ကျွန်မ စိတ်ကူး

ချစ်သူနဲ့ ကျွန်မ
သဲတွေ တရှပ်ရှပ် လက်နေတဲ့
ကန္တာရထဲမှာ ချစ်သူလက်ကို ဆွဲပြီး
လျှောက်ဖူးချင်တယ်။
ချစ်သူနဲ့ ကျွန်မ
ဘို့နှစ်လုံးနဲ့ ကုလားအုပ်တွေကိုလည်း
ကွင်းပြင်ကျယ်မှာ ရင်ခုန်ကြည်နူးစွာ
အတူစီးဖူးချင်တယ်။
ချစ်သူနဲ့ ကျွန်မ
ပင်လယ်ကမ်းစပ်က သဲသောင်ခုံတွေပေါ်မှာ
ချစ်သူလက်ကို ဆွဲကာ
ပြေးလွှားဖူးချင်တယ်။
ချစ်သူနဲ့ ကျွန်မ
ချစ်သူ နှစ်သက်ပါတယ် ဆိုတဲ့
ညနေ နေရောင်နုနု
လေပြေ နုနုလေးမှာ
ချစ်သူ ပခုံးလေးကို မှီပြီး
လမ်းလျှောက်ဖူးချင်တယ်။
ချစ်သူနဲ့ ကျွန်မ
နိုင်ငံမတူ ၊ ရေမြေရယ်ခြား
၎ နာရီတောင်မှ ဝေးကွာသတဲ့။
ဒါပေမဲ့လည်းလေ. . .
နေရာတွေ ဘယ်လောက် ဝေးဝေး
ကျွန်မ စိတ်ထဲမှာတော့ . . . 
ချစ်သူက ကျွန်မ နဘေးနားမှာ။

( နှင်းရိပ်လမင်း )

ကဗျာလေးရဲ့ အောက်ခြေကို ကြည့်လိုက်တော့ ကလောင်နာမည်လေးက “ နှင်းရိပ်လမင်း ” တဲ့။ တကယ်တမ်း မလိမ်မညာ ပြောရရင် သူ့မရဲ့ ကလောင်နာမည်ကို မခန့်မှန်းနိုင်ခဲ့ပါ။ ဘယ်ကဗျာတွေကို သူမရေးတယ် ဆိုတာကို မကျက်မိခဲ့ပါ။ ဒါပေမဲ့ ကံကောင်းတတ်သော ကိုယ့်အတွက် သူမ “ မေနှင်းနွယ် ” ဆိုသော နာမည်ထဲက “ နှင်း ” တစ်လုံးကို သူမက ယူသုံးထားတာ ၊ နောက်တစ်ချက်က ပထမနှစ်ပုဒ်ကို ဖတ်တုန်းက ချစ်သူ အကြောင်းကိုပဲ ရေးထားပေမဲ့ အခု အပုဒ်လေးကို ဖတ်လိုက်တော့မှ သူနဲ့ ကိုယ် ပြောခဲ့ဖူးတဲ့ UAE မှာ ရှိတဲ့ အကြောင်းအရာလေးတွေကို ထည့်ရေးထားလေးတွေကို ကိုယ် သတိထားမိသွားတာ ဖြစ်သည်။

အောက်ခြေက ကလောင်နာမည်လေးကို နှိပ်ပြီး သူမ တင်ထားသော ပို့စ်ကို ကြည့်လိုက်တော့ ကဗျာ ၃ ပုဒ် တိတိ။ သေချာတယ် ဒါ သူမပဲ။ ကိုယ့်ရင် ငြိမ့်ခနဲ ခုန်သွားမိသည်။ သူမက ကဗျာကိုလည်း တိမ်းညွှတ်မူးရစ်အောင် ရေးတတ်သူပေပဲ။ သူမရဲ့ ကဗျာလေး ၃ ပုဒ်ကို ကိုယ် တစ်ပုဒ်ချင်းစီ ၄ ခေါက်လောက် ပြန်ဖတ်မိသည်။ ဒီလို ပြန်ဖတ်နေတုန်းမှာ ကိုယ့်ရဲ့ လက်ဝဲဘက် အတွင်းနေရာက တထိတ်ထိတ်နဲ့ ပို၍ ပို၍ သွေးတိုးကာ ခုန်လာမိ၏။ စိတ်ထဲမှာလည်း လှစ်ခနဲ လှပ်ခနဲ ဆိုသော ခံစားမှု တစ်ခုက ကိုယ်ခန္ဓာကိုယ် အနှံ့ကို မပြတ်စီးဆင်းနေသည်။

“ တီတီ . . . တီတီတီ . . . တီတီ . . . တီတီတီ . . . . ”

တုန်သွားမိအောင်ကို ကိုယ်လန့်သွားမိသည်။ ရုတ်တရက် ကဗျာဈာန်ကနေ ကိုယ် ချက်ချင်း မထွက်နိုင်သေး။ အမှောင်ထဲကနေ အလင်းကို ရုတ်တရက် ထွက်လိုက်ရသူလို ကိုယ့်မျက်ဝန်း အကြည့်တွေက လင်းဝေပြာလဲ့ နေသည်။ မဆိုစလောက်လေး ကြာပြီးမှ ကိုယ့်ကိုယ်ကိုယ် လက်ရှိ အချိန်နေရာသို့ စိတ်ကူးနေရာမှ ပြန်လည် ဆွဲခေါ်လာမိ၏။ 

“ တီတီတီ . . . တီတီ . . . တီတီတီ . . . တီတီ . . . ”

ကိုယ့်ဖုန်းလေးကတော့ တာဝန်ကျေစွာ အော်ဟစ်နေဆဲ။ သူ အသံတွေတောင်မှ ပြာလုလုပေါ့။ ကိုယ်ဖုန်းလေးကို ကိုင်လိုက်ပြီး ကြည့်လိုက်တော့ တစ်ခါမှ မမြင်ဖူးဘူး ဖုန်းနံပါတ် တစ်ခု။ တိုတိုတုတ်တုတ် နဲ့ ဆိုတော့ အိုဗာဆီးလ်ပဲ ဖြစ်မည်။ ကိုယ်ဖုန်းလေး ကိုင်လိုက်သည်။

“ ဟလို  ” 

“  - - - - ”

“ ဟလို . . . ဘယ်သူလဲ မသိဘူး ”

ကိုယ်မေးသံကို ဟိုဘက်က ပြန်မဖြေသေးပါ။ မကြားတာလား ၊ ဘာလဲ ဆိုပြီး ဖုန်းကို ပြန်ကြည့်လိုက်တော့ ဖုန်းခေါ်ချိန်ကတော့ တစ်စက္ကန့်ချင်း တက်နေသည်။ ဒါဆို ဖုန်းကတော့ ဝင်နေတာပဲပေါ့။ 

“ ဟလို . . . ”

“ အေး . . . သူငယ်ချင်း ၊ ဆောရီးကွာ။ မင်းကို ခေါ်ပြီးမှ အငယ်ကောင်တွေ လာမေးလို့ ပြန်ဖြေနေတာ ”

ဆိုသော အသံကို ကြားလိုက်ရ၏။ ဒီအသံကို ကိုယ် အမြဲတမ်း ကျက်မိနေသော အသံ။ “ သန်းထိုက် ”  . .  ဟုတ်တယ် ဒီကောင်က ကိုယ်တို့ အခေါ် “ သင်္ဘောသီး ” ၊ “ မိန်းမ ရှေ့နေ ” ၊ “ ခြောက်ပေါက် ” လို့ နာမည်ပြောင်တွေနဲ့ နှိပ်ကွပ်နေကြ။

“ သန်းထိုက် လား ”

“ သန်းထိုက်ပါပဲကွာ . .  သန်းထိုက်လား မဟုတ်ပါဘူး ”

“ ဟားဟားဟား . . . ဟေ့ကောင်ကြီး မင်း အခု ဘယ်ရောက်နေတာလဲ ”

“ ငါ အခု ချီလီမှာ သူငယ်ချင်း ၊ ကမ်းကပ်နေလို့ ကမ်းပေါ် မတတ်ခင် မင်းဆီကို ဖုန်း လှမ်းဆက်လိုက်တာ ၊ မင်း အခု ဘာတွေ လုပ်နေလဲ ၊ အလုပ် မသွားသေးဘူးလား ”

ဟင် . . . သူ မေးတော့မှ ကိုယ် သတိထားမိ၏။ ကိုယ် အိပ်ယာ နိုးကတည်းက LC ထဲကို ဝင်ပြီး ကဗျာ ရှာပုံတော် လုပ်နေတာ အချိန်ကို လုံးဝ သတိမထားမိ။ ဟိုက်. . . . ၇ နာရီ ၅၀ တောင်မှ ရှိနေပါရောလား။ 

“ ဟာ . . . ဟုတ်တယ် သူငယ်ချင်း။ ငါ အလုပ်သွားဖို့ ပြင်ရတော့မယ်။ ဆောရီးကွာ ငါ ကဗျာ တစ်ပုဒ်ကို ရှာနေတာနဲ့ အချိန်ကုန်မှန်း မသိ ကုန်သွားတယ်။ အခု အလုပ်သွားဖို့ ပြင်လိုက်ဦးမယ်။ ”

“ အိုကေ သူငယ်ချင်း ”

“ ငါ ပြန်ခေါ်လိုက်မယ် သူငယ်ချင်း ”

“ မခေါ်နဲ့ ဟေ့ကောင်။ ငါတို့ ကမ်းပေါ်တတ်မှာ ဆိုတော့ မင်းသိတဲ့ အတိုင်းပဲလေကွာ။ ငါ ပြန်လာတော့မှ မင်းကို လှမ်းပြီးတော့ ဖုန်းဆက်လိုက်မယ်။ အလုပ်မှာ ဖုန်းပြောလို့ ရတယ် မဟုတ်လား ”

“ ရတယ် သူငယ်ချင်း။ ငါ အခု လစ်ပြီ ”

“ အိုကေ Take Care ”

“ Thanks , See you soon ”

“ - - - - - ”

ဖုန်းလည်း ချ ၊ လူလည်း ထပြီး ဖုန်းလေးကို စားပွဲပေါ် ပစ်တင်လိုက်မိသည်။ ရပါတယ် ဒီလောက်တော့ Nokia က အကြမ်းခံ၏။ ဂလောက်ခနဲပဲ စားပွဲပေါ်ကို။ ၁၅ မိနစ် အတောအတွင်းမှာ မြန်နိုင်သလောက် အားလုံး ပြီးစီးအောင် ပြင်ဆင်ပြီး အလုပ်အတွက် ကျောပိုးအိတ်လေးကို ဆွဲပြီး ထွက်လာတော့ အလုပ်ဝင်ချိန် မိနစ် ၂၀ လိုနေသေးသည်။ ဓါတ်လှေခါးကို စောင့်ရင်း “ သန်းထိုက် ” အကြောင်းကို ပြန်စဉ်းစားမိသည်။



သူနဲ့ ကိုယ် အလယ်တန်း ကျောင်းသား ဘဝလောက်က စပြီး ရပ်ကွက်ထဲမှာ စခင်မိသည်။ တွေ့တွေ့ချင်း စောက်နဲ့ထွင်း ဆိုသလို ပါပဲ။ သူ့ကို ဘယ်လို ငကြောင်လဲ မသိဘူး ဟု စိတ်ထဲမှာ တွေးမိသည်။ သူ့ရဲ့ ခံယူချက်က တမျိုး။ သူ့မှာ ညီအစ်ကို နှစ်ယောက်တည်းသာ ရှိပေမဲ့ သူက မိန်းမတွေရဲ့ ဘက်တော်သား တစ်ယောက် ဖြစ်သည်။ ဒီလို ပြောလို့ ရှင်းချင်မှ ရှင်းပါလိမ့်မည်။ နည်းနည်း အကျယ်ပြောပြ ရပါလိမ့်မည်။

“ လက်မခံဘူးကွာ ၊ လုံးဝ လက်မခံဘူး။ မိန်းမတွေထဲမှာလည်း သူ့အတိုင်းအတာ နဲ့ သူ ကောင်းသူတွေ ရှိကြပါတယ်။ မိန်းမ တစ်ယောက် မကောင်းတာနဲ့ ကျန်တဲ့ မိန်းမတွေကို ဝါးလုံးရှည်နဲ့ သိမ်းရမ်းဖို့ မသင့်ဘူးကွ ”

“ ဣတ္တိ ဝင်္ဂံ ၊ နဒီ ဝင်္ဂံ ဆိုလား ဘာလား ရှိတယ်လေကွာ ”

အမြဲတမ်း ကပေါက်ထိ ကပေါက်ချာ ပြောတတ်သော မျိုးမင်း က ဝင်ပြော၏။

“ မပြောတတ်ရင်လည်း ပါဠိလိုတွေ ထည့်မပြောနဲ့။ “ မိန်းမတို့သည် ကောက်ကွေ့တတ်၏ ၊ မြစ်တို့သည်လည်း ကောက်ကွေ့တတ်၏ ” လို့ ဆိုလိုတာ။ ”

“ အေး . . အေး . . အဲဒီ စကားလေ ၊ အဲဒါက စကားက ရှေးပညာရှိတွေ ပြောခဲ့တာပဲ မဟုတ်ဘူးလား ”

“ မဟုတ်ဘူးကွာ။ မင်း တွေ့လိုက်ရလို့လား အဲဒီလူတွေနဲ့။ မှတ်ထား . . . တကယ်တော့ အဲဒီလို ပြောတဲ့ လူတွေက သူတို့ရဲ့ မကောင်းတဲ့ အကျင့်စရိုက် ဆိုတာလည်း ရှိနေဦးမယ်။ အဲဒီ အကျင့်စရိုက်ကြောင့် သူတို့ကို ဆက်ပြီး မပေါင်းသင်းနိုင်တော့လို့ သူတို့ကို ခွဲခွာသွားလို့ မိန်းမတွေ အားလုံးကို မကောင်းဘူး ဆိုပြီး ပြောနေတဲ့ ယောက်ျားတွေပဲ များတယ်။ ဒါကိုရော မင်းတို့ လက်ခံလား။  ”

“ ဒါကတော့ကွာ . . ရှေးလူတွေ ပြောစကားပဲလေ. . ”

“ ရှေးလူတွေ ပြောစကား ဆိုတိုင်းလည်း လက်မခံရဘူး။ ကိုယ်တိုင် ခံစား ၊ သိမြင် ၊ နားလည်ပြီးမှ လက်ခံရမယ် ဆိုတာ မင်းတို့ မသိဘူးလား။ ဘာလို့ မြစ်တွေ ကွေ့ကောက်တယ် ၊ မိန်းမတွေ ကွေ့ကောက်တယ် လို့ ပြောတယ် ထင်လဲ ”

“ ဟို. . . အင်း . .  အဲဒါက . . ”

“ အေး  . .  သေချာ မသိဘဲနဲ့ မပြောနဲ့ကွ။ တကယ်တော့ မိန်းမတွေ ဆိုတာ ကိုယ်ချစ်တဲ့ ယောက်ျား အပေါ်မှာ စိတ်ကောက်ကြတယ် ဆိုတဲ့ သဘောကို မြစ်တွေရဲ့ ရေစီးညင်သာ ၊ ကြမ်းတမ်း ဆိုတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ် ဖော်ပြထားတာပဲ။ ဒါကို လူတွေက သေချာ မသိဘဲ။ မိန်းမဆိုရင် လိမ်ညာ ကွေ့ကောက်တယ် လို့ မှတ်သွားကြတာ။

တကယ်တော့ လိမ်ညာ ကွေ့ကောက်တာကို ပြောတာ မဟုတ်ဘူး။ သူတို့က သူတို့ချစ်တဲ့ လူအပေါ်မှာ ဆိုရင် လိုချင်တာ ရှိရင်လည်း စိတ်ကောက်မယ် ၊ အဲဒီလို အခြေအနေကို မြစ်ရေ ညင်သာစွာ စီးဆင်းသလို ဥပမာပေးတယ်။ မိန်းမတွေ စိတ်ဆိုးရင်လည်း စိတ်ကောက်မယ် ၊ အဲဒီလို အခြေအနေကို မြစ်ရေ ကြမ်းတမ်းစွာ စီးဆင်းသလို ဥပမာ ပေးကြတာကွ။ ဒါကို မင်းတို့ နားလည်လား ၊ သိရော သိလား ”

“ ဒါကတော့ အဲဒီလိုတော့ ဘယ်သိမလဲ ”

“ မသိရင်လည်း ရမ်းမပြောနဲ့။ ဒီမှာ မင်းတို့ကို ငါ မေးလိုက်ဦးမယ်။ မြစ်တစ်စင်းရဲ့ အထီးကျန်မှု ဆိုတာကိုရော သိလား။ ”

“ ဟေ . . . မြစ်က အထီးကျန်တယ် ဆိုတာရော ရှိလို့လား ”

“ ရှိတာပေါ့ကွာ။ မြစ်ကို နာမ်စား အနေနဲ့ ဥပမာ ပြုရင် ငါတို့ မြန်မာစာမှာတော့ မသိသာဘူး။ အင်္ဂလိပ်စာမှာတော့ အရမ်း သိသာတယ်။ မြစ်ကို သူတို့ နာမ်စား သုံးရင် “ She ” လို့ သုံးတယ်။ ငါတို့ မြန်မာလို ဆိုရင် “ သူမ ” ပေါ့ကွာ။ ဒါကြောင့် မြစ်ဆိုတာကို ဥပမာပေးရင် ယောက်ျားကို ပေးရင် မှားတယ်ကွာ ”

“ အဲဒီလိုကြီးလား။ ဒါဆိုလည်း ခုန စကားပုံက မှန်နေတာပဲလေ ၊ မြစ် နဲ့ မိန်းမ ကို ကောက်ကွေ့တာနဲ့ ယှဉ်တွဲ ဖော်ပြထားတာပဲလေ ”

“ အေးလေ။ စကားပုံက မှန်ပါတယ်။ ဒီစကားပုံကို အဓိပ္ပါယ်ကောက်တဲ့ မင်းတို့ မှားနေတာ ”

“ အေးပါ ၊ ထားပါဦး။  မင်းပြောတဲ့ မြစ်တစ်စီး အထီးကျန်တယ် ဆိုတာကို ဆက်ပါဦး။ ”

“ အင်း . . . ၊ မြစ်တစ်စင်း ဆိုတာ ရေတက် ၊ ရေကျ ရှိသလို ရေစီး ပြင်းချိန် ၊ ပျော့ချိန် ဆိုတာလည်း ရှိတယ်။ ဒီအချိန်မှာ ရေစီးသလောက် မြစ်ရဲ့ ကမ်းနဖူးတွေကိုလည်း တိုက်စားခံရတာပဲ။ ဒါကြောင့် မြစ်တွေက ကြာလာတော့ ကောက်ကွေ့လာကြတယ်။ နောက်ဆုံးမှာ ကောက်ကွေ့တာ လွန်သွားတော့ မြစ်က ရေစီးရတာ နှေးသွားပြီး မြစ်ရဲ့ လမ်းကြောင်းအတိုင်း စီးရတာ အရမ်း ကွေ့ကောက်နေတော့ အလွန်ကြာတယ်။

ဒါကြောင့် နောက်ဆုံးမှာ မြစ်ဟာ ကွေ့ကောက်လွန်းတော့ မြစ်ကွေ့ကို ဖြတ်စီးနေတာကို လွန်ဆန်ပြီး မြစ်ကွေ့ကနေ ဖြတ် စီးဆင်းတယ်။ ဒီလို အချိန်ဆိုရင် အရင် မြစ်ရဲ့ လမ်းကြောင်းကနေ ဖြတ်စီးတဲ့ အတွက် အရင် ကွေ့ကောက်နေတဲ့ မြစ်လမ်းကြောင်းက မြစ်လမ်းသစ် ပေါက်သွားတော့ အရင်က ကျန်နေတဲ့ နေရာမှာ ပြတ်ပြီး  မြစ်ရေတွေက လက်ကျန်အဖြစ် ရှိနေတတ်တယ်။ အဲဒီနေရာကို “ မြစ်ကျိုးအင်း ” လို့ ခေါ်တယ်။

မိန်းမတွေမှာလည်း ဒီလိုပဲ ၊ သူတို့ ကြုံခဲ့ ဆုံခဲ့ရတဲ့ ယောက်ျားတွေထဲမှာလည်း သူတို့ကို ဘဝလုံခြုံအောင် မပေးနိုင်တဲ့ အတွက် သူတို့ ဖယ်ခွာ ရှောင်တိမ်းရင်း နောက်ဆုံးမှာ သူတို့ အပျိုကြီးတွေ ဖြစ်သွားလေ့ရှိတယ်။ အဲဒါ သူတို့အတွက် အထီးကျန်ခြင်း ဖြစ်သလို ၊ မြစ်တစ်စင်း အတွက်လည်း အထီးကျန်ခြင်း ဖြစ်တယ်။ ”

“ သြ . . . ဒီလိုလား။ ”

“ ဟုတ်တယ်။ တကယ်တော့ အပျိုကြီးတွေ ဆိုတာကလည်း သူတို့မှာ မာန်တွေ မာနတွေကြောင့်လို့ လူတွေက ထင်ကြပေမဲ့ တကယ်တော့ သူတို့ရဲ့ စိုးရိမ်စိတ်တွေ သူတို့ ရင်ထဲမှာ ဘယ်လောက် ရှိနေတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး။ မိန်းမတွေကိုသာ မင်းတို့က မကောင်းပြောနေကြတာ မိန်းမတွေ မကောင်းဘူး ဆိုရင် မင်းကို ငါ မေးမယ်။ ”

“ အင်း . . မေး . . ”

“ မင်းတို့ အမေတွေ  ၊ အဖွားတွေကလည်း မိန်းမပဲလေ။ သူတို့ကရော မကောင်းဘူးလား ”

“ အမ် . . . ဒါ . . ဒါကတော့ကွာ ”

“ ဟား . . ဟား . . ဟား . . . အဲဒါပဲကွ။ လူတွေက မကောင်းဘူးသာ ပြောနေတာ။ ထပ်မေးလိုက်ဦးမယ်။ မကောင်းဘူးသာ ပြောနေတာ ဘာကို မကောင်းတာလဲ မင်းတို့ သေချာ ဖြေနိုင်လို့လား ”

“ - - - - - - ”

တကယ်ကိုလည်း ကိုယ်တို့ ပြန်မဖြေနိုင်ခဲ့ပါ။ သူကတော့ မိန်းမတွေ မကောင်းကြောင်း ပြောတိုင်း အမြဲတမ်း ခိုင်မာသော အချက်အလက်များနှင့် ကာကွယ်ပြောဆို ချေပလေ့ရှိသည်။ သူ့လောက် ကိုယ်တို့ စကားလည်း မတတ်သလို ၊ အကြောင်းအရာလည်း ခိုင်လုံလေ့ မရှိပါဘူး။ သူနဲ့ စကားပြောပြီးတဲ့ နောက်မှာ ကိုယ်တို့ ပြောပြောနေတဲ့ အကြောင်းအရာတွေဟာ သူများတွေ ပြောနေတဲ့ အကြောင်းအရာတွေက ကိုယ်တို့ အပေါ်ကို အစွဲ အဖြစ်နဲ့ သက်ရောက်နေတယ် ဆိုတာကို မြင်ရလေ့ရှိပါသည်။

အဲဒီလို ကြိမ်ဖန်များလာတော့ ကိုယ်တို့ အားလုံးက သူ့ကို ကမ္ဘာလောက ပေါ်မှာ ရှိသော မိန်းမသားထုကြီး တစ်ရပ်လုံးဘက်က ကာကွယ် ပြောဆိုနေသောကြောင့် သူ့ကို နာမည်ပေးလိုက်ကြပါသည်။

“ မိန်းမ ရှေ့နေ ”

ခေါ်ရတာ တမျိုး ဖြစ်နေနိုင်သော်လည်း “ ရှေ့နေ မိန်းမ ” ထက်တော့ အဓိပ္ပါယ် အတော်ကို ကွဲပြားလိမ့်မည် ဟု ထင်မိပါသည်။ သူကတော့ ကိုယ်တို့ ဘယ်လို ခေါ်ခေါ် ဘာမှ ခံစားချက် မရှိသလိုလို မိန်းမထု တစ်ရပ်လုံးဘက်က ကာကွယ်ပြောဆို လေ့ရှိပါသည်။



ကိုယ် အလုပ်ကို ရောက်လာတော့ ထုံးစံ အတိုင်း အလုပ်ဝင်ခါစမှာ အဆိုင်း အပြောင်းအရွေ့ ၊ နောက်ဆက် လုပ်ရမဲ့ အလုပ်များကို ပြောဆိုပြီးတော့ ကိုယ်ပုံမှန် အတိုင်းပဲ အလုပ်မှာ လည်ပတ်ဖြစ်သည်။ အလုပ်ဝင်ပြီး ၂ နာရီလောက် ကြာတော့ ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ နှင်းနွယ် ဆီမှ ဖုန်းဖြစ်၏။

“ ဟလို နှင်းနွယ် ပြော ”

“ ကိုဇော် အလုပ်တွေ များနေလား ”

“ များတယ်တော့ မဟုတ်ပါဘူး။ နေ့ဘက်ထက် စာရင်တော့ အလုပ်က နည်းပါတယ်။ မနက်အတွက် ပြင်ဆင်ရတာပဲ ရှိပါတယ်။ ပြောလေ . . ဘာပြောမလို့လဲ ”

“ ဘာမှ ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး။ သတိရလို့ လှမ်းဆက်လိုက်တာပါ ”

အဲဒီလို သတိရလို့ ဆိုတဲ့ စကား ၊ အဲဒီလို သတိရလို့ ဆိုတဲ့ အသံနဲ့တင် ကိုယ့်ရဲ့ နှလုံးသားကလည်း မပြေးဘဲနဲ့ အမောဖောက် သွားသလို ဝရုန်းသုန်းကား ခုန်သွားလေ့ရှိသည်။

“ သြော်. . . ရပါတယ် ဖုန်းဆက်တာကတော့ ၊ ဒါပေမဲ့ အားနာတယ် နှင်းနွယ် ၊ နှင်းနွယ် ပိုက်ဆံတွေ အရမ်း ကုန်နေဦးမယ်။ အဲဒီက ခေါ်တယ် ဆိုတာ ပိုက်ဆံ အရမ်းကုန်တာ ကျွန်တော် သိတယ်။ နောက်ဆို ကျွန်တော် ခေါ်ပါ့မယ်။ ”

“ အင်းပါ။ အခု ခေါ်လိုက်တာက ပြောစရာလည်း တစ်ခု ရှိလို့ ”

“ ဟုတ်ကဲ့ ပြောလေ ”

“ ကိုဇော် အလုပ်က ညဆိုင်းဆိုတော့ အလုပ်ထဲမှာ အိပ်ငိုက်တတ်လား ”

“ မဟုတ်တာ နေ့ဘက် အိပ်ထားတာပဲ ၊ မငိုက်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ကိစ္စရှိလို့ နေ့ဘက် လျှောက်သွားဖြစ်ရင်တော့ ညဘက် အိပ်ငိုက်တာပေါ့  ”

“ အင်း . . ဒါကြောင့် နှင်းနွယ် စဉ်းစားနေတာ ”

“ ဘာကိုလဲ ”

“ ကိုဇော့်ကို တစ်နာရီ တစ်ခါ ဖုန်းလှမ်းခေါ်ပြီး Miss Call ပေးမယ်လို့ ၊ ဒါဆို ကိုဇော် ဘယ်ငိုက်တော့မလဲ ”

“ သြော်. . . ”

“ ဒါပေမဲ့ ပြောရဦးမယ် Miss Call  ဆိုလို့ပါ။ ကိုဇော့်ကို ခေါ်လိုက်လို့ ခေါ်မရဘဲ လွဲသွားခဲ့တယ် ဆိုတဲ့ Missed Call မဟုတ်ဘူးနော်။ ကိုဇော် အိပ်ငိုက်မှာ စိုးလို့ သတိပေးတဲ့ Miss Call လေးပါနော်။ ”

“ ဟားဟားဟား. . . . ဟုတ်ပါပြီ ”

“ ဘာရယ်တာလဲ ၊ လူကို လှောင်တာပေါ့လေ ”

“ ဟုတ်ပါဘူး နှင်းနွယ်ရယ်။ ကဲပါဗျာ . . . ခေါ်ပါ . . နှင်းနွယ် သဘောအတိုင်ပဲ ခေါ်ချင်တဲ့ အချိန် ခေါ်ပါ ”

“ ခေါ်ချင်တဲ့ အချိန် မခေါ်ပါဘူးနော် ၊ ကိုဇော် အလုပ်ဝင်တဲ့ အချိန် ဆိုရင် နှင်းနွယ်ကို အရင် Miss Call ပို့ ၊ ကိုဇော် ပို့ပြီးတာနဲ့ နှင်းနွယ်က ပြန်ပို့မယ်။ အဲဒါပြီးရင်တော့ နောက်ထပ် တစ်နာရီတိုင်း တစ်နာရီတိုင်း ကိုဇော့်ကို နှင်းနွယ် Miss Call ပို့မယ်။ နှင်းနွယ် Miss Call ရပြီ ဆိုရင်တော့ ကိုဇော်က နှင်းနွယ်ကို ပြန်ပြီး Miss Call ရကြောင်း ပြန် Miss Call ပေးရမယ်။ ဘယ်လိုလဲ ”

“ အင်းပါ . . အိုကေပါတယ်။ ပြန်ပြီး Miss Call ပေးမယ်လေ ”

“ သြော်. . . ပြောသာ ပြောရတာပါ။ ဟိုတစ်ဘက်က Miss Call ပေးချင်ရဲ့လား မပေးချင်ဘူး မသိပါဘူးလေ။ ဒီဘက်ကသာ အတင်း ပြောလို့ အားနာပြီး ပြန်ပေးမယ် ပြောနေတာလား မသိပါဘူး ”

“ မဟုတ်တာ နှင်းနွယ်ရယ်။ ကျွန်တော်က ဟန်ဆောင်ပြီး မပြောတတ်ပါဘူး။ လုပ်နိုင်ရင် လုပ်နိုင်တယ် ၊ မလုပ်နိုင်ရင် မလုပ်နိုင်ဘူး ဒီလိုပဲ ပြောပါတယ် ”

“ တကယ်နော် ”

“ တကယ်ပါဗျာ။ ကျွန်တော် နှင်းနွယ် ဆီက Miss Call ရပြီ ဆိုရင် ကျွန်တော် အားနေတယ် ဆိုရင်တော့ ချက်ချင်း ပြန်ပေးပါ့မယ်။ တကယ်လို့ မအားဘူး ဆိုရင်တော့ ခဏတော့ စောင့်ပေါ့ဗျာ။ အားတာနဲ့ ချက်ချင်း ပြန်ပေးပါ့မယ်။ ”

“ အိုကေနော်။ နောက်မှ ကျွန်တော် မေ့သွားလို့ပါ ဘာညာ မပြောနဲ့ ”

“ ဟုတ်ကဲ့ပါ ၊ တကယ်ပေးပါ့မယ် ”

“ ဒါဆို ဒါပဲနော် ကိုဇော်။ နှင်းနွယ်လည်း အခု Break Time လေ။ ဒါကြောင့် အပြင်မှာ ထွက်စားရင်း ကိုဇော့်ကို လှမ်းဖုန်းဆက်လိုက်တာ။ နောက်မှ ထပ်ဆက်လိုက်မယ်။ အခု အချိန်က စပြီနော် ၊ တစ်နာရီ တစ်ခါ Miss Call ပေးမယ်နော် ”

“ ဟုတ်ကဲ့ ပေးပါ။ သြော်. . . ဒါနဲ့ နှင်းနွယ်  ”

“ ဟုတ်ကဲ့ ”

“ ကျွန်တော် ပြောဖို့ မေ့နေတယ်။ ”

“ ဘာလဲ ကိုဇော် ”

“ ကျွန်တော် LC ဆိုက်မှာ နှင်းနွယ် တင်ထားတဲ့ ကဗျာလေးတွေကို ဆိုတာကို တွေ့ပါပြီ ”

“ ဟင် . . . သေချာလို့လား ”

“ သေချာတယ် ထင်တာပါပဲဗျာ ”

“ ထင်ရုံပဲလား။ ဒါဆိုရင် နာမည်က ဘာလဲ ပြော ”

“ အခု မပြောသေးဘူးဗျာ။ လိုင်းပေါ်မှာ တွေ့မှပဲ အဲဒီကဗျာနေရာ လင့်လေးတွေကို ပေးပြီးတော့ သေချာကြောင်း ပြတော့မယ် ”

“ ဟာ . . . ကိုဇော်နော်။ ကိုဇော် လုပ်တာနဲ့ အခု အွန်လိုင်းပေါ် ပြေးတတ်ချင်လာပြီ။ တကယ်တွေ့တာမှ ဟုတ်ရဲ့လား။ ဒါဆို ကဗျာထဲက စာသား နည်းနည်း မှတ်မိလား ရွတ်ပြ ”

“ သိပ်တော့ မမှတ်ပါဘူး။ ကောင်မလေး တစ်ယောက်ကလေ သူ့ချစ်သူနဲ့ ကန္တာရတွေ ဖြတ်ဖူးချင်တာတွေ ၊ ကုလားအုတ်တွေ စီးဖူးချင်တာတွေ ၊ ပင်လယ် သဲသောင်ခုံပေါ်မှာ လမ်းလျှောက်ဖူးချင်တာတွေ ဒါတွေကို ထည့်ရေးထားတာပါ။ အဲ . . နောက်ဆုံး တစ်ချက်တော့ သေချာ မှတ်မိတယ်ဗျ ”

“ - - - - -  ”

“ သူနဲ့ သူ့ချစ်သူက အချိန် ၄ နာရီ ကွာတယ်တဲ့ ”

“ ဟာ . . . ကိုဇော်ကလဲ ၊ ဒါပဲ ဖုန်းချပြီ ”

ဖုန်းကို ဂွပ်ခနဲ လမ်းမပေါ်တော့ ရှက်ကိုး ရှက်ကန်းနဲ့ မချလိုက်ပါနဲ့ ကိုယ်ချစ်ရတဲ့ ကောင်မလေးရယ်။ မင်း မသိလို့ပါ။ ဒီမှာ ကိုယ့်ဘက်မှာလည်း ကိုယ့်ရဲ့ နှလုံးသားတွေက ကဆုန်စိုင်းနေတဲ့ ကျွဲရိုင်း တစ်ကောင်လို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ လူတစ်ကိုယ်လုံးပါ သွက်သွက်ခါနေခဲ့ပြီ။

အချစ်ဆိုတာ ဒီလိုလား။



“ တီတီ . . . . တီတီတီ  . . . . တီတီ . . . . တီတီတီ  . . . .  ”

ဟဲ့ . . . ညက်ချွတ်ဖျား။ လန့်ထှာ။ ရင်ထဲမှာ နွေးခနဲ ၊ အေးခနဲ နဲ့ အချစ်ရဲ့ ခံစားမှုလေးကို ပြန်လည် ခံစားနေတုန်း ဖုန်းဝင်လာ၏။

“ ဟလို ”

“ ဟေ့ကောင် ၊ မင်း ဖုန်းကလည်း ခေါ်လိုက်ရတာ ၊ ဘာလဲ ဂျော့ဘုခ်ျ လောက် အလုပ်များနေတာလား ”

“ သြော်. . . သန်းထိုက် ၊ ဆောရီး သူငယ်ချင်း ခုနက အသိတစ်ယောက်နဲ့ ဖုန်းပြောနေလို့  . . ဟီး ဟီး ”

“ အမ်. . . ဘာ ဟီးဟီး လဲ။ တစ်ခုခုတော့ တစ်ခုခုပဲ ဟေ့ကောင် ၊ ငါ့ကို သေချာ ပြောပြပါဦး ”

“ အေးကွာ ၊ ငါကလည်း ရင်ဖွင့်ချင်နေတာပါပဲ ၊ ဒီလိုကွာ - - - - - - - - - - -- - - - - - - -- - - -  ”

“ သြော်. . . အင်း . . . ”

“ အဲဒါပဲကွာ။ သူနဲ့ ငါ အခု နောက်ပိုင်း နေ့တိုင်း စကားပြောဖြစ်တယ်။ ပြီးတော့ သူ့ကို ငါ စိတ်ဝင်စားတယ် ”
“ သေချာလို့လား ၊ မဟုတ်ဘဲနဲ့တော့ အွန်လိုင်းပေါ်မှာ ဆိုပြီး မိန်းကလေး တစ်ယောက်ကို စိတ် အနှောင့်အယှက်တော့ မပေးနဲ့ကွာ။ ဒါဆိုရင်တော့ မကောင်းဘူး ”

“ မင်းကွာ။ မိန်းမရှေ့နေ လုပ်တာလည်း လူကို ကြည့်လုပ်ပါကွာ။ ငါက အဲဒီလို လူလား။ မင်းလည်း ငါ့အကြောင်း သိပါတယ် ”

“ အေး ဆောရီး။ ဒါတော့ ဟုတ်ပါတယ်။ အခု နောက်ပိုင်းမှာ အွန်လိုင်းက ဆိုပြီး လူတွေက မျက်နှာလွှဲ ခဲပစ် လုပ်တတ်ကြလို့ပါ ”

“ ငါ မလုပ်ပါဘူးကွ ”

“ နေဦးကွ။ မင်းကရော သူ့အကြောင်း သေချာ စုံစမ်းပြီးပြီလား ၊ တကယ်လို့ မင်းရဲ့ ဘလော့ ၊ မင်းရဲ့ စာတွေကို ရိုးရိုးသားသား အားပေးနေတဲ့ စာဖတ်သူ တစ်ယောက် ဆိုရင်တော့ ၊ မင်းကို ခင်မင် လေးစားမှုမှာ မင်းက အခွင့်အရေး ယူသလို ဖြစ်သွားရင်တော့ မကောင်းဘူးနော် ”

“ အင်း . . . ဟုတ်တယ် သူငယ်ချင်း ဟုတ်တယ်။ ဒါဆို ငါ ဘာလုပ်ရမလဲ ”

“ မင်းကို လေးစား ခင်မင်တာလား။ မင်းကို စိတ်ဝင်စားတာလား ဆိုတာကိုတော့ မင်းသေချာ လေ့လာရမယ် သူငယ်ချင်း။ ဒီအတွက် အကောင်းဆုံး လုပ်နည်း ရှိပါတယ် ”

“ ဘာလဲကွ ”

“ သူ့မှာ ချစ်သူ ရှိလားလို့ သေချာအောင် မေးလေ။ တကယ်လို့ သူ့မှာ ချစ်သူ မရှိဘူး။ မင်းကို စိတ်ဝင်စားတာ ဆိုရင်တော့ မင်းဘက်က လှုပ်ရှားသင့်ပါတယ်။ ဒါပေမဲ့ . . . .  ”

“ ဘာဖြစ်ရပြန်တာလဲ။ ဒါပေမဲ့ကြီးက . . . ”

“ ဒါပေမဲ့. . . မိန်းကလေး ဘက်က စလို့ ဆိုပြီးတော့လည်း မင်းတို့ ယောက်ျားတွေ ဘာညာ ပေါက်ကရ မင်း ပါးစပ်ကတော့ ထွက်မယ် မကြံနဲ့နော်။ မင်း ပါးစပ်က ထွက်လို့ကတော့ မြန်မာနိုင်ငံ ပြန်ရောက်ရင်တော့ မင်း ငါ့လက်သီးနဲ့တွေ့ပြီသာမှတ် ”

“ ဟ . . . မင်းကလည်း အသားလွတ်ကြီးပါလားကွ။ မင်းကိုများ ငါက ကြောက်မယ် ထင်နေလား။ မင်းက ဘာကောင်မို့လို့လဲ ”

“ တော်ပြီ ဟေ့ကောင်။ မင်းနဲ့ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ အဓိက က မင်းကို ငါက သေချာလေး ဖြစ်စေချင်လို့ အဲဒီကောင်မလေးနဲ့။ ဒီတော့ မင်း သူ့မှာ ချစ်သူ ရှိလား ၊ မရှိဘူး လားဆိုတာကို သေချာမေး။ သူ့မှာ မရှိဘူး ဆိုရင်တော့ မင်း လှုပ်ရှားတော့ သူငယ်ချင်း။ ”

“ အေးကွာ . . ငါ ကြိုးစားမယ် ”

“ နေဦး။ ငါ သေချာ တစ်ခု ပြောဦးမယ်။ ”

“ လုပ်ပြန်ပြီ ”

“ နားထောင်လေကွာ။ ငါ့မေးလ်ထဲကို ဝင်လာတဲ့ မေးလ်ထဲက စာလေး တစ်ကြောင်းကို ငါကြိုက်တယ်ကွာ။ ဘယ်သူရေးတာလဲတော့ မသိဘူး ”

“ ပြောမှာကို မပြောဘူး ၊ ပေရှည်နေတယ် ”

“ ဒီလို . . .“ နင်နဲ့ ငါ့အကြားမှာ ခြေလှမ်း ၁၀၀ ဝေးနေပါစေ။ နင့်ဘက်က တစ်လှမ်း စလှမ်းခဲ့ပါ။ ကျန်တဲ့ ၉၉ လှမ်း ငါ လှမ်းလာခဲ့မယ် ” တဲ့။ အခု သူ့ဘက်က မင်းကို ခြေလှမ်း တစ်လှမ်း လှမ်းတယ် လို့ ဆိုပါစို့။ ကျန်တဲ့ ခြေလှမ်း ၉၉ လှမ်းကတော့ ယောက်ျားလေး ဖြစ်တဲ့ မင်းဘက်က လှမ်းရမှာပဲ။ ငါကတော့ ဒီလို ကိုယ်ချစ်တာကို ကိုယ်ချစ်တယ် ဆိုပြီး ဖွင့်ပြောရဲတဲ့ မိန်းကလေးမျိုးကို သဘောကျတယ်ကွာ။ လေးစားတယ်။ ”

ကိုယ် ဒီဘက်က သူ့ကို မမြင်ရပေမဲ့ ပြုံးမိ၏။ သူ့လို ယောက်ျားမျိုးကတော့ တကယ့်ကို ရှာမှ ရှားပါပဲ။

“ ဟုတ်ပါပြီ မိန်းမ ရှေ့နေကြီးရယ်။ ငါ သဘောပေါက်ပါတယ်ကွာ။ နောက်ပြီး ငါက အဲဒီလို အွန်လိုင်းက မို့လို့ တို့ ဘာတို့ စိတ်ထဲမှာ မရှိတာ မင်းသိပါတယ်။ ”

“ အေးပါ ဟုတ်ပါတယ်။ ဒါတော့ ငါလည်း သိပါတယ်။ ဒါကြောင့်လည်း မင်းကို ဒီလောက်ပြောတာပေါ့။ ဟိုကောင်တွေ ဆိုရင် ဆက်ကို မပြောဘူး။ ဟိုတလောက စလုံးမှာ ငါတို့ သင်္ဘော ကမ်းကပ်သေးတယ်။ ငါ ဒီကောင်တွေကို ဖုန်းတောင်မှ မဆက်ဘူး။ ရှုပ်လို့ . . . ”

ထပ်၍ ထပ်၍ ကိုယ် ပြုံးမိသည်။ သူကတော့ ဒီလိုပါပဲ မိန်းမတွေကို မှိုချိုး မျှစ်ချိုး ပြောတာကို လုံးဝ လက်မခံနိုင်သော သူ ဖြစ်သည်။

“ အေးပါ ၊ ငါ သဘောပေါက်ပါတယ် ”

“ ဒါဆို ဆက်လုပ်တော့ သူငယ်ချင်း။ ငါ အားပေးတယ်။ မင်းကောင်မလေးနဲ့ ချစ်သူ ဖြစ်သွားရင်လည်း သူ့ကို ပြောလိုက်စမ်းပါ။ ငါက လေးစားပါတယ်လို့ ”

“ ဟားဟားဟား . . . သေချာလှချည်လား သူငယ်ချင်း။ ပြောလိုက်မှ ငါ ကွဲနေရင်ရော ”

“ မကွဲဘူး သေချာတယ်။ ဒီလိုမျိုးက တော်ရုံတန်ရုံ မိန်းကလေး မဟုတ်ဘူးကွ။ အာဂ လို့ ခေါ်တယ်။ မင်း ကံကောင်းတာကွာ။ ဒါကိုမှ ရအောင် မယူနိုင်ရင် မင်းတော့ တစ်သက်လုံး သွားပြီသာ မှတ် ”

“ အေးပါ။ ငါ ရအောင်ကို ကြိုးစားမယ်ကွာ။ မင်းကို ကတိပေးတယ် ”

“ အိုကေ. . . ဒါဆို ဂွတ်နိုက် သူငယ်ချင်း ၊ ငါ နောက်မှ ထပ်ဆက်မယ် ”

“ အိုကေ . . ကျေးဇူးပဲကွာ ၊ ဘိုင် ”

“ - - - - - - - - ”



အိမ်ကို ကိုယ်ရောက်တော့ ကွန်ပျူတာလေးကို ဖွင့်ပြီး Gtalk လေးကို တတ်ကြည့်လိုက်တော့ နှင်းနွယ် လိုင်းပေါ်မှာ ရှိမနေပါ။ သူမ ရှိနေမယ်လို့ မျှော်လင့်မထားပေမဲ့ အခုလို မတွေ့ရတော့လည်း လူက ပြောရခက်စွာ တစ်ခုခုကို ခံစားလိုက်ရသလို ဖြစ်မိသည်။ သူ့အကောင့်က Call နှိပ်မရတာကိုပဲ နားကျည်းနေ သလိုလို။

မရမဲ့ အတူတူ နှင်းနွယ် ကဗျာလေးကို သွားဖတ်ဦးမှ ဆိုပြီး သူ့နေရာလေးကို သွားလိုက်မိ၏။ သူ့မရဲ့ နေရာက Theme ကို သူမ ထွေထွေထူးထူး မပြင်ထားပါ။ Logo လေးကိုတော့ အချစ်ဆိုက်မို့ ထင်သည် ပန်းနုရောင် အသည်းပုံလေးကို တင်ထား၏။ သူမရဲ့ ပို့စ်တွေကို နှိပ်လိုက်ပြီး သူမရေးထားသော ကဗျာလေးတွေကို တစ်ပုဒ်ချင်းစီ ဖတ်နေမိသည်။ ပြီးတော့ အောက်မှာ Comment ဆိုတာကိုတော့ ငါဖတ်သွားတယ် ဆိုတာကို သိအောင် ရေးဦးမှ ဆိုပြီး ကိုယ် ခံစားရတဲ့ အတိုင်း ချရေးလိုက်မိသည်။

“ ချစ်တဲ့ လူနဲ့ စိတ်ကူးထဲက အတိုင်း လက်တွဲ သွားလာနိုင်ပါစေ ”

ထွေထွေထူးထူးတော့ မဟုတ်ပါဘူး လို့ ကိုယ့်ရေးထားတာ ကိုယ်ပြန်ဖတ်ပြီး စီစစ်လိုက်မိသည်။ ပြီးတော့ Home ကိုနှိပ်ပြီး မျက်နှာကို ပြန်သွားလိုက်သည်။ သူများတွေ ဘာပို့စ်တွေ လာတင်လဲ ၊ ဘယ်လို ကဗျာတွေ လာတင်လဲ သွားစစ်ဖို့ သွားလိုက်ပေမဲ့ Home ကို ရောက်မှ ကိုယ် တစ်ခုကို သွားသတိရ၏။ သူ့ရဲ့ နေရာလေးကို ကိုယ်ရောက်ခဲ့ကြောင်း သူမကို ဘယ်လို သက်သေပြရင် ကောင်းမလဲ။ ဒါကြောင့် Back ကို ပြန်နှိပ်လိုက်သည်။

သူ့နေရာလေးကို ရောက်တော့မှ ကိုယ် ဘာချရေးရမှန်း မသိ ဖြစ်နေ၏။ ဟိုလိုလို ဒီလိုလို စဉ်းစားနေရင်း ကိုယ် ရုတ်တရက် ငယ်ငယ်က ဦးလေး ဖြစ်သူနဲ့ အငြင်းအခုန် ဖြစ်ခဲ့ရသော ပုံပြင်လေး တစ်ခုကို သွားသတိရသည်။ ဒါကြောင့် Google / Image ကနေပြီး နှင်းဆီပန်းပုံ လေး တစ်ခုကို ရှာကာ သူ့မျက်နှာမှာ ထည့်လိုက်သည်။ ပြီးတော့မှ နှင်းဆီပန်းပုံလေးရဲ့ အပေါ်မှာ. . . .

“ အလည် ရောက်ခဲ့ပါတယ်။ ပျော်ရွှင်ပါစေဗျာ ”

လို့ ရေးလိုက်သည်။ ပြီးတော့မှ Home ကို နှိပ်ပြီး မျက်နှာစာကို သွားလိုက်သည်။ ပြီးတော့ ကိုယ် သူများတွေ တင်ထားတဲ့ ကဗျာတွေ ၊ စာတွေ ၊ ပုံတွေကို လိုက်ပြီး စစ်သည်။ ဘာမှ ထွေထွေထူးထူး မတွေ့။ ဒီအချိန်မှာ ကိုယ့်ဖွင့်ထားတဲ့ မေးလ်ထဲကို မေးလ် တစ်စောင် ဝင်လာ၏။ ကိုယ် ဖွင့်ကြည့်လိုက်တော့ LC ကနေ ကိုယ့်မျက်နှာစာမှာ တစ်ယောက်က လာရေးသွားတယ် ဆိုတာကို ပြနေသည်။ အဲဒီထဲက လင့်အတိုင်း သွားလိုက်တော့ ကိုယ့်နေရာမှာ  “ နှင်းရိပ်လမင်း ” က လာရေးသွားတာ . . . .

“ ကဗျာလေးကို လာအားပေးသွားတာ ကျေးဇူးတင်ပါတယ် ကိုဇော်။ လာလည်တဲ့ အတွက်လည်း ကျေးဇူးပါပဲ ”

ဒါဆို သူ Gtalk ပေါ်သာ မတတ်တာ ရှိတော့ ရှိနေတယ်ပေါ့။ နှင်းနွယ် မေးလ်ထဲမှာတော့ ရှိနေတယ် ဆိုတဲ့ သဘောပဲ။ ကိုယ်သူ့နေရာကို သွားလိုက်ပြီး သူ့ကို Personal Message ပို့လိုက်သည်။

“ နှင်းနွယ် နေကောင်းရဲ့လား။ ဘာလို့ လိုင်းပေါ် မတတ်တာလဲ။ နေများ မကောင်းဘူးလား ”

ကိုယ် Send ကို နှိပ်ပြီး ခဏစောင့်နေလိုက်တော့ သူ့ဘက်က ဘာမှ ပြန်မလာ။ အတော်ကြာအောင် သူ့ဘက်က Reply ကို စောင့်နေပေမဲ့ ပြန်မလာ။ သူ နေမကောင်းဘူးလား။ ဒါမှမဟုတ် အိပ်ပဲ အိပ်သွားပြီလား။ အတော်ကို ကြာသွားတော့မှ ကိုယ့်ဗိုက်က အချက်ပြ၏။ ဟုတ်ပ ကိုယ် ဘာမှ မစားရသေးဘဲ ကွန်ပျူတာ ရှေ့မှာ ထိုင်ကာ လုပ်နေမိတာ ဖြစ်သည်။ တစ်ခုခုတော့ စားဦးမှ ဆိုပြီး ပိုက်ဆံအိတ်နဲ့ ဖုန်းကို ဆွဲပြီး ထွက်လာတဲ့ အချိန် အထိ သူ့ဘက်က Reply ကို မတွေ့ရပါ။ စိတ်ဖြတ်ကာ အောက်ကိုဆင်းခဲ့သည်။

အောက်ကို ရောက်တော့ ထမင်းဆိုင်က စားစရာကို ဝယ်ပြီး အခန်းကို ပြန်လာခဲ့သည်။ စားဖို့ ဖော့ဘူးလေးကို ဖွင့်လိုက်ရင်း Sleep ဖြစ်နေတဲ့ ကွန်ပျူတာအတွက် mouse ကို လှုပ်လိုက်တော့ ဖော်ထားတဲ့ မျက်နှာစာလေးက ရောက်လာသည်။ မေးလ် နှစ်စောင်ဝင်နေ၏။ တစ်စောင်က LC မှာ ကိုယ် နှင်းနွယ်ကို ပို့ထားသော Personal Message ကို Reply လုပ်ထားသော မေးလ်ဖြစ်ပြီး နောက်တစ်စောင်ကတော့ ကိုယ့်ဆီကို မေနှင်းနွယ် Email ကနေ လှမ်းပို့ထားသော မေးလ်ဖြစ်သည်။

“ နှင်းနွယ် နေကောင်းပါတယ် ကိုဇော်။ ဘာကိုမှန်း မသိဘူး မျက်နှာပူနေလို့ လိုင်းပေါ် မတတ်ဖြစ်တာပါ။ လိုင်းပေါ် တတ်ဖြစ်ရင်လည်း ကိုဇော့်ကို ဟိုမေး ဒီမေး လျှောက်မေးဖြစ်နေမှာလေ။ ဒါကြောင့် မတတ်ဖြစ်တာပါ။ ကိုဇော်ရော နေကောင်းတယ် မဟုတ်လား ”

ဒါလေးသာ ရေးထားသည်။ ကိုယ်က ယောက်ျားလေး ပီပီ သူ့ကို မေးလ်ချက်ချင်း ပြန်လိုက်သည်။

“ ကျွန်တော်လည်း နေကောင်းပါတယ် နှင်းနွယ်။ ကျွန်တော်က နှင်းနွယ်ကို ပြောစရာတွေ ရှိလို့ အွန်လိုင်းမှာ စောင့်နေတာပါ။ တကယ်လို့ နှင်းနွယ် တတ်လာမယ် ဆိုရင် ကျွန်တော် စကားပြောချင်နေတဲ့ အချိန် ဆိုတော့ ပျော်မိမှာပါ။ ခဏတော့ တတ်လာပါလား နှင်းနွယ် ”

ဒီလိုရေးပြီး ပို့လိုက်မိသည်။ တကယ်တော့ သူမ Invisible နဲ့ ရှိနေလောက်တယ် လို့ ကိုယ် ထင်သည်။ ဂျီပုန်း ဆိုပါတော့လေ။ ကိုယ့်ကို ပုန်း၍ ချောင်းကြည့်ချင် ကြည့်နေနိုင်သည်။ ဒါပေမဲ့ သူမ စိတ်သဘောကျ အတိုင်းသာ ဖြစ်စေချင်ပါသည်။ သူမ မတတ်လာချင်တာကို ကိုယ်က အတင်းတော့ မခေါ်ချင်ပါ။ သူမ ဖာသာ တတ်ချင်စိတ်နဲ့ တတ်လာမှသာ ကိုယ် သူမကို ပြောချင်တာတွေ မေးချင်တာတွေ ၊ သူမ မေးတာတွေ ဖြေချင်သည်။

“ ကိုဇော် ”

ဟင်. . . ကိုယ့်ဖာသာ အတွေးတွေ လွန်နေတာနဲ့ သူမ အွန်လိုင်းပေါ် တတ်လာတာတောင်မှ ကိုယ် သတိမထားမိလိုက်။ သူမက ခေါ်တော့မှသာ သတိထားမိတော့သည်။

“ ဟော . . နှင်းနွယ် ၊ လိုင်းပေါ်တတ်လာပြီ။ နေကောင်းရဲ့လား။ ကျွန်တော်က ဘာများ ဖြစ်နေတာလဲလို့ပါ ”

“ နှင်းနွယ် နေကောင်းပါတယ် ကိုဇော် ၊ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေလို့ မတတ်ဖြစ်တာပါ ”

“ ဒါဆိုလည်း နားလေ။ ကျွန်တော်က ပြောစရာတွေ ရှိလို့ စောင့်နေတာပါ ”

“ ဟုတ်. . . အခု တတ်လာပြီ။ ပြောလေ ရပါတယ် ”

“ ဒါဆိုရင် ကျွန်တော် Call လိုက်မယ်နော် ”

“ ဟုတ်ကဲ့ ”

ဒီတော့မှ Gtalk မှ ခေါ်ကာ နှင်းနွယ်နဲ့ ကိုယ် စကားစပြောဖြစ်၏။

“ ခေါ်မဲ့သာ ခေါ်လိုက်ရတာ နှင်းနွယ် တခြား ကိစ္စတွေနဲ့ စိတ်ရှုပ်စရာ ရှိနေရင်တော့ နားပါ။ နောက်မှ ကျွန်တော် ပြောပါ့မယ် ”

“ မရှိပါဘူး ကိုဇော်။ စိတ်ထဲမှာ ပင်ပန်းသွားသလို ဖြစ်သွားလို့ပါ ၊ အခု ဘာမှ မဖြစ်တော့ပါဘူး။ ပြောပါ ”

“ သြော်. . ဟုတ် ”

ပြောမယ် ဆိုတော့မှ ဘယ်က ဘယ်လို စပြောရမယ်မှန်း မသိ။

“ ဟို .. . . . ဟိုလေ. . . ”

“ ဘာများလဲ ကိုဇော်။ ပြောရခက်တဲ့ ကိစ္စ ဖြစ်နေလို့လား ”

“ အဲ . .  ဒီလိုလည်း မဟုတ်ပါဘူး။ အင်း . . အဲ . . ပြောမယ် ဆိုတာထက် မေးချင်တာပါ ”

“ ဟုတ်. . . မေးပါ ”

“ အဲ . . ဟိုလေဗျာ။ နှင်းနွယ် ကဗျာလေး ဖတ်ပြီးတော့  ကျွန်တော် တစ်ခုခုကို ခံစားမိသလို ဖြစ်နေတယ် ”

“ - - - - - -  ”

“ အဲဒါဗျာ။ ကျွန်တော် နှင်းနွယ် ဆီက တစ်ခု တောင်းဆိုချင်တယ် ”

“ အင်းးးးးးးးးးးးးး ”

“ နှင်းနွယ် ကျွန်တော့်ဓါတ်ပုံကို မြင်ဖူးတယ် လို့ ပြောဖူးတယ်နော် ”

“ ဟုတ်တယ်လေ ကိုဇော်။ ကိုဇော့် ဘလော့မှာ တင်ထားတုန်းက နှင်းနွယ် မြင်ဖူးတာပါ ”

“ ဟုတ်. . . အဲဒါဗျာ။ ကျွန်တော် တစ်ခု စဉ်းစားမိတယ်။ ကျွန်တော်က အတော်ရိုင်းတဲ့ လူဗျ။ ကိုယ့်ကို လာထိရင် နည်းနည်းလေးမှ သည်းခံတတ်တာ မဟုတ်ဘူး။ တကယ်လို့ပေါ့ ကျွန်တော်နဲ့ နှင်းနွယ် အပြင်မှာ ဆုံတွေ့ကြပြီး လမ်းပေါ်မှာ လမ်းလျှောက်ရင်း ဝင်တိုက်မိကြပြီ ဆိုပါစို့။ အဲဒီအချိန်မှာ နှင်းနွယ်က ဘာမှ မဖြစ်ပေမဲ့ ကျွန်တော်က တော်တော် နာသွားတယ် ဆိုရင် ကျွန်တော် နှင်းနွယ်ကို နှင်းနွယ် မှန်း မသိဘဲနဲ့ ပြောမိ ဆိုမိမှာပဲဗျ။ အခန့် မသင့်ရင် လက်တွေ ဘာတွေတောင်မှ ပါလာမလား မသိပါဘူးဗျာ။ ”

“ ရှင် . . .  ”

“ ဟုတ်တယ်ဗျ။ ကျွန်တော်က အတော်ကို ရိုင်းတာကိုး။ ဒါပေမဲ့ အဲဒီကိစ္စက အဲဒီမှာ မပြီးဘဲ ကျွန်တော်က ဒေါသတွေ ပေါက်ကွဲပြီး အွန်လိုင်းပေါ် ရောက်မှ နှင်းနွယ်နဲ့ တွေ့တော့ နှင်းနွယ်ကို ပြောမိမယ်။ နှင်းနွယ်ရယ် ကျွန်တော် ဒီနေ့ မိန်းမ တစ်ယောက်နဲ့ လမ်းမှာ ဝင်တိုက်မိတယ်။ ကျွန်တော် အတော်နာ သွားတယ်။ ဒီတော့ဗျာ ကျွန်တော် သူ့ကို ပက်ပက်စက်စက် ပြောဆို လုပ်ပစ်လိုက်တယ်ဗျာ လို့။ ဒီတော့မှ နှင်းနွယ်ကလည်း ဓါတ်ပုံမှာသာ မြင်ဖူးတာ အပြင်မှာ သေချာ တွေ့ဖူးတာ မဟုတ်လေတော့ အဲဒီကျမှပဲ “ သြော်. . ငါ့ကို ဝင်တိုက်တာ ကိုဇော်ကိုး ” ဆိုပြီး ဖြစ်မယ်ဗျာ။ ”

“ ဒီတော့ . . . .  ”

“ သြော်. . . တကယ်တော့ဗျာ ဒီလို ကိစ္စတွေ ဆိုတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတွေပဲ မဟုတ်လား။ တစ်ယောက်နဲ့ တစ်ယောက် ဒီလောက် ခင်မင်ရင်းနှီးနေမှ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးဘူး ဆိုတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုသာ ကြုံလာခဲ့မယ် ဆိုရင် ဘယ်လိုလုပ်မလဲ ”

“ အဲဒီတော့ ကိုဇော်က ဘယ်လို ဖြစ်ချင်လို့လဲ ”

“ ဒီတော့ဗျာ။ တစ်ယောက်ကို တစ်ယောက် မြင်ဖူးအောင် နှင်းနွယ်ရဲ့ ဓါတ်ပုံလေး ကျွန်တော့်ကို ပို့ပေးပါလား။ ကျွန်တော့် ဓါတ်ပုံလည်း နှင်းနွယ်ဆီကို ပို့ပေးမယ်လေ။ ဒါဆိုရင် တစ်ယောက်ကို တစ်ယောက် မြင်ဖူးထားတော့ အပြင်မှာ လူချင်း တိုက်မိတာတောင်မှ ငါ့ကို တိုက်မိတာ နှင်းနွယ် ဆိုပြီး ကျွန်တော် အရမ်းနာ သွားရင်တောင်မှ ကျွန်တော် ဒေါသ မဖြစ်မိတော့ဘူးပေါ့ဗျာ။ အဲ . . ဒီနေရာမှာ တစ်ခု ရှိတာက ကျွန်တော်ကလေ ဓါတ်ပုံလေးကိုပဲ မြင်ဖူးပေမဲ့ လူကိုလည်း အပြင်မှာ မြင်ရင် မှတ်မိတတ်တဲ့ ဦးနှောက် ကောင်းကောင်းတော့ အမေ့ဆီက မွေးရာပါ ရထားခဲ့တယ် ဆိုတာပါပဲ ”

ဟာ . . . ပြောနေရင်းနဲ့ကို ကိုယ့်ကိုယ်ကိုယ် သဘောကျလိုက်တာ. .  ၊ ကိုဇော် . . . မင်း ဒီလို စကားတွေ ဘယ်ကနေ ဘယ်လို ပြောတတ်သွားတာလဲ။ ဘယ်ကနေ သင်တာလဲ။ ကိုဇော်  . . . မင်း  ပိုင်သကွာ။ မင်း. . . ပိုင်သကွာ။

“ ဟား . . ဟား . . ဟား . . . ကိုဇော် လူလည်ကြီး ”

“ ဟင် . . . ဘာလဲ ၊  ဘာလည်လို့လဲ ”

“ ဟုတ်တယ်လေ ၊ နှင်းနွယ့် ဓါတ်ပုံကို လိုချင်လို့ တဖက်လှည့်နဲ့ တောင်းနေတာ မဟုတ်လား ”

“ မဟုတ်ပါဘူး။ အပြင်မှာ တိုက်မိရင် မှတ်မိအောင်လို့ပါ ”

“ သြ . . . ဒါဆိုရင်တော့ မပူနဲ့။ နှင်းနွယ်ကလည်း ဓါတ်ပုံ မြင်တာနဲ့ လူကို အပြင်မှာ မှတ်မိတဲ့ ဦးနှောက် ကောင်းကောင်းလေး ရှိပါတယ် ကိုဇော်ရဲ့ ”

“ မထင်ပါဘူးဗျာ ကျွန်တော်ကတော့ မထင်ဘူး။ နောက်ပြီး နှင်းနွယ်က မှတ်မိနေပေမဲ့ ကျွန်တော်က မမှတ်မိတော့ အတင်း ရန်လုပ်ရင် ဘယ်လိုလုပ်မလဲ ”

“ ကဲပါ. . . အဲဒီလောက်လည်း ပြောမနေပါနဲ့နော်။ နှင်းနွယ် ပို့ပေးပါ့မယ်။ ဒါပေမဲ့ ကိုဇော် အရင်ပို့ ”

“ ကျွန်တော်ကလည်း ဖိုင်တောင်မှ ချုပ်ပြီးသွားပြီ။ အခု ပို့ဖို့ အဆင်သင့်ပဲ။ နှင်းနွယ်က ပို့မယ် ဆိုတာနဲ့ ကျွန်တော်က Send လိုက်ယုံပဲ ”

“ သြ . . . သြော်. . . အတော်ကို မလိုချင် ရှာဘူးပေါ့နော် ၊ ပြီးတော့ အားလုံးတောင်မှ ကြိုတင် ပြင်ဆင်ထားတယ် ”

“ အဟဲ. . . လမ်းမှာ တွေ့ရင် ရန်မဖြစ်ရအောင်ပါ ”

“ ဟုတ်ပါပြီ ပို့ပေးပါ့မယ် ၊ အခု ကိုဇော် ပို့လိုက်တော့လေ။ ကိုဇော့်ဆီက ရောက်တာနဲ့ နှင်းနွယ် ပို့ပေးပါ့မယ် “
“ ဟုတ်. . . ဒါဆို Send ပြီဗျာ ”

ကိုယ် မေးလ်ထဲမှာ ဖိုင်ချုပ်ထားတဲ့ ကိုယ့်ပုံလေး သုံးပုံကို ပို့ပေးလိုက်သည်။ သူ့ဆီကို ရောက်သွားလောက်ပြီ ဆိုတဲ့ အချိန်မှာမှ သူမဘက်က စကားစလာသည်။

“ ဒီပုံတွေတော့ မတွေ့ဖူးတာ အမှန်ပဲ ကိုဇော် ”

“ ဟုတ် ။ ကျွန်တော်ကတော့ ဘယ်ပုံကိုမှ လုံးဝကို မတွေ့ဖူးတာပါ နှင်းနွယ် ”

“ အမလေး တကတည်း ဖြစ်နေလိုက်တာ ၊ ပို့ပေးပါ့မယ် ဆိုတာကို။ ကဲ . .  အခုပဲ Send လိုက်ပြီ ”

“ ဟုတ်ကဲ့ . . . မရောက်သေး. . . . အဲ . .  ဝင်လာပြီ ၊ ရရှိပါကြောင်း. . . . ”

တကယ်ကို သူမရဲ့ ပုံလေး နှစ်ပုံ ကိုယ့်မေးလ်ထဲကို ရောက်လာခဲ့သည်။ လည်စည်းလေး လည်ပင်းမှာ ပတ်ကာ မောလ်တွေမှာ ပြထားတတ်တဲ့ ကားကို နောက်ခံထားကာ ရိုက်ထားသော ပုံ တစ်ပုံနဲ့ နောက်ခံ တံတား တစ်ခုပေါ်မှာ ရိုက်ထားသော ပုံ တစ်ပုံ။

“ သြော်. . . နှင်းနွယ်က ကားရေ ဆေးတဲ့ အလုပ်လုပ်တာကိုး  ”

“ ဟာ . .  ကိုဇော်နော်။ သူများက ကား မော်ဒယ် ပြနေတာပါ ”

“ သြ . . . ဂလိုလား။ မသိဘူးလေဗျာ။ လည်ပင်းမှာလည်း လည်စည်း အဝတ်နဲ့ ဆိုတော့ ကျွန်တော်က အဲဒါနဲ့ ကားကို ရေဆေးတယ် မှတ်နေတာ ”

“ လူကိုများ . . . ဟွန်း . . .  ”

“  နောက်တာပါ နှင်းနွယ်။ တကယ်တော့လေ. . . ”

ခုနက စနောက်နေသော လေသံ မဟုတ်ဘဲ ကိုယ် တကယ်ကို တည်ကြည်သော လေသံဖြင့် သူ့ကို ပြောလိုက်သည်။ ဒီတော့ သူ့ဘက်ကလည်း ခဏလေး ငြိမ်သွားပြီး နားထောင်နေသည်။

“ တကယ်တော့ ကျွန်တော်  နှင်းနွယ် ဓါတ်ပုံကို ကြည့်အပြီးမှာ ၊ ပြီးတော့ နှင်းနွယ် နဲ့ စကား ပြောအပြီးမှာ ကျွန်တော့်ရင်ထဲက ခံစားချက် တစ်ခု အလိုလို ခံစားလာရတယ်ဗျာ ”

“ - - - - - - - ”

“ နှင်းနွယ်မှာ ချစ်သူ ဆိုတာ ရှိရင် ဒီကမ္ဘာပေါ်မှာ သူက ကံအကောင်းဆုံး လူသား ဖြစ်မယ် ထင်တယ်နော်။ ဘာလို့လဲ ဆိုတာတော့ ကျွန်တော် သေချာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီလိုပဲ ခံစားနေရတယ်။ ဒါကြောင့်မို့ နှင်းနွယ် ရဲ့ ချစ်သူ ဆိုတာကို ကျွန်တော် သိချင်လာတယ်။ နှင်းနွယ်မှာ ချစ်သူ ရှိလား ဆိုတဲ့ အမေးရဲ့ အဖြေဟာ ကျွန်တော့် အတွက် အခုနေ အချိန်မှာ အရေးအကြီးဆုံး ဖြစ်လာခဲ့တယ်။ ဒါကြောင့် မေးခွင့် ရရင် ကျွန်တော် မေးချင်တယ် ”

“ - - - - - - - ”

“ နှင်းနွယ်မှာ ချစ်သူ ရှိလား ၊ တကယ်လို့ ရှိတယ် ဆိုရင် သူက ဘယ်လို ပုံစံမျိုးလဲ ၊ ပြီးတော့ သူ့ကို ကျွန်တော် မြင်ဖူးချင်တယ်။ တကယ်လို့ မရှိဘူး ဆိုရင်လည်း နှင်းနွယ်ရဲ့ ချစ်သူ ဆိုတာ ဘယ်လို လူမျိုး ဖြစ်နိုင်မလဲ ကျွန်တော် သိချင်တယ် ”

“ - - - - - - - ”

သူမဘက်ဆီမှ ဘယ်လို အသံမျိုးမှ မကြားရပါ။ တိတ်ဆိတ်မှုက အားလုံးကို လွှမ်းခြုံထားသည်။ ကိုယ့်နားတွေကလည်း ဒီအချိန်မှာ ကိုယ့် ဘေးနားမှာ ဗုံးလာပေါက်ရင်တောင်မှ ကြားမိလိမ့်မည် မဟုတ်။ တလောကလုံးမှာ သူမရဲ့ အသံကသာ ဒီအချိန်မှာ အရေးကြီးဆုံး ဖြစ်နေခဲ့သည်။

“ ဟလို . . . နှင်းနွယ် . . ”

“ - - - - - - - ”

“ နှင်းနွယ်. . . ”

“ ရှင် . . . နှင်းနွယ် ရှိပါတယ် ကိုဇော် ”

“ သြော် . . ကျွန်တော် ပြောတာတွေ ကြားရဲ့လားဗျာ ”

“ ဟုတ်ကဲ့ ကြားပါတယ် ကိုဇော် ”

“ ကျွန်တော် မေးလိုက်တာရော ကြားရဲ့လား ”

“ ဟုတ်ကဲ့ ကြားပါတယ် ကိုဇော် ”

“ ဒါဆို ကျွန်တော် မေးတာလေးကို ပြန်ဖြေနိုင်တယ် မဟုတ်လား ”

“ ဟင်း . . .  ”

သူမဆီမှ သက်ပြင်းကို ခပ်ပျော့ပျော့ချသံ ကြားရသည်။

“ ကိုဇော်. . . ”

“ ဗျာ . . ”

“ နှင်းနွယ် . . . ကတိပေးပါတယ် ကိုဇော်။ ကိုဇော့်ကို နှင်းနွယ် အမှန် အတိုင်း ပြောပြပါ့မယ်။ ဒါပေမဲ့ မနက်ဖြန်မှ ပြောမယ် ဆိုရင် ကိုဇော် ခွင့်ပြုနိုင်မလား ”

“ ဟုတ်ကဲ့ ရပါတယ် ”

“ ဆောရီးနော် ကိုဇော် ၊ ဒီနေ့ နှင်းနွယ် စိတ် အရမ်း ပင်ပန်းသွားလို့ပါ ”

“ ဟုတ်ကဲ့ ရပါတယ်။ မနက်ဖြန် ဆိုလည်း ကျွန်တော် စောင့်နေပါ့မယ်။ ဘာလို့လဲ ဆိုတော့ ဒီအချိန်မှာ ကျွန်တော့် အတွက် အရေးအကြီးဆုံးက နှင်းနွယ် ဆီက အဲဒီ အဖြေပါပဲ ”

“ ဟုတ်ကဲ့ ၊ မနက်ဖြန် ပြောပြပါ့မယ် လို့ ကတိပေးပါတယ် ကိုဇော် ”

“ ဟုတ်ကဲ့ ၊ ဒါဆိုလည်း နှင်းနွယ် နားပါတော့ . . . ”

“ ဟုတ် . . ကိုဇော်လည်း ဒါဆို အိပ်တော့လေ ၊ နောက်ကျနေပြီ  ”

“ ဟုတ်ကဲ့  . . ”

“ ဒါဆို ဒါပဲနော် ၊ နှင်းနွယ် ချလိုက်တော့မယ် ”

“ ဟုတ်ကဲ့ ”

“ - - - - -  ”

ဆက်လက် ဖော်ပြပါမည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

25 November 2010

11 နှလုံးသား ရှိရာ ( ၃ )


 

“ ဗျာ . . . ”

“ မဗျာ နဲ့လေ . . ၊ မေးတာကို သေချာဖြေ ”

“ ဟင် . . . ”

“ မဟင်နဲ့ . . ဖြေ ”

“ ဖြေတာက လွယ်ပါတယ်။ ဘယ်လို ဖြေရမှာလဲ ၊ အမှန်အတိုင်း ဖြေရမလား ၊ လိမ်ပြီး ဖြေရမှာလား ”

“ အမယ် . . အမှန်အတိုင်း ဖြေရမှာပေါ့ ၊ လိမ်ပြီး ဖြေလို့ ဘယ်ရမလဲ ”

နှင်းနွယ်  . .  ကိုယ့်ဆီကို ဖုန်းဆက်ပြီး သုံးရက်လောက် အကြာမှာ သူနဲ့ ကိုယ် အွန်လိုင်းပေါ်မှာ တွေ့ဖြစ်ပြီး စကားပြောနေတာ ဖြစ်သည်။ ဒီကြားထဲမှာတော့ အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြဘဲ Offline Messages တွေ ဖြင့်သာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် စကားပြော ဖြစ်ခဲ့ကြသည်။

“ ဒါဆို အမှန်အတိုင်း ဖြေရမှာပေါ့ ”

“ ဟုတ်တယ် အမှန်အတိုင်းဖြေ ၊ လိမ်ဖြေလို့ မရဘူးနော် ”

“ အင်း  . . . . . .  ပါ  . . . . . .  ”

ကိုယ် အဖြေကို သံရှည် ဆွဲပြီး ဖြေလိုက်သည်။

“ ဒါဆို စဖြေလေ ၊ အချစ်ကို ကိုဇော် ဘယ်လို ခံစားနားလည်လဲ ”

“ တကယ်တော့ ဘယ်လို ခံစားရလဲ ဆိုလည်း ဖြေရလွယ်ဦးမယ် ၊ ဘယ်လို နားလည်လဲ ဆိုလဲ ဖြေရ မခက်နိုင်ဘူး။ အခုလို တွဲပြီးတော့ ဘယ်လို ခံစားနားလည်လဲ ဆိုတော့ ဖြေရတာ တကယ်ကို ကြပ်တယ်။ ဒါပေမဲ့. . ”

“ ဒါပေမဲ့ ဘာဖြစ်လဲ။ အမှန် အတိုင်းဖြေနော် ”

“ အင်းပါ။ ဒါပေမဲ့ . . ဆိုတာ ဒီလိုပါ။ ကျွန်တော် ငယ်ငယ်က  . . ၊ ပြောရရင်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်က သူငယ်ချင်းတွေ စုဆုံမိရင် အချစ်အကြောင်း ပြောဖြစ်ကြတယ်။ ငယ်သေးတာလည်း ပါတာကိုး။ တခြား အကြောင်းအရာ ဆိုတာထက် အဲဒီတုန်းကတော့ အချစ်ဆိုတာကို ဘယ်သူမှ မကြုံဖူးလို့ ဘာမှန်း မသိပေမဲ့ ရင်ခုန်ခံစားဖွယ် ကောင်းတဲ့ နာမ်တစ်ခု အဖြစ်တော့ လက်ခံထားတယ်ဗျ ”

“ အင်း . . . ”

“ ဒီတော့ဗျာ။ သူငယ်ချင်းတွေ ဆုံတိုင်း ကြုံတိုင်း အချစ်အကြောင်း ပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို ပြောတဲ့ အထဲမှာ ကျွန်တော်က မပါဘူး။ ကျွန်တော်က နားထောင်ယုံ ၊ ထောက်ပေးယုံ ဆိုတဲ့ လူတစ်ယောက်ပဲ ဖြစ်နေတတ်တယ်။ ဒီလို ကြာလာတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို သတိထားမိလာပြီး မေးကြတယ် ၊ ပြောကြတယ်။ ”

“ ဘယ်လိုမေးတာလဲ ”

“ သြော်. . . ၊ မင်းက ငါတို့ ပြောတဲ့ အချစ်အကြောင်းတွေပဲ ထိုင်နားထောင်နေတယ်။ မင်းရဲ့ အချစ်အပေါ်ထားတဲ့ သဘောထား ၊ အမြင်ကို ပြောပါဦးကွ ဆိုပြီး သူတို့ ပြောကြတယ်။ ”

“ ဟုတ်တယ် နှင်းနွယ်လည်း အဲဒါကိုပဲ သိချင်နေတာ ”

“ အင်းပါ. . . အခု သူတို့တုန်းက ပြောပြခဲ့သလိုပဲ ပြောပြမှာပါ။ ဒါပေမဲ့ အဲဒီတုန်းက ပြောခဲ့တာ ဆိုတော့ နှစ်ပေါင်း ၁၀ နှစ်ကျော် ကြာခဲ့ပြီပေါ့။ ဒါပေမဲ့ အခုထိ အဲဒီအဖြေက မပြောင်းလဲပဲ နှလုံးသားထဲမှာ ကိန်းဝပ် နေရာယူနေဆဲပါပဲ။ ”

“ ဟုတ်  . . . ”

“ အဲဒီတုန်းက သူတို့ မေးတော့ ကျွန်တော် ရင်ထဲမှာ ရှိတဲ့ အတိုင်း ခပ်တိုတိုပဲ ပြန်ဖြေခဲ့တယ်။ အချစ်ကို ငါ ကြောက်လို့ လို့ ”

“ ဘယ်လို . . . . ၊ ဘယ်လို ကြောက်တာလဲ ”

“ ဟုတ်တယ်။ အဲဒီတုန်းကလည်း သူတို့ အခု နှင်းနွယ် ပြန်မေးသလိုပဲ မေးခဲ့ပါတယ်။ ”

“ အွန် ၊ ဟွန်း  . . . ပြောပုံကိုက ”

သူ ကျွဲမြီးတိုသွားဟန် ရှိ၏။ မျက်နှာကို မမြင်ရပေမဲ့ ကြားလိုက်ရတဲ့ စကားထဲမှာကို ကိုယ့်ဆီကို မျက်စောင်းတွေ လှည့်ထိုးနေမယ် လို့ ခံစားမိသည်။

“ ဟုတ်တယ် တကယ်ကို သူတို့ အဲဒီလို ပြန်မေးတာ။ ဒီတော့ ကျွန်တော်က ထပ်ပြောလိုက်ပါတယ်။ ဟုတ်တယ် ငါ အချစ်ကို ကြောက်လို့ လို့ ”

“ ဒီတော့ . . . . ”

“ ဒီတော့ သူတို့ အားလုံး ဝိုင်းပြီး ကျွန်တော့်ကို ပြောကြတယ်။ ဒါဆိုရင်တော့ မင်းက “ ခဲမှန်ဖူးတဲ့ စာသူငယ် ” လို ၊ ဒါမှမဟုတ် . . . “ တစ်ခါသေဖူး ပျဉ်ဖိုး နားလည် ” ဆိုတဲ့ လူလို မင်း တစ်ခါ ခံထားရဖူးလို့ အချစ်ဆိုတာကို ကြောက်တာ မဟုတ်လားလို့ ကျွန်တော့်ကို ပြောကြတယ်။ ”

“ အဟိ . .  ဟုတ်တယ်လေ။ အခုပဲ နှင်းနွယ်လည်း အဲဒီလို စိတ်ထဲက ထင်နေပြီး ပြောတော့မလို့ပဲ ”

“ သူတို့ အဲဒီလို ပြောတော့ ကျွန်တော်က ပြုံးပြီး သူတို့ကို ပြန်ပြောလေ့ ရှိပါတယ်။ ငါနဲ့ မင်းတို့ ငယ်ငယ်လေးကတည်းက ပေါင်းလာတာပဲလေ။ ငါ့မှာ ချစ်သူ ရည်းစား ရှိတယ် ဆိုရင် အိမ်က မသိဘူး ဆိုရင်တောင်မှ မင်းတို့တော့ အနည်းဆုံး သိမှာပဲလေ။ မင်းတို့ ငါ့မှာ ချစ်သူ ရည်းစား ရှိတယ် လို့ ကြားဖူးလို့လား လို့ ပြန်မေးလိုက်တယ်။ ”

“ တကယ်ရော မရှိဖူးဘူးလား ”

ဒါဟာ ဘယ်လို မေးခွန်းမျိုး ဖြစ်လေလိမ့်မလဲ ဆိုတာကို ကိုယ် သရုပ်မခွဲချင်ပါ။ သရုပ်မခွဲလိုတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဒါကြောင့် ဒီအတိုင်းပဲ ဖာသိဖာသာ ဆက်ပြောလိုက်သည်။

“ ဒီတော့ သူတို့ တွေဝေသွားတာပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်မှာ ချစ်သူ ရည်းစား တစ်ခါမှ မထားဖူးဘူး ဆိုတာကို သူတို့ အသိဆုံးပဲ မဟုတ်လား။ ”

“ ဒါဆို ကိုဇော်က အချစ် ဆိုတာကို ဘာလို့ ကြောက်တယ် လို့ ပြောရတာလဲ ”

“ ဟုတ်တယ် ၊ အဲဒီအတိုင်းပဲ အဲဒီတုန်းက သူတို့ မေးတယ် ”

“ ဟယ်  . . . . သူများ မေးတာကို  . . . ”

“ တကယ်ပြောတာ ၊ မနောက်ဘူး။ အဲဒီအတိုင်းပဲ အဲဒီအချိန်တုန်းက သူငယ်ချင်းတွေ ဝိုင်းမေးကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် သူတို့ကို ပြန်ဖြေမယ် လုပ်နေတုန်း ကျွန်တော် ချက်ချင်း ပြန်မဖြေသေးဘဲ ဟိုးအဝေးကို ငေးနေလိုက်တယ်။ ဒီတော့ သူတို့ကလည်း ကျွန်တော့်လိုပဲ ဟိုးအဝေးကို လိုက်ငေးတယ်။ ပြီးတော့မှ ကျွန်တော် တစ်လုံးချင်း ပြန်ဖြေလိုက်တယ်။ ”

“ အင်း . . . ”

“ ကျွန်တော် အချစ်ကို ကြောက်တယ် ဆိုတာ “  လူက သရဲကို ကြောက်သလို ကြောက်တာပါ ” လို့ ”

“ ရှင်. . . ၊ ဘယ်လို ”

“ ဟုတ်တယ်။ အဲဒီတုန်းကလည်း သူတို့ အဲဒီလိုပဲ “ ရှင် ” ဆိုတာသာ မပါတယ် “ ဘယ်လို ” ဆိုပြီးတော့ ဝမ်းခေါင်းသံကြီးတွေနဲ့ ဝိုင်းပြီး မေးကြတယ်။ ”

“ ကိုဇော်နော် ၊ သူများပြောတာကို အတင်းကြီး လိုက်ပြီး တူအောင် လုပ်ပြောနေသလိုပဲ ”

“ မဟုတ်ဘူး နှင်းနွယ်ရဲ့။ လောကရဲ့ ဖြစ်စဉ်တွေက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ထပ်တူညီပြီး ပြန်ဖြစ်လာတတ်တယ်လေ။ ကျွန်တော်က အခု အဲဒီ သဘောတရားနဲ့ ပြောနေတာပါ။ ”

“ ဟုတ်ပါပြီ ဆက်ပြောပါဦး ”

“ ဟုတ်တယ် ၊ ကျွန်တော် အချစ်ကို ကြောက်တယ် ဆိုတာ လူက သရဲကို ကြောက်သလို ကြောက်တာပါ။ ဘာလို့လဲ ဆိုတော့ လူဆိုတာ သရဲကို ကြောက်လား ဆိုတော့ ကြောက်ကြတယ်။ ဒါပေမဲ့ သရဲကို တွေ့ဖူးလား ဆိုတော့လည်း တကယ်တော့ မတွေ့ဖူးဘူး။ မတွေ့ဖူး ၊ မမြင်ဖူးဘဲနဲ့ကို လူတွေက သရဲကို ကြောက်ကြတာ။ အခု ကျွန်တော်လည်း ဒီလိုပါပဲ။ ကျွန်တော် အချစ်ကို မတွေ့ဖူးဘူး ၊ မဆုံဖူးဘူး ၊ မကြုံဖူးပါဘူး ဒါပေမဲ့ ကျွန်တော် ကြောက်မိတယ်။ ဘာလို့ ကြောက်တာလဲ ဆိုတော့ ကျွန်တော် အချစ်ကို ကြောက်တာက သူ့ရဲ့ မလိုချင်တဲ့ နောက်ဆက်တွဲကြောင့်ပါ ”

“ ဘာလဲ ဟင် ”

“ အချစ်ရဲ့ မလိုချင်တဲ့ နောက်ဆက်တွဲ ဆိုတာက ချစ်သူနဲ့ ဝေးကွာခြင်း ၊ အသည်းကွဲတာပါ။ အချစ်ရဲ့ လက်ရှိ ဆိုတာက ကြည်နူးပျော်ရွှင်မှုပါ။ ကျွန်တော် အချစ်ကို ကြောက်တယ် ဆိုတာက သရဲကို ကြောက်သလိုပဲ။ သရဲက ငါ့ကို ဘယ်လို ဂုတ်ချိုး လိုက်လေမလဲ ၊ ဘယ်တော့များ သူ့ရဲ့ သွားကြီးကို ဖြဲပြီး မျက်လုံးကြီးကို ပြူးပြပြီး ခြောက်လိုက်လေမလဲ ဆိုတာကို တွေးပြီးတော့ ကြောက်မိသလို ပါပဲ။ အချစ်ဆိုတာကလည်း ဘယ်တော့များ ငါ့ကို ထားခဲ့မလဲ ၊ ဘယ်တော့များ ငါ့ကို အသည်းခွဲသွားမလဲ ဆိုတာကို တွေးမိပြီး အချစ်ကို ကြောက်မိတာပါ နှင်းနွယ် . . . ဒါပါပဲ ”

“ သြော်. . . ဒါကြောင့် ကိုဇော်က အချစ်ကို ကြောက်တယ် လို့ ဆိုတာပေါ့လေ ”

“ ဟုတ်ပါတယ် ”

“ ဒါဆို ကိုဇော်က အချစ်ဆိုတာနဲ့ တစ်ခါမှ မကြုံခဲ့ဖူးဘူးပေါ့ ၊ တစ်ခါမှ ချစ်သူ ရည်းစား မထားဖြစ်ခဲ့ဘူးပေါ့ ”

“ ဘာကို မေးတာလဲ နှင်းနွယ် ၊ ကျွန်တော် သဘောမပေါက်ဘူး ”

“ ဒီလိုလေ ၊ ကိုဇော်က ဒီအသက်အရွယ် အထိကို လုံးဝ ချစ်သူ ရည်းစား မထားဖြစ်ခဲ့ဘဲနဲ့ ၊ ကျောက်ခဲကို နှလုံးသား လုပ်ပြီး နေခဲ့တာလား လို့ မေးတာပါ .. . . ဟိဟိ ”

“ သြော်. . ၊ ဒီလိုတော့ ဘယ်ဟုတ်လိမ့်မလဲ နှင်းနွယ်ရယ်။ ကျွန်တော်လည်း လူထဲက လူပဲလေ။ လူ့လောကမှာ လျှောက်လှမ်းနေတဲ့ လမ်းမ တလျှောက်မှာတော့ ဘယ်လောက်ပဲ အပြေးသန်သန် ၊ ဘယ်လောက်ပဲ လမ်းလျှောက်မှန်မှန် ၊ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ လူဆိုတာ အခန့်မသင့်ရင် ခလုတ်တော့ တိုက်မိတတ်ကြတာပဲ မဟုတ်လား။ လူကြီးဆိုတော့လည်း ကလေးတွေလို ခလုတ်တိုက်လို့ မှောက်လျက်မကျပေမဲ့ နည်းနည်းတော့လည်း ယိုင်သွားတတ် ကြတာပဲလေ။ အဲဒီလိုသာ မှန်မယ် ဆိုရင် ကျွန်တော်လည်း ခလုတ်တိုက်ခဲ့ဖူးပါတယ်။ ”

“ ဝါး  . . . . . ဥပမာပေးကတော့ စားတယ်ရှင် ”

“ တကယ် ပြောတာပါ နှင်းနွယ်ရဲ့ ”

“ ဒါဆိုရင် ကိုဇော်လည်း ခလုတ်တွေ ခဏခဏ တိုက်ခဲ့တာပဲလား ၊ ဥပမာ - ခလုတ်လေးကွ ဆိုပြီးတော့ရော လမ်းမှာ တွေ့ရင် တိုက်ပစ် လိုက်တာပဲလား ”

ကိုယ်ဘာမှ ပြန်မပြောပါ။ ဒီဘက်ကနေ ငြိမ်ပြီးတော့ ပြုံးနေမိသည်။ တော်တော်လည်း လည်တဲ့ မေနှင်းနွယ် ပဲ လို့ တွေးနေမိသည်။

“ ဖြေလေ ”

“ ကျွန်တော်က အချစ်ကို သရဲ ကြောက်သလို ကြောက်တယ်လေ ၊ ဒါကြောင့်မို့ ကျွန်တော် အချစ်ကို ခလုတ်မတိုက်မိအောင် ကြိုးစား ရှောင်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ဗျာ။ ငယ်ငယ်က အဖွားက ပြောခဲ့ဖူးတယ်ဗျ။ သရဲ ဆိုတာ လူက ခလုတ်တိုက်လို့  လိပ်ပြာလန့်သွားတဲ့ အချိန်ဆိုရင် ဝင်ပြီးတော့ စီးတတ်တယ် ဆိုပဲ။ ဒီလိုပဲ ကျွန်တော် ခလုတ်တိုက်တဲ့ အချိန် အချစ် ဆိုတဲ့ သရဲက ကျွန်တော့်ကို ဝင်စီးပြီး အသည်းခွဲသွားမှာ ကြောက်လို့ပါဗျာ။ ဒါကြောင့် ကျွန်တော် ခလုတ် မတိုက်မိအောင် ကြိုးစားပြီး နေပါတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာတော့ ကျောင်းမှာပဲ ဖြစ်ဖြစ် ၊ ရပ်ကွက်ထဲမှာပဲ ဖြစ်ဖြစ် ဒီမိန်းကလေးကတော့ သင့်တော်သားပဲ ဆိုတဲ့ စိတ်ကနေ တွေးတောမိတဲ့ ခလုတ်မျိုးတော့ ကျွန်တော်လည်း တိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် အပေါ်ယံတင် ရှပ်တိုက်မိလို့ ထင်ပါတယ်။ လဲကျဖို့ နေနေသာသာ ၊ ယိုင်တောင်မှ ယိုင်မသွားမိခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အချစ်ကို သရဲလို ကြောက်နေမိလို့ပါ ”

“ သြ . . သြ . . သြ . . . ဒါကြောင့် ကိုဇော်က အချစ်ကို ကြောက်တယ် လို့ ဆိုတာပေါ့လေ ”

“ အဲဒီ အတိုင်းပါပဲဗျာ ”

“ အခု ကိုဇော် ပြောတဲ့ ကိုဇော်က အချစ်ကို သရဲ ကြောက်သလို ကြောက်တယ် ဆိုတဲ့ အယူအဆကို မှန်ပါတယ်လို့ သက်သေပြနိုင်မလား ”

“ အဲဒီလိုတော့ ကျွန်တော် ဘယ်လိုလုပ် သက်သေပြနိုင်မလဲဗျာ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ”

“ ဟုတ် . . . ပြောပါဦး ”

“ ကျွန်တော် အဲဒီလို ပြောမိတုန်းက အတော်ကို ငယ်သေးပါတယ်။ ဘာမှလည်း သေချာ မသိသေးပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတာကိုပဲ ပြောမိတာပါ။ နောက်တော့ စာတွေ ဘာတွေ လိုက်ဖတ်ရင်းနဲ့ “ အော်စကာဝိုင်းလ် ” ရဲ့ စာသားလေး တစ်ခုကို စာအုပ်တစ်အုပ်မှာ သွားဖတ်မိတယ်ဗျာ။ သူက ဒီလို ဆိုတယ်။ ကျွန်တော် Chat Box ကနေ ရေးပို့လိုက်မယ်။ ပြောပြတာထက် ကိုယ်တိုင် ဖတ်တာက ပိုပြီး ကောင်းမယ် ထင်လို့ပါ ”

“ ဟုတ်ကဲ့ ”

ကိုယ် စကားဆက်မပြောဘဲ ၊ သူ့ရဲ့ Chat Box ထဲကို စာသား အချို့ရေးပေးပြီး Enter ကို နှိပ်လိုက်၏။

“ အချစ်ဆိုတာ တစ္ဆေ နဲ့ တူတယ်။ 
ဘာလို့လဲ ဆိုတော့ သူ့ကို လူပြောသာ များတာ ၊ ကြုံဖူးသူ ရှားတယ်။ ”

ကိုယ့်စာလေး သူ့ဘောက်စ်ထဲကို တတ်သွားတော့ သူက ငြိမ်ကာ ဖတ်နေ၏။ ပြီးတော့ သက်ပြင်းချသံ တချို့ကိုလည်း ကြားရလေသည်။ ပြီးမှ. . . .

“ ဒါဆို ကိုဇော်က အချစ်ကို တစ်သက်လုံး သရဲကို ကြောက်သလို ကြောက်သွားတော့မယ် ဆိုတဲ့ သဘောပေါ့လေ ”

“ ဒီလိုလည်း မဟုတ်သေးပါဘူး နှင်းနွယ် ”

“ ရှင်  . . . ၊ ဒါဆို ကိုဇော်က ဘယ်လိုကြီးလဲ။ အမျိုးမျိုးပဲ ”

“ မဟုတ်ဘူးလေ ၊ ကျွန်တော် ပြောတာက အချစ်ကို သရဲ လို ကြောက်တယ်။ ဟုတ်ပါတယ် ဒါကို ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ လူဆိုတာကလည်း ခက်သားလားဗျာ။ သရဲကို ကြောက်ပါတယ် ဆိုတဲ့ လူအတော် များများက သရဲကားတော့ အတော် ကြည့်မိတတ်ကြတယ်။ သရဲကို ကြောက်တယ် ဆိုရင် သရဲကားကို မကြည့်ပါနဲ့လား ဆိုတော့လည်း သူတို့ဖာသာလည်း သူတို့ မထိန်းနိုင်ဘူး။ ပိုပြီးတောင်မှ စိတ်ဝင်စားပြီး ကြည့်မိတတ်တယ်။ ပြီးတော့ အဲဒီလို လူတွေက သရဲအကြောင်းကို ပိုပြောမိတတ်တယ်။

နောက်တစ်မျိုးက ပိုဆိုးသေးတယ်ဗျ။ သရဲကို ကြောက်တတ်တဲ့ လူတွေမှာမှ တစ်ခါတလေ ကံကြမ္မာက သူတို့ကို နောက်ပြောင်ပြီး သရဲနဲ့မှ ထိပ်တိုက် တိုးမိတတ်တယ်။ အဲဒီအချိန်မှာ သူတို့အတွက် လုပ်စရာ နှစ်ခုပဲ ရှိတော့တယ်။ တစ်ခုက ကြောက်လှပါတယ် ဆိုတဲ့ သရဲကို  တွေ့ရ မြင်ရပြီး အကြောက်လွန် မေ့လဲသွားမယ် ၊ ဒါမှမဟုတ် သေသွားမယ်။ နောက်ထပ် တစ်ခုကတော့ သူတို့ သရဲ ဆိုတာ ဒါပါလား ဆြို့ပီးတော့ သရဲကို စူးစမ်းမိမယ် ၊ စိတ်ဝင်စားသွားမယ် ၊ သူတို့ကြောက်ဖို့ထက် သရဲ ဆိုတာကို ပိုပြီးတော့ အာရုံ ဝင်စားသွားမယ်။ ဒီလို ဖြစ်သွားလိမ့်မယ် လို့ ကျွန်တော် ထင်တယ်။ ”

နှင်းနွယ် ဘက်မှ ဘာသံမှ မကြားရတော့ ၊ သို့သော် ကိုယ့် Headset ရဲ့ Earphone ထဲမှာတော့ သူ့ရဲ့ အသက်ရှူလို့ လေတိုးသံလေးတွေက နွေးနွေးလေး ခံစား ကြားယောင်နေရသည်။ သူမ ဟိုဘက်မှာ ပြုံးပြီး တိုးတိုးလေး ကျိတ်ရယ်များ ရယ်နေမလား။ ခဏနေမှ သူမ ထံမှ အသံထွက်လာ၏။

“ ဒါဆို ကိုဇော်က အပြင်မှာ ကိုဇော် ကြောက်လှပါပြီ ဆိုတဲ့ သရဲနဲ့ ထိပ်တိုက် တိုးမိပါပြီတဲ့။ ကိုဇော်က နှစ်မျိုးထဲက ဘယ်လိုမျိုး ဖြစ်မှာလဲ ”

“ တထစ်ချ ကျွန်တော် မပြောနိုင်ပေမဲ့ ၊ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် ဒုတိယ အမျိုးအစားပဲ ဖြစ်မိမှာပါ။ ဘာလို့လဲ ဆိုတော့ လောကမှာ ကျွန်တော်က မမြင်ဖူးတာကို မြင်ဖူးချင်တယ် ၊ မကြုံဖူးတာကို ကြုံဖူးချင်တယ် ၊ မသုံးဖူးတာကို သုံးဖူးချင်တယ် ၊ မသွားဖူးတာကို သွားဖူးချင်တယ် ဆိုတဲ့ စူးစမ်းစိတ်လေး ကျွန်တော့်မှာ ရှိတယ် ဆိုတာကို ကျွန်တော် အပြည့်အဝ ယုံကြည်နေလို့ပါ။ ”

“ ဒါဆို ကိုဇော်က အချစ်ဆိုတဲ့ သရဲနဲ့ တွေ့တဲ့ အခါကျရင် လန့်ပြီးတော့ မေ့ပြီး သေမသွား နိုင်ဘူးပေါ့နော် ”

“ သေချာပါတယ် ၊ တစ်ခုတော့ ရှိတယ်။ တစ်ခါတလေ သရဲက မြန်လွန်းရင်တော့ ကျွန်တော် သေချာ မမြင်လိုက်ရလို့ အံ့သြ တွေဝေ နေမိရင်တော့ တွေဝေ နေမိမယ် ထင်တယ်။ ဒါပေမဲ့ ဒါဟာ အချစ်ဆိုတဲ့ သရဲ ဆိုတာ သေချာသိသွားရင်တော့ ကျွန်တော် သူ့ကို အချိန်ပေပြီး ဂရုတစိုက် စူးစမ်းမိမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကလည်း အချစ်ကို စိတ်ဝင်စားပါတယ်ဗျာ။ မကြုံဖူးလို့ ကြောက်တာလေး တစ်ခုပါပဲ ”

“ တော်တော်ကို လည်တယ်နော် ”

“ ဗျာ ၊ ကျွန်တော်ကလား ??????????? ”

“ ဟုတ်တယ်လေ ၊ စကားကို လှည့်ပတ်ပြီးတော့ ပြောနေတယ်။ အချစ်ကို သရဲလို ကြောက်တယ် တဲ့။ ဒါပေမဲ့လည်း မကြူံဖူးလို့ တဲ့။ ပြီးတော့ ကြုံလာရင်လည်း အချိန်ပေးပြီး စူးစမ်းလေ့လာမယ် တဲ့ . . . . ဟွန်း . .  မုန်းစရာကြီး ”

“ သြ . . ဒါက တကယ်ပြောတာလေ။ အစကတည်းက စိတ်ထဲ ရှိတဲ့ အတိုင်း ပြောရမလားလို့ မေးတယ်လေ။ ပြော ဆိုတော့မှ ပြောတာလေ ”

“ အင်းပါ . .   ဟုတ်ပါပြီ ”

“ ဒါနဲ့ ကျွန်တော့်ကိုသာ မေးနေတာ ၊ နှင်းနွယ် ကျတော့ရော အချစ်ကို ဘယ်လို ခံစားနားလည်လဲ ”

တိတ်ဆိတ်မှုက ရုတ်တရက် ကိုယ်တို့ နှစ်ယောက်ကြားမှာ သရဲ တစ်ကောက် ဂုတ်ကို ခွစီးလိုက်သလို ဖိဖိစီးစီး လွှမ်းခြုံသွားကာ ငြိမ်သက်သွားလေသည်။ အတော်ကြာသည် အထိ ဘယ်သူ့ဘက်ကမှ စကား မစဖြစ်ပါ။ ပြီးမှ. . .

“ နှင်းနွယ်  . . . .၊ နှင်းနွယ်လေ . . . အချစ်ဆိုတာကို ခံစားရတဲ့ အကြောင်းနဲ့ နားလည်တဲ့ အကြောင်း နောက်မှ ပြောပြမယ် ဖြစ်မလား ကိုဇော် ”

ဘာရယ် မဟုတ်ဘဲ ရင်ထဲမှာ မျက်ခနဲ ဖြစ်သွားပေမဲ့ အသာအယာပဲ ပြန်ပြောလိုက်မိသည်။

“ ဖြစ်ပါတယ် နှင်းနွယ် ၊ နှင်းနွယ် အဆင်သင့်ဖြစ်တဲ့ အချိန် ၊ ဒါမှမဟုတ် အဆင်ပြေတဲ့ အချိန်မှ ပြောပါ ”

“ ကျေးဇူးပါပဲ ကိုဇော် ၊ ဒါဆို အခုတော့ နှင်းနွယ် ကိုဇော့်ကို ဆက်မေးဦးမယ်နော် ”

“ ဟုတ်ကဲ့ ”

ပြောပြောဆိုဆို ကွန်ပျူတာ Task Bar မှ အချိန်လေးကို ကြည့်လိုက်တော့ 11.24 AM ဆိုပြီး ပြနေသည်။ အရင်ကဆိုရင် ဒီအချိန် ကိုယ် အိပ်မက်ထဲကို ရောက်နေလောက်ပြီ။ အခုတော့ ဒိန်းဒလိန်း နတ်လို့ လူတွေက ဆိုသော အချစ်ဆိုတဲ့ အရာက ကိုယ့်ကို ဝင်ပူးနေတာလား။ ဒါဆိုရင်တော့ ကိုယ် ပြင်းပြင်းရှရှ ငြင်းရပါလိမ့်မည်။ မဟုတ်ပါ။ အခုက ကိုယ့်ကို နတ် ဝင်ပူးနေခြင်း မဟုတ်ပါ။ အချစ်တစ္ဆေ တစ်ကောင် ဝင်ပြီး ကိုယ့်ရဲ့ ဖုန်းထဲက “ အသံလေး ကြားရတာနဲ့တင် လုံလောက်ပါတယ် ” ဆိုတဲ့ စကားသံကြောင့် ကိုယ် “ ဗျာ ” ခနဲ လိပ်ပြာ လန့်သွားပြီး တစ္ဆေစီး ခံလိုက်ရခြင်းသာ ဖြစ်ပါလိမ့်မည်။

သို့သော် ကိုယ့်အနားကို ဘယ် ပယောဂ ဆရာကိုမှ မလာစေချင်ပါ။ ကိုယ် ဒီလိုပဲ တိမ်းတိမ်းမူးမူး ရူးချင်လည်း ရူးပါရစေ။

“ အင်း . . နောက်တစ်ခု မေးကြည့်ချင်တာကလေ . . . ”

“ အင်း . . ”

“ လူတွေက ပြောတတ်ကြတယ်လေ။ “ အချစ်ကြီးရင် အမျက်ကြီးတယ် ” ဆိုပြီးတော့ အဲဒါ ကိုဇော်  အဲဒီစကား အပေါ်မှာ ဘယ်လို ထင်လဲ ၊ ဘယ်လို မြင်လဲ။ ပြီးတော့ ကိုဇော်ကရော အဲဒီလို အခြေအနေဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ ”

“ မေးခွန်းက တိုပေမဲ့ အတော်ကို ပြောရမှာပဲဗျ။ ဒါတွေကို အားလုံး ခြုံပြီး ကျွန်တော် ပြောကြည့်မယ်ဗျာ။ နှင်းနွယ် ရဲ့ စိတ် အလိုကျ အဖြေ ရပါလိမ့်မယ် လို့တော့ ကျွန်တော် အာမ မခံနိုင်ဘူး။ ကျွန်တော့် စိတ်ထဲမှာ ခံစား နားလည်ထားသလိုပဲ ကျွန်တော် ပြောမယ်။ အဆင်ပြေမလား ”

“ အိုကေ ၊ နှင်းနွယ်ကလည်း ဒါကိုပဲ ကြားချင်တာပါ ”

“ ဟုတ်ပြီ။ ဒါဆို ကျွန်တော် အရင်ဆုံး “ ဓမ္မပဒ ” ထဲက စာလေးနည်းနည်း ရေးပြမယ်ဗျာ။ ဒီလို . . . .”

ကိုယ် သူ့ရဲ့ ဘောက်စ်ထဲမှာ ရေးပြီးတော့ ပို့ပေးလိုက်၏။

မချစ် မမုန်း၊ အကောင်းဆုံး။

ချစ်သော သူတို့နှင့်လည်း မပေါင်းလင့် ၊ မုန်းသော သူတို့နှင့်လည်း မပေါင်းလင့်။ ချစ်သော သူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသော သူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ ထို့ကြောင့် လူကိုဖြစ်စေ ၊ ပစ္စည်းဥစ္စာကို ဖြစ်စေ ချစ်ခင် စွဲလန်းခြင်းကို မပြုရာ။ ချစ်ခင် စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန်။ 
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

“ အဲဒီလို ဆိုတယ်ဗျ။ ဒါက ကျမ်း သဘော ၊ တရား သဘောပေါ့ဗျာ။ ”

“ ဟုတ် . . . ”

“ အခုကတော့ ကျွန်တော့် စိတ်ထဲက အတိုင်း ပြောမယ်ဗျာ။ တချို့က ပြောကြပါတယ်။ အချစ်ဆုံးလေး ဆိုရင် အမုန်းဆုံးလေးပဲ ဖြစ်နိုင်တယ်။ အချစ်ဆုံးကြီး ဆိုရင် အမုန်းဆုံးကြီး ဖြစ်တတ်တယ် တဲ့။ သူတို့ ဆိုလိုချင်တာက အချစ်နေတုန်းက နစ်နစ်နဲနဲ ချစ်ခဲ့ပြီး တွေ့ဆုံ ပေါင်းစည်းခွင့် မရှိတော့ဘူး ဆိုပြီး လမ်းခွဲကြရပြီ ဆိုရင် အချစ်တွေကနေ အမုန်းတွေကို ပြောင်းလဲသွားတတ်တယ် ဆိုတဲ့ သဘောနဲ့ ပြောတာပါ။ အဲဒီအချိန်ကျရင် အမုန်းကြီး မုန်းသွားတတ်ကြတယ် လို့ ဆိုချင်တာ။ အဲဒါကြောင့် အချစ်ဆုံးလေး ဆိုရင် အမုန်းဆုံးလေးပဲ ရှိဦးမယ်။ အချစ်ဆုံးကြီး ဆိုရင် အမုန်းဆုံးကြီး ဆိုပြီး ဖြစ်လာမှာပေါ့ ဆိုပြီး ပြောတတ်ကြတာပါ။ ”

“ ဟုတ်တယ် . . . ဟုတ်တယ်။ နှင်းနွယ် ပြောချင်တာ အဲဒီ စကားပဲ။ ဒါကို သူငယ်ချင်းတွေ ကြားမှာလည်း ခဏခဏ ကြားနေရတယ်။ ဒါကို ကိုဇော်ကရော ဘယ်လို ခံစားရလဲ ”

“ ကျွန်တော်ကတော့ အဲဒီစကားကို ဘာမှ မခံစားရပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ပါပဲ။ ဒါကြောင့် သူ့ကို လျစ်လျှူရှု့ပစ်လိုက်တယ်။ ကျွန်တော် ခံစား နားလည်မိနေတာက တမျိုး ဖြစ်နေတယ်ဗျာ။

ဒါကို ပြောပြရမယ် ဆိုရင် ပထမဦးဆုံး အခြေအနေက ဓမ္မပဒကို ဦးတည်ပြီး ပြောရမှာပဲ။ ပထမဦးဆုံး လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လို စိတ်မှ မရှိဘဲ ဆုံတွေ့တယ် ဆိုရင် ဒါဟာ ဓမ္မပဒ မှာ ရေးထားသလို “ ချစ်ခြင်း ၊ မုန်းခြင်း မရှိသော အခြေအနေ ” လို့ ကျွန်တော်က ဆိုချင်တယ်ဗျာ ”

“ အင်း . . . . ”

“ ဒီလို အခြေအနေလေးကို ကျွန်တော်က မျက်လုံးထဲ မြင်သာအောင် ပြောရမယ် ဆိုရင် “ ချိန်ခွင် ” တစ်ခုကို ဥပမာပေးရမှာပဲ။ ချစ်ခြင်း မုန်းခြင်း မရှိသော အခြေအနေဟာ ချိန်ခွင်လျှာလေး ညီနေတဲ့ မျှခြေ အနေအထားပေါ့။ ဒါကို အချစ်ဘက်ကို ၅၀ ၊ အမုန်းဘက်ကို ၅၀ လို့ ထားလိုက်မယ်ဗျာ။ ဒီမှာ တစ်ဦးနဲ့ တစ်ဦး မျှခြေကနေ အမုန်းတွေ လျော့ပြီး အချစ်တွေ တိုးလာတယ် ဆိုပါစို့။

ဒါကြောင့် မုန်းခြင်းဘက်ကနေ ချစ်ခြင်းဆိုတဲ့ အရာဘက်ကို ၁ သာပြီး ထည့်လိုက်တယ် ဆိုပါစို့။ ၁ ဆိုပေမဲ့ ချစ်ခြင်းဘက်မှာ ၅၁ ဖြစ်သွားပြီး ၊ မုန်းခြင်းဘက်မှာ ၄၉ ပဲ ကျန်တော့မယ်။ လွယ်လွယ် သဘောပြောရရင် ချစ်ခြင်းက တိုးလာပြီး မုန်းခြင်းက လျော့သွားတာပေါ့ဗျာ။ ဒါပေမဲ့ မျှခြေ ဆိုပြီး ဖြစ်နေတဲ့ ချိန်ခွင်လျှာမှာ ကျတော့ ချစ်ခြင်းဘက်က ပိုပြီးတော့ စောင်းလာတာပေါ့ဗျာ။

ဒါကြောင့် လူတစ်ယောက်ကို ပိုပိုပြီး ချစ်လာလေလေ ၊ ချစ်ခြင်းဘက်မှာ ပိုလာတိုင်း မုန်းခြင်းဘက်မှာ လျော့သွားပြီး ချိန်ခွင်လျှာလေးကလည်း စောက်ထိုး ဖြစ်သထက် ဖြစ်လာမယ်။ ဒီလိုပဲ ချစ်ခြင်းမှာ ပိုလာတိုင်း အမုန်းဘက်မှာ လျော့သွားပြီး နောက်ဆုံးမှာ အချစ်ဘက်မှာ အလေးသာလွန်းပြီး အမုန်းဘက်မှာ နည်းလွန်းသွားမယ်။ ဒီအခြေအနေမှာ ဆိုရင် ချိန်ခွင်လျှာလေးဟာ အချစ်ဘက်မှာ ဇောက်ထိုးကြီး ဖြစ်နေမှာပေါ့ဗျာ။ ”

“  အင်း  . . ”

“ ဒီတော့ဗျာ။ ကျွန်တော်ကတော့ ကျွန်တော့် ချစ်တဲံ့ လူတစ်ယောက်ကို ချစ်တဲ့ ရာခိုင်နှုန်း တိုးလာတာနဲ့ အမျှ ၊ မုန်းတဲ့ ရာခိုင်နှုန်းကလည်း လျော့ကျသွားတာပဲဗျာ။ အချစ်တွေ တိုးတိုးလာရင်း ၊ အမုန်းဆိုတာတွေက လျော့နည်းရင်း နောက်ဆုံးမှာ အမုန်းတွေက နည်းလွန်းပြီး အငွေ့ပျံ ပျောက်သွားသလို ဖြစ်သွားတော့မှာပါပဲ။ ဒါကြောင့် ကျွန်တော် အချစ်ကြီး ချစ်သမျှ ၊ သူ့အပေါ်မှာ ဘယ်တော့မှ အမုန်းဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အချစ်ကြီးလို့ အမုန်းကြီးတယ် ဆိုတာကို ကျွန်တော်က ကျွန်တော့်ရဲ့ သီအိုရီ နဲ့ ဆိုရင် လုံးဝကို လက်မခံနိုင်ဘူး ဖြစ်နေတယ်ဗျာ။

ကျွန်တော့်မှာတော့ အချစ်က များလာလေလေ ၊ အမုန်းက နည်းသွားလေလေပဲ။ နောက်ဆုံးမှာ အချစ်ဆုံးကြီး ဖြစ်သွားတဲ့ အချိန်မှာ အမုန်းဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် အမုန်းဆုံးကြီး ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပါဘူး။ ဒါ ဘယ်သူ့ကိုမှ ကျွန်တော် မညှိဘူးနော်။ ကျွန်တော့်ရဲ့ စိတ်ခံစားမှု တစ်ခုတည်းပါပဲ။ ဒါ ကျွန်တော့်ရဲ့ သီအိုရီလို့ ဆိုချင်လည်း ရပါတယ်။ ”

“ အင်း . . . ကိုဇော် ပြောပြတော့လည်း သဘောပေါက်မိပါတယ်။ ဒါပေမဲ့ နှင်းနွယ်ကတော့ ကိုဇော့်လို သဘောထားနိုင်ပါ့မလား ဆိုတာ တကယ်ကို မသေချာပါဘူး။ ”

“ ဟုတ်ပါတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် သီအိုရီ ဆိုတာ နှင်းနွယ် သီအိုရီမှ မဟုတ်တာလေ။ နှင်းနွယ် လိုက်နာ ကျင့်သုံးရ ခက်မှာပေါ့။ ကျွန်တော် နားလည်ပါတယ်။ ”

“ နားလည်မှု ပေးတာ ကျေးဇူးတင်ပါတယ် ကိုဇော်။ နှင်းနွယ်လည်း ကိုဇော်ပြောပြတဲ့ သီအိုရီ အတိုင်း ချစ်နိုင်အောင် ကြိုးစားပါ့မယ်။ အခုတော့ . . . . ”

“ အခုတော့ ဘာဖြစ်လဲ နှင်းနွယ် ”

“ အခုတော့ ကိုဇော် အိပ်ဖို့ တော်တော်ကို နောက်ကျနေပြီ နှင်းနွယ် သိတယ်။ အလုပ်ကလည်း ညဆိုင်းဆိုတော့ နားပါတော့။ မနားခင် ဖြစ်နိုင်ရင် နှင်းနွယ်ကို သီချင်း တစ်ပုဒ်လောက် ဆိုပြပါလား ”

“ ဟာဗျာ . . . . ”

“ ဘာဖြစ်လို့လဲ . . ”

“ ဘာရယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှ မဆိုဖူးတာ . . ”

“ ဟင်. . .သီချင်း တစ်ခါမှ မဆိုဖူးဘူးလား ”

“ အဲဒီလိုတော့ မဟုတ်ဘူးလေ။ ဒီလို တခြား လူတစ်ယောက်ကို သီချင်း မဆိုပြဖူးတာကို ပြောတာပါ ”

“ ဒါဆိုလည်း ကိုဇော်ရယ်။ ဒါ ဘဝမှာ ပထမဦးဆုံး ဆိုတဲ့ အနေနဲ့ နှင်းနွယ်ကို ဆိုပြပါလား ”

“ အင်း . . . . ဘယ်လို ပြောရမှန်းကို မသိဘူး”

“ မြန်မာလိုပဲ ပြောပြီး  ၊ မြန်မာလိုပဲ ဆိုပြလိုက်ပါ ကိုဇော်ရယ် ”

“ ဟာဗျာ  . . . . ”

“ ဆိုပါရှင် ၊ ပရိသတ်က တောင်းဆိုနေတာကို ၊ ဒါမှမဟုတ်ရင် ကိုဇော် အစလေး စဆို နှင်းနွယ်လည်း ရတယ် ဆိုရင် အဲဒီသီချင်းကို အတူတူ လိုက်ဆိုပေးမယ်။ ဟုတ်ပြီလား ”

“ အင်း . . ဒါပေမဲ့ တစ်ခါမှ မဆိုဖူးတော့ အတော်ကို ခက်တဲ့ အလုပ်ပဲဗျာ ”

“ ကိုဇော်ကလည်း ကိုဇော် ရေးထားတဲ့ မောင်ရိုး ရေချိုးသလိုပေါ့ ၊ ပထမ တစ်ခါပဲ ခက်မှာပါ ကိုဇော်ရယ် ”

“ ဟားဟားဟား. . .. ထိပြီ။ ငါတော့ ထိပြီ။ မှတ်ပလား ကိုယ်ရေးတဲ့ စာနဲ့ ကိုယ့်ဖာသာ ထိတာပဲ ”

“ ကဲပါ ဈေးကိုင်နေတယ် ဆိုပါ ”

“ အင်း . . . ဒါဆိုလည်း စဆိုမယ်ဗျာ။ အတူတူ လိုက်ဆိုပေး . . ”

“ အိုကေ ဆိုမှာပေါ့ ”

“ ဒီသီချင်းက ကျွန်တော့် အကြိုက်ဆုံး သီချင်း။ ကျွန်တော့်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာက မမြင်ဖူးသေးတဲ့ ချစ်သူကို ရည်ရွယ်ပါတယ်။ ”

“ ဟုတ်ပါပြီ ဆိုတော့လေ ”

“ အင်း . . . . ”

.

.

အဲဒီလိုနဲ့ အိပ်ယာမဝင်ခင် သီချင်းတစ်ပုဒ်ကို တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်နဲ့ အတူတူ သီဆို ဖြစ်ခဲ့သည်။ အဲဒီနေ့က ကမ္ဘာပေါ်မှာ အရာရာဟာ သာမာန်ပါပဲ။ ဒါပေမဲ့ ကိုယ့် ရင်ထဲမှာတော့ သရဲတစ်ကောင် တိတိကျကျ ဝင်အစီးခံရတဲ့ နေ့ပေါ့။ သီချင်းတစ်ပုဒ်လုံးကို အစလေးပဲ ကိုယ်က စဆိုရပြီး သူက နောက်ပိုင်းတွေမှာ အတူတူ လိုက်သီဆို၏။ သီချင်းဆိုလို့ ဆုံးသွားတော့. . . .

“ ကျေးဇူးတင်ပါတယ် ကိုဇော် ၊ ဒီနေ့ဟာ တကယ်ကို အမှတ်တရ နေ့လေးပါပဲ ၊ တကယ် ပြောတာပါ ”

“ ဟုတ်ပါတယ်ဗျာ။ ကျွန်တော့် အတွက်လည်း တကယ်ကို အမှတ်တရ နေ့လေးပါပဲ ”

“ ကိုဇော် နားရင် နားတော့လေ ”

“ ဟုတ်ကဲ့ နားတော့မှာပါ ၊ နှင်းနွယ်လည်း ဒီနေ့ အလုပ်ပိတ်တယ် ဆိုပေမဲ့ လုပ်စရာ ရှိတာတွေ လုပ်ပါ ၊ နားပေါ့ ”

“ ဟုတ်ကဲ့ ၊ နားမှာပါ။ ဒါပေမဲ့ ကိုဇော့်ကို တစ်ခုတော့ ပြောစရာ ရှိသေးတယ် ”

“ ဟုတ် ၊ ဘာများလဲ ”

“ သြော်. . . တခြားတော့ မဟုတ်ပါဘူး။ ကိုဇော်က နှင်းနွယ်ကို Love Creative ဆိုက်လေးကို ဖိတ်ခေါ်တယ်နော်။  ”

“ ဟုတ်တယ်လေ ”

“ နှင်းနွယ် ဝင်ထားတာကိုရော သိလား ”

“ ဟုတ်လား ၊ ကျွန်တော် သတိမထားမိဘူး ”

“ ဟုတ်မှာပါ။ ကိုဇော်က ဆိုက်ထဲကို မဟုတ်တာတွေ တင်မှာ စိုးလို့ လှည့်ပတ်ကြည့်ရှု့နေရတာကိုး ”

“ ဟုတ်ပါတယ် ”

“ နှင်းနွယ်ကတော့ ဝင်ထားယုံတင် မကဘူး ၊ အမှတ်တရ အနေနဲ့ပါ ၊ ကဗျာလေး သုံးပုဒ်ပါ တင်ထားပါသေးတယ် ”

“ ဗျာ ၊ ဟုတ်လား ”

ကိုယ့်နား ကိုယ် မယုံနိုင်အောင် ဖြစ်သွားမိသည်။ သူက ကဗျာရေးထားတယ်တဲ့။

“ ဟုတ်တယ် ကိုဇော် ၊ ကိုဇော့်အတွက်လည်း အမှတ်တရပေါ့လေ”

“ ဒါဆို ဘာနာမည်နဲ့ ဝင်ထားတာလဲ ၊ ကလောင်နာမည်က ဘာလဲ ”

“ ဒါကတော့ မပြောဘူး ကိုဇော် ၊ ကိုဇော့် ဖာသာ သိချင်ရင် ရှာပေါ့ ”

“ ဟာဗျာ ”

“ နှင်းနွယ်ကတော့ အမှတ်တရ ကဗျာလေး ရေးထားတာ ၃ ပုဒ်တောင်မှ ရှိသွားပြီ ”

“ ဟောဗျာ ၊ ကျွန်တော် မသိဘူး။ တော်တော် ညံ့တာပဲ ”

“ ညံ့တယ် ရယ်တော့ မဟုတ်ဘူးပေါ့ ကိုဇော်ရယ်။ နှင်းနွယ်ကတော့ နာမည်ရင်းနဲ့ မရေးတော့ ကိုဇော် ဖတ်မိရင်တောင်မှ သတိမထားမိတာ ဖြစ်မှာပါ။ ”

“ ဟုတ်မှာပါ၊ ကလောင် နာမည်ပြောပြပါလား နှင်းနွယ် ”

“ မပြောဘူး ကိုဇော် ၊ ကိုဇော် သိချင်ရင် ကိုဇော် ဖာသာ အိပ်ယာနိုးမှ ရှာပေါ့။ အခုတော့ နှင်းနွယ် လျှောက်မေးတာနဲ့ အတော်ကို မောပြီး ပင်ပန်းနေလောက်ပြီး အိပ်လိုက်ပါတော့ ”

“ သြော်. . . ဟုတ် ”

“ အိပ်ယာနိုးတော့မှ ရှာပေါ့ ကိုဇော်ရယ် ၊ ကလောင်နာမည်ကတော့ ကိုဇော့်ဖာသာ မသိဘူး ဆိုရင် နှင်းနွယ် ဘယ်တော့မှ မပြောပါဘူး။ ကိုယ့်ဖာသာ ရှာတွေ့ပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ်။ Have a good sleep ပါရှင် ”

“ ဟုတ်. . ၊ ကျေးဇူး . . ”

“ - - - - - ”

နှင်းနွယ်ဘက်မှာ ဖုန်းလည်း ချပြီး တစ်ခါတည်း လိုင်းမှ ဆင်းသွား၏။ ကျွန်တော် LC မှ မန်ဘာ စာရင်းများဆီကို သွားကာ သူ့ရဲ့မေးလ်နဲ့ ရှာသည်။ မတွေ့။ နောက်ပြီး သူ့ရဲ့ နာမည်နဲ့ ရှာသည်။ မတွေ့။ တစ်ယောက်ချင်း လိုက်ရှာတော့လည်း လက်ရှိ သူတင်ထားသော Gtalk Logo လိုမျိုး မတွေ့။ ရှာရင်း ဖွေရင်းနဲ့ ကျွန်တော် အချိန် အတော်ကုန်သွားကာ လက်လျော့ရင်း အိပ်ပျော်သွားမိသည်။

ဆက်လက် ဖော်ပြပါမည်။ 


လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

22 November 2010

17 နှလုံးသား ရှိရာ ( ၂ )



အချစ်ဆုံး . . . သို့

“ မေ ” လို့ ခေါ်ရမလား
“ နှင်း ” လို့ ခေါ်ရမလား
“ နွယ် ” လို့ ခေါ်ရမလား
“ မေနှင်းနွယ် ” လို့ ခေါ်ရမလား
ဒါမှမဟုတ်. . .
“ အချစ်ဆုံးလေး ” လို့ ခေါ်ရမလား။ ။

ချစ်သူဆီက အဖြေရပြီးတော့ ပထမဦးဆုံး ချစ်သူကို ပေးဖြစ်ခဲ့သော ကဗျာလေး ဖြစ်၏။ အဲဒီတုန်းကမှ စပြီး ချစ်သူကို “ နွယ် ” ဟု ခေါ်ဖြစ်ခဲ့သည်။ ဘာရယ် ဘာသဘောမှ မဟုတ်ပေမဲ့ ချစ်သူက ကိုယ့်ရဲ့ စိတ် ၊ ကိုယ့်ရဲ့ နှလုံးသား ၊ ကိုယ့်ရဲ့ ဘဝ တစ်ခုလုံးကိုပါ ရစ်ပတ် နှောင်ဖွဲ့တတ်ခြင်း သဘောရှိသော “ နွယ်ပင်လေးကဲ့သို့ တင်စားမိကာ “ နွယ် ” ဟုခေါ်ခဲ့တာ ဖြစ်၏။ တကယ်လည်း ကိုယ့်အပေါ် တစစနဲ့ ရစ်ပတ်နှောင်ဖွဲ့ လာခဲ့ပါသည်။



အိပ်ယာမှ နိုးနိုးချင်း ထုံးစံအတိုင်း ကွန်ပျူတာလေးကို ဖွင့်ပြီး ကိုယ် အီးမေးလ် စစ်ကြည့်လိုက်တော့ Fwd to Fwd Mails တွေ နည်းနည်းနောနော မဟုတ်။ တစ်မျိုးတည်းကို ခေါင်းစဉ်တစ်မျိုးတည်းနဲ့ ပို့ရင် ဘာမှ မဖြစ်ပေမဲ့ မူရင်း မေးလ်ပိုင်ရှင်က ပေးထားသော ခေါင်းစဉ်ကို ဖျက်ပြီး ကိုယ်သန်ရာ ကိုယ်နှစ်သက်ရာ ခေါင်းစဉ်ကို တပ်ကာ ထပ်ပို့ကြ၏။ ဒါနဲ့ပဲ ကိုယ့် မေးလ်ထဲမှာ အကြောင်းအရာတူ ခေါင်းစဉ်ကွဲ မေးလ်များ စုပုံနေတတ်သည်။

ထိုအချိန်က ကိုယ် ဘလော့လေးသာ ဖွင့်ထားတာ သေသေချာချာ မရေးဖြစ်သေးပါဘူး။ ကိုယ့် ဘလော့ပေါ်ကိုတင်မဲ့ စာတွေကို အရင်ဆုံး မေးလ်ထဲက သူငယ်ချင်းတွေဆီကို အရင်ပို့ဖြစ်ခဲ့သည်။ ထိုမှတဆင့် မေးလ်ထဲမှာ အတော်ကို ပျံ့နှံ့နေတတ်ပြီး နောက်ဆုံး ကိုယ့်ဆီပါ အောက်ဆုံးက ရေးသူ ပျောက်ကာ ရောက်လာတတ်သည်။ ကိုယ့်မေးလ်ကို ကိုယ် ခေါင်းစဉ်ပြောင်းကာ ပြန်လည်လက်ခံရတော့ ဖော်မပြတတ်သော ခံစားမှု တစ်ခုက ရင်မှာ ဖွံ့ဖွံ့ဖြိုးဖြိုး ဖြစ်ထွန်းသည်။

ဒီလို မေးလ်တွေ ကြားထဲမှ ထူးထူးဆန်းဆန်း မေးလ်လေး တစ်စောင်ကို ကိုယ် မြင်လိုက်ရသည်။ ပို့သူ နေရာမှာ ပေါ်နေတာက may hinn ngwe လို့ ဖော်ပြပြီး မေးလ် စာကိုယ် အတွက် နမူနာ အနည်းငယ်မှာတော့ “ အစ်ကိုရေ. . .  ” ဆိုသော  စာသားကိုယ် တွေ့လိုက်ရ၏။ ဘာပါလိမ့် ဆိုသော စူးစမ်းချင်စိတ်ဖြင့် မေးလ်လေးကို ဖွင့်လိုက်တော့မှ အပြည့်အစုံကို မြင်ရတော့သည်။

“ အစ်ကိုရေ . . .

အလုပ်က အခုပဲ ပြန်ရောက်တယ်။ မေးလ်ဖွင့်လိုက်တော့ အစ်ကို ပို့ထားတဲ့ မေးလ် ၄ စောင်တောင်မှ ရတယ်။ အခုတော့ အလုပ်က ပြန်ရောက်ရောက်ချင်း ဆိုတော့ မဖတ်အားသေးဘူး။ ချက်ပြုတ် လိုက်ဦးမယ်။ မေးလ်ဖတ်ပြီးတော့မှ အကြောင်းပြန်တော့မယ်။ ကျေးဇူးပါပဲ။ ”

မေနှင်းနွယ်

မေးလ်ကတော့ ဒီလောက် တိုတိုလေးသာ ဖြစ်သည်။ ကိုယ်မေးလ်ပို့လိုက်လို့ လက်ခံရရှိသူတို့ ထံမှ ဒီလိုပဲ အကြောင်းပြန်လေ့ ရှိတတ်ပါသည်။ သို့သော် အမှတ်တရ မေးလ်ပြန်ဖော်ရသော မေနှင်းနွယ် ဆိုသော နာမည်လေးကိုတော့ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့မိပါသည်။ ဒီလိုနဲ့ ကိုယ်ကလည်း စိတ်ကူးပေါ်တိုင်း ပေါ်သလို မေးလ်ထဲကနေ စာတွေကို ရေးကာ ရှိသမျှ သူငယ်ချင်းတွေဆီကို လျှောက်ပို့၏။

ကိုယ်ပို့သော စာတွေကို “ မေနှင်းနွယ် ” တစ်ယောက်ကတော့ တစ်စောင်မကျန် ဂရုတစိုက် လိုအပ်ချက်များ ၊ အမှားများကို မေးလ်ပြန်ကာ ထောက်ပြ ဆွေးနွေးပေးလေ့ ရှိသည်။ ဒါပေမဲ့ သူနဲ့ ကျွန်တော် လိုင်းပေါ်မှာ တစ်ခါမှ မဆုံဖြစ်ကြသေးပါ။ သူအလုပ်သွားခါနီး ကိုယ့်ကို Offline Messages ပို့ထားလေ့ ရှိသလို ၊ ကိုယ်ကလည်း ထိုမက်ဆေ့ကို ပြန်လည်ကာ ပြန်ထားလေ့ ရှိသည်။ ဒါနဲ့ တစ်နေ့ထက် တစ်နေ့ တစ်ယောက်ဆီကို တစ်ယောက်ပို့သော မက်ဆေ့ အကြောင်းရေတွေက များလာလေ့ရှိသည်။

“ Hi ”

ကိုယ့် Gtalk မှ Message Box လေး တစ်ခု တတ်လာကာ လှမ်း၍ နှုတ်ဆက်သည်။ ကိုယ်ကြည့်လိုက်တော့ ညီတစ်ယောက်ကဲ့သို့ ခင်မင်ရသော ညီလေး “ ကိုဟိန်း ” . . . .

“ ပြောလေ ညီ ၊ ဘာကိတ် ”

“ ကျွန်တော်တို့ Ning မှာ ဆိုက်လေး တစ်ခုလောက် လုပ်မလား လို့ အစ်ကို ”

“ ဘယ်လို လုပ်ရတာလဲကွ ”

“ထူးထူးခြားခြားတော့ မဟုတ်ဘူး အစ်ကို။ Ning မှာ ဆိုက်လေးဖွင့်ပြီးတော့ လုပ်မယ်လေ ”

“ အင်း  . . . ဘယ်လို အကြောင်းအရာ ၊ ရည်ရွယ်ချက် နဲ့ လုပ်မှာလဲ ”

“ အချစ်နဲ့ ပတ်သတ်ပြီးတော့ ရင်ဖွင့် ခံစားနိုင်တဲ့ ဆိုက်လေး ဖြစ်စေချင်တယ် အစ်ကို။ နောက်ပြီးတော့ တူရာ တူရာ အဖွဲ့လေးတွေလည်း လုပ်မယ်။ ကိုယ့်ခံစားချက်တွေကို ဆွေးနွေးဖို့ နေရာလေးတွေလည်း ထားပေးမယ်။ ကိုယ်တိုင်ရေး စာတွေ ၊ ထပ်ဆင့် ဖော်ပြတဲ့ စာတွေကိုလည်း လက်ခံမယ်။ ဒါပေမဲ့ အချစ်အကြောင်းက လွဲပြီး တခြား ဘာအကြောင်းကိုမှ လက်မခံချင်ဘူး အစ်ကို။ ”

“ ဟုတ်တယ် ဒါကောင်းတယ်။ အချစ်ဆိုက်မှာ တခြား နိုင်ငံရေး ၊ ကျန်းမာရေးတွေလာတင်ရင် ရှု့ပ်ကုန်မယ် ”
“ ဟုတ်တယ် အစ်ကို ၊ ဒါတွေ လာတင်ရင်တော့ သတိပေးပြီး ဖျက်ပစ်မယ်။ ”

“ ခဏနေဦး ကိုဟိန်း ၊ အချစ်ဆိုလို့ ၁၅၀၀ အချစ်ကိုပဲ လက်ခံမှာလား ၊ ၅၂၈ အချစ်ကိုရော လက်မခံဘူးလား ၊ ဒါကိုလည်း ရှင်းရှင်းလင်းလင်း သိမှ ဖြစ်မယ်။ ”

“ ၁၅၀၀ ရော ၊ ၅၂၈ ရော လက်ခံမယ် အစ်ကိုရာ။ အဓိကက အချစ်ဆိုက်လေး ဖြစ်ဖို့ပဲ။ ”

“ ဟုတ်ပြီ ၊ ဒီတော့ ဒီဆိုက်လေးကို ဘယ်လို နာမည်ပေးထားလဲ ”

“ ကျွန်တော် . . .  ခင်သီတာ ၊ မချိုဆု တို့နဲ့ တိုင်ပင်ကြည့်တော့ သူတို့က နာမည်တွေ ဝိုင်းရွေး ပေးကြတယ်။ ”
“ ဟုတ်လား။ ဂျိုပုက ဒါတွေ ဘာတွေ နားလည်လို့လား ၊ ဒီအပျိုကြီးက. . . ဟဟဟ ”

ချိုဆု ဆိုတာ အင်တာနက်ပေါ်မှာ ကိုဟိန်းနဲ့ ပတ်သတ်ပြီး ပထမဦးဆုံး ခင်ခဲ့ရသော ရွယ်တူ သူငယ်ချင်း တစ်ယောက် ဖြစ်သည်။ စစခင်ကတည်းက အစအနောက် သန်သော ကိုယ်နဲ့ စိတ်မဆိုးတတ်သော ချိုဆုတို့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများလို ဖြစ်ကာ အမြဲတမ်း စကားပြောဖြစ်ခဲ့သည်။

“ ဟားဟား. . . အထင်မသေးနဲ့ အစ်ကိုရေ။ အခု နာမည်တောင်မှ သူက ရွေးပေးတာ . . . သူရွေးပေးတဲ့ နာမည်လေးက အရမ်းကို လှတယ်။ ”

“ လုပ်စမ်းပါဦးကွာ ”

Love Creative တဲ့ အစ်ကို။ မြန်မာလို ဆိုရင် “ ဖန်တီးနိုင်စွမ်းသော အချစ် ” လို့ ခေါ်ကြမယ်လေ ”

“ ဖန်တီးနိုင်စွမ်းသော အချစ် ” ကောင်းသားပဲ နာမည်လေး ၊ ကြိုက်တယ်ကွာ ”

“ အိုကေ အစ်ကို ကြိုက်ရင် အခုပဲ ဆိုက်လေးကို စလုပ်လိုက်တော့မယ် အစ်ကို ”

“ အိုကေ ချကွာ ”

“ ကျွန်တော်က ဆိုက်ပဲ လုပ်တတ်တာနော်။ ဆိုက်ကို လူ လာအောင်တော့ အစ်ကိုပဲ ခေါ်ပေးရမှာ ဟီးဟီး။ အစ်ကို Marketing လေ။ ပြီးတော့. . . ဟဲဟဲ  . . ”

“ ပြီးတော့ ဘာဖြစ်ပြန်ပြီလဲ ”

“ ဒီလို ဆိုက်တွေမှာက ပြဿနာတွေကလည်း ဖြစ်တတ်တယ် အစ်ကိုရဲ့ ”

“ ဟုတ်လား ”

“ ဟုတ်တယ်။ ပြဿနာ ဆိုလို့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူးဗျာ။ ကိုယ်က အချစ်အကြောင်းပဲ တင်စေချင်တယ်။ သူတို့က နိုင်ငံရေးတွေ ၊ Sex အကြောင်းတွေ လာတင်တယ်။ ဒီတော့ ပြောရဆိုရ ၊ သတိပေးရ ၊ နောက်ဆုံး မရရင် Ban ရတတ်တယ်။ ဒီအချိန်မှာ ဆိုရင် စကားတွေတော့ အတော် ပြောရတာပေါ့။ ”

“ သြော်. . . ဒါကတော့ ကိုယ်က ဒီလို စည်းကမ်းလို့ ပြောထားတာပဲလေ။ ဒါကို မလိုက်နာတဲ့ လူကိုတော့ ဒီလို ပြောရမှာပေါ့။ ”

“ ဟုတ်တယ် ဟုတ်တယ်. . . အဲဒါဘဲ။ အဲဒီလို ဖြစ်လာရင်လည်း အစ်ကိုပဲ ကိုင်တွယ် ပြောရမှာနော် ”

“ အမ်. . . မင်းဟာက ငါ့ကို လူမိုက် ငှားတာပဲ ”

“ လူမိုက် ငှားတာတော့ မဟုတ်ပါဘူး ငါ့အစ်ကိုရယ်။ ကျွန်တော်တို့က ဘယ်လိုမှ ပြောဆို မရှင်းပြတတ်လို့ပါ။ စိတ်ရှုပ်ရင် Ban ဆိုတဲ့ ခလုတ်ပဲ သွားသွား နှိပ်မိမှာ ဒါကြောင့်ပါ။ အစ်ကို နားလည်အောင် ပြောပြ တတ်တယ်လေ။ ”

“ တော်. . . တော်. . . ငါ့ကို ခေါင်းရောင်း ပြီးတော့များ . . . . ”

“ ဟီး . . ဟီး . . ငါ့အစ်ကိုကလဲ ၊ ဒါပေမဲ့ သဘောတူတယ် မဟုတ်လား ”

“ စဉ်းစားဦးမယ်ကွာ ”

“ အဲ . . အဲ . . စဉ်းစားဦးမယ်သာ ပြောတာ ငါ့အစ်ကို မျက်နှာကြီးက ပြုံးနေတယ်။ ညီလေး လုပ်လိုက်တော့မယ်နော်  ဆိုက်လေးကို ”

“ စဉ်းစားဦးမယ်ကွာ ၊ စလုပ်ပြီးတော့ နောက်မှ ကိုယ်က လိုက်မလုပ်နိုင်ရင် မကောင်းဘူး မဟုတ်လား ”

“ အဲ. . . ဒီလိုလည်း မဟုတ်သေးဘူး အစ်ကို ”

“ ဒါဆိုရင် ဘယ်လိုလဲ ”

“ အခု ဆိုက်ကို စလုပ်ခါစမှာတော့ လူက နည်းနေဦးမှာလေ။ နောက်တော့ လူများလာပြီး အဲဒီထဲမှာ အမြဲ ရှိနေနိုင်ပြီး ဆိုက်ကလေးကို သံယောဇဉ် ရှိသူ ဆိုတာ ပေါ်လာမှာပဲလေ။ အဲဒီကျတော့ အဲဒီလူတွေကို ဖိတ်ပြီးတော့ အက်ဒမင် ပေးမယ် အစ်ကိုရာ။ ”

“ အင်း  . . . ”

“ ဒါဆိုရင် များလာတဲ့ မန်ဘာတွေ အတွက် ကျွန်တော်တို့ အက်ဒမင်တွေက တာဝန်တွေ ခွဲပြီး လုပ်လို့ရတယ်လေ။ ကြိုဆိုရေး ၊ မိတ်ဆက်ရေး ၊ အသင်းတွေကို ဖိတ်ခေါ်ရေး ၊ စောင့်ကြည့်ရေးတွေကို တာဝန်ခွဲပြီး လုပ်မယ် အစ်ကို ”

“ အိုကေ . . . သဘောပေါက်ပြီ ”

“ ဒါဆို အခု လုပ်လိုက်တော့မယ်နော် အစ်ကို ”

“ ကေကေ . . . . ချကွာ ”

အဲဒီနေ့ကနေပြီး စကာ အင်တာနက်မှ အချစ်နဲ့ ပတ်သတ်သူ ၊ အချစ်ကို စိတ်ဝင်စားသူ အတော်များများရဲ့ ကြားမှာ LC ဆိုပြီးတော့ အတိုကောက် ခေါ်သော Love Creative ( http://lovecreative.ning.com ) ဆိုတဲ့ ဆိုက်လေးဟာ “ ဖန်တီးနိုင်စွမ်းသော အချစ် ” ဆိုပြီး ထင်ရှား စိတ်ဝင်စား လာကြပါသည်။

တကယ်တမ်း ပြောရရင် ကိုယ်ကလည်း တော်တော်ကို လွန်၏။ အလုပ်က အိမ်ပြန်ရောက်လို့  လိုင်းပေါ်တတ်ပြီး ကိုယ့်ကို လာခေါ်ပြော နှုတ်ဆက်သူတွေနဲ့ စကားပြောတဲ့ အခါမှာ နည်းနည်းတော့ ဆန်း၏။

“ Hi Ko Zaw ”

“ ဗျာ . . . ”

“ အားရဲ့လား ”

“ အားတာကတော့ လုံးဝ မအားဘူးဗျ။ ဘာကြောင့် မအားဘူးလို့ ထင်လဲ ”

“ ဘယ်သိမလဲ ကိုဇော်ကလဲ ”

“ သိချင်လား ”

“ ဟုတ်ကဲ့ ”

“ ပြီးတော့ ကျွန်တော့်ကို ခင်လား ”

“ ဗျာ ”

“ မဗျာနဲ့. . .မေးတာကို ဖြေ. . . ဟီးဟီး ”

“ ခင်တာပေါ့ ကိုဇော်ရာ။ ဒါကြောင့်လည်း ကိုဇော့်ကို ကျွန်တော် အက်ပြီး အားတဲ့ အခါမှာ စကားပြောတာပေါ့။ ”

“ ဟုတ်ပြီ . . ဒါဆိုရင် http://lovecreative.ning.com ဒီကို လာခဲ့ဗျာ ”

“ ဟုတ်ကဲ့ . . . ”

“ - - - - - - - ”

“ - - - - - - - ”

“ ဟိုလေ . . . ကိုဇော် ”

“ ဟုတ်ကဲ့ ပြော . .  ”

ကိုယ့်မှာ သူ့ကို LC ဆိုက်လင့် ပေးလိုက်ပြီးတော့ တခြားသော သူတွေကိုလည်း လိုက်ပေးပြီး Marketing ဆင်းနေရ၏။ လိုင်းပေါ်မှာ တွေ့သမျှတွေကိုလည်း လိုက်ပြီး လင့်ပေးကာ အတင်းဝင်ခိုင်း နေရ၏။

“ ကျွန်တော် အဲဒီကို ရောက်နေပြီဗျ ”

“ ဟုတ် ”

“ အဲဒါ ဘာဆက်လုပ်ရမလဲဗျာ ”

“ အဲ . . . အဲဒီကို ရောက်ရင် Sign Up လုပ်ပြီး အကောင့်ဝင်လိုက်ဗျာ ”

“ ကျွန်တော် အဲဒီဆိုက်ထဲ ဝင်ရမှာလား။ ”

“ အင်းလေ. . . ဝင်လိုက်လေ ”

“ အဲဒီမှာ ဘာတွေ ရှိလဲ ၊ ဘာတွေ လုပ်လို့ရလဲ ”

“ အချစ်နဲ့ ပတ်သတ်တာတွေ အားလုံးကို ခံစားလို့ ရမယ် ၊ ရင်ဖွင့်လို့ရမယ် ၊ မျှဝေလို့ ရမယ် ”

“ ဟုတ်လား ”

“ ဟုတ်တာပေါ့ဗျာ . . နောက်မှ အင်တာနက် တတ်တိုင်း LC ကို မဝင်ရ မနေနိုင် ဖြစ်နေမယ်နော် ”

“ ဒီလိုလား . . ဒါဆိုရင် ဝင်ပြီဗျာ ”

တကယ်လည်း LC မန်ဘာဝင်တိုင်း အွန်လိုင်းပေါ် ရောက်လာတာနဲ့ မဝင်ရ မနေနိုင်ကို ပျော်စရာ ကောင်းခဲ့ပါသည်။ တစ်နေ့တခြား များများလာတဲ့ မန်ဘာတွေကို အွန်လိုင်းပေါ် ရောက်တိုင်း သွားပြီး ကြည့်ရတာ အမော။ ဆွေးနွေးဖို့ အဖွဲ့လေးတွေလည်း တည်ဆောက်ရတာ အမော။ အသစ်ဝင်လာသော မန်ဘာများကို နှုတ်ဆက်ရတာလည်း အမော။ အတော်ကို ပျော်စရာ ကောင်းခဲ့သော နေရာလေး ဖြစ်ခဲ့ပါသည်။ ကိုယ့်ရဲ့ သံယောဇဉ် အရှိဆုံး ဆိုက်လေး တစ်ခုလည်း ဖြစ်သည်။



LC ဆိုက်လေးကို မန်ဘာတွေ များလာအောင် ဖိတ်ရ ၊ ခေါ်ရ ၊ ဆွဲဆောင်ရနဲ့ တစ်နေ့ တစ်နေ့ အလုပ်တွေ ရှုပ်နေပေမဲ့ အရင်ကလိုပဲ စာကတော့ အရေး မပျက်ခဲ့ပါဘူး။ အရင်လို များများစားစား မရေးနိုင်တော့ပေမဲ့ နေ့တိုင်းတော့ ရေးဖြစ်ပြီး မေးလ်ကနေ ဆက်လက် ပို့ဖြစ်ခဲ့ပါ၏။

ပို့သမျှ မေးလ်တွေကိုလည်း တစ်စောင်မကျန် “ မေနှင်းနွယ် ” ဆီမှ အကြောင်း ပြန်လေ့ရှိသည်။ တစ်နေ့တော့ ညနေဖက် အိပ်ယာမှ ကိုယ် စောစောနိုးဖြစ်သည်။ ထုံးစံအတိုင်း နိုးနိုးချင်း အွန်လိုင်းပေါ်ကို တတ်ကြည့်လိုက်တော့ ထူးဆန်းစွာပဲ “ မေနှင်းနွယ် ” က ရှိနေသည်။ တစ်ခါမှ သူ့ကို အွန်လိုင်းပေါ်မှာ မတွေ့ဖူးတော့ အံ့သြနေပြီးမှ. . . .

“ ဟလို . . . မမေနှင်းနွယ်  ဆိုတာလား မသိဘူး ”

“ ဟုတ်ပါတယ် ကိုဇော် ”

“ ကျွန်တော်တို့ မတွေ့ဖြစ်ကြဘူးနော် ၊ အချိန်မတူ လို့လည်း ဖြစ်မှာပါ ”

“ ဟုတ်တယ် ကိုဇော် ၊ ကျွန်မကလည်း အလုပ်ချိန်က နောက်ကျလို့ ပြန်ရင် ကိုဇော်နဲ့ တွေ့ဖြစ်ဖို့ ဆိုတာ မလွယ်ဘူး။ နောက်ပြီးတော့ ကိုဇော် ပြန်လာတဲ့ အချိန်ဆိုရင်လည်း ကျွန်မက အိပ်နေလောက်ပြီလေ။ ဒါကြောင့် မတွေ့ဖြစ်ကြတာပါ ”

“ သြော်. . . ဟုတ်တာပဲ။ ဒါနဲ့ စပ်စုတာ မဟုတ်ပေမဲ့ စပ်စုတာပါပဲ။ အခု မမေနှင်းနွယ်က ဘယ်ကလဲ မသိဘူး ”

“ UAE ကပါ ကိုဇော် ”

“ သြော်. . . . ”

အသံမထွက်ပေမဲ့ ကိုယ်ရေးလိုက်တဲ့ စာလုံးမှာတင် အသံရဲ့ နောက်ဆက်တွဲ ဆွဲအားကို သူ သိလိုက်ပုံရသည်။

“ ဘာဖြစ်လို့လဲ ကိုဇော် ”

“ ဘာမှတော့ မဖြစ်ပါဘူးဗျာ။ မေးလ်ထဲမှာ ဖတ်ရတာတွေကြောင့်ပါ။ ဘာပဲ ဖြစ်ဖြစ် သတိထားပါဗျာ။ အဲဒီမှာက ကြားရတဲ့ သတင်းတွေ အရ မိန်းကလေးတွေ အတွက် မလုံခြုံဘူးလို့ ကြားမိလို့ပါ ”

“ ဟုတ်တော့လည်း ဟုတ်ပါတယ် ကိုဇော် ၊ ဒါပေမဲ့ နှင်းနွယ်က အပြင်ကိုလည်း သိပ်မထွက်ဖြစ်ပါဘူး ကိုဇော်။ ဒါကြောင့် သိပ်တော့ ပြဿနာ မရှိပါဘူး။ ကြားရတဲ့ သတင်းတွေက အပြင်ကို လျှောက်သွားတဲ့ မိန်းကလေးတွေမှာပဲ ဖြစ်ကြတာ များပါတယ်။ ”

“ ဟုတ်ကဲ့။ ကျွန်တော်လည်း မေးလ်ထဲက စာတွေကြောင့်သာ သတိပေးတာပါ။ ကိုယ်လည်း သေချာ မသိပါဘူးဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘယ်နေရာမှာ မဆို လူကောင်း လူဆိုးဆိုတာ ရှိတာပါပဲဗျာ။ ကိုယ်ကသာ အရာရာကို သတိထားနိုင်ရင် အဆင်ပြေမှာပါ ”

“ ဟုတ်ပါတယ် ကိုဇော်။ သတိပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ”

“ ဒါနဲ့ဗျာ  . . . . . ”

“ ဟုတ်ကဲ့ ပြောပါ ”

“ LC ဆိုတာကို သိလား . . ”

“ ရှင် ၊ မသိဘူး ကိုဇော်။ ဘာဖြစ်လို့လဲ ဟင် ”

“ ဘာမှ မဖြစ်ပါဘူးဗျာ။ ကျွန်တော်တို့ လုပ်ထားတဲ့ ဆိုက်လေးပါ။ အချစ်ဆိုက်လေး ဆိုပါတော့။ အဲဒီမှာ ရင်တွင်းကဗျာတွေ ၊ အချစ်ခံစားချက် ကဗျာတွေ ၊ စာတွေ လာတင်လို့ ရပါတယ်။ လာခဲ့ပါလားဗျာ ”

“ ဟုတ်ကဲ့  ၊ လာခဲ့ပါ့မယ် ”

“ အိုကေဗျာ ၊ ကျေးဇူးပါပဲ. . . http://lovecreative.ning.com  ဒါက LC ရဲ့ လင့်လေးပါပဲ ”

“ ဟုတ်ကဲ့ ဝင်လိုက်ပါ့မယ် ”

“ - - - - - - ”

သူ့ဘက်က ခဏငြိမ်သွားသည်။ အတော်ကြာတော့မှ စာတစ်ကြောင်း တတ်လာသည်။

“ ကိုဇော် ဆိုက်လေးကို တကယ်ကို စိတ်ဝင်စား သွားပြီ။ စိတ်ပါတဲ့ အခါဆိုရင်တော့ ကဗျာလေးတွေ စာလေးတွေ ဝင်ရေးပါ့မယ် ”

“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ ”

ကိုယ် သူ့ကို ပြောသာ ပြောလိုက်တာ သူ့ကဗျာ ၊ စာတွေ ရေးမယ် ဆိုတာကို ဘယ်လိုမှ မမျှော်လင့် ခဲ့ပါဘူး။

“ အခုတော့ အလုပ်သွားဖို့ ပြင်လိုက်ဦးမယ် ကိုဇော် ၊ နောက်မှ တွေ့တာပေါ့နော် ”

“ ဟုတ်ကဲ့ ၊ ကောင်းသောနေ့ပါဗျာ ”

“ ဟုတ်ကဲ့ ကောင်းသောနေ့လေးပါပဲ ”

ပြီးတော့ သူ့ရဲ့ အကောင့်လေးက ရုတ်ခနဲ စိမ်းနေရာကနေ မီးမှိတ်ကာ မှောင်အတိကျသွား၏။ ဒီအထိလည်း သူ့အပေါ်မှာ ဘာမှ ထူးထူးခြားခြား မခံစားမိသေးပါဘူး။ ကိုယ်ပိုပြီး အာရုံစိုက်မိတာ LC ဆိုက်လေးကို ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ဖြစ်စေချင်မိတာပါပဲ။



ကိုယ့်မှာ မကောင်းတဲ့ အချက် တစ်ခုကလည်း ရှိသေး၏။ ဒါကတော့ Gtalk ရဲ့ Custom Messages မှာ စိတ်ကူးပေါက်ရာတွေကို လျှောက်ရေးတတ်တာပဲ။ အဲဒီအချိန်မှာ ကိုယ်ရဲ့ စိတ်ခံစားမှုမှာ ဖြစ်နေတာကို မက်ဆေ့လေးမှာ ချရေးမိလေ့ရှိသည်။ ခန့်ခန့်ညားညား စာသားတွေ ပါသလို ၊ ပြောင်ချော်ချော် ရွှတ်နောက်နောက် စာသားတွေလည်း ပါ၏။

တစ်နေ့တော့ ကိုယ်ရုပ်ရှင်ကြည့်နေရာကနေ ကွန်ပျူတာကို မပိတ်မိဘဲ အိပ်ပျော်သွားသည်။ ကိုယ် ညနေ အိပ်ယာက နိုးတော့ ကွန်ပျူတာက ဖွင့်လျက်။ မျက်နှာတစ်ချက် သစ် ၊ အိပ်သာဝင်ပြီး ထွက်လာတော့ ထုံးစံ အတိုင်း ကွန်ပျူတာ ရှေ့ကိုပဲ ထိုင်မိသည်။ Gtalk မှာ ရှိသော သူငယ်ချင်းတွေကို ကြည့်လိုက်တော့ “ မေနှင်းနွယ် ” ကို လိုင်းပေါ်မှာ စိမ်းနေတာ တွေ့လိုက်ရ၏။ သူ့ရဲ့ Custom Messages ကိုကြည့်လိုက်တော့ “ ဒေါသတွေ ထွက်နေတယ် ” လို့ ရေးထားသည်။

ရုတ်တရက် ဟိုင်း မလို့ သူ့ရဲ့ ဘောက်စ်လေးကို ခေါ်ပြီးမှ ရေးသင့် မရေးသင့် စဉ်းစားနေမိသည်။ သူ့ရဲ့ ပါဆယ်နယ် စိတ် ရှုပ်ထွေးမှုကို ကိုယ်က သွားမေးမိမှာလည်း စိုးရိမ်မိသည်။ ဒါပေမဲ့ လက်ကတော့ သူ့ဘောက်စ်ထဲကို ရိုက်လိုက်မိသည်။

“ Hi မမေနှင်းနွယ်  ၊ ဘာဖြစ်လို့ ဒေါသတွေ ထွက်နေရတာလဲဗျာ ”

“ - - - - - - - - ”

“ အလုပ်မှာ အဆင်မပြေလို့လား ၊ ဒါကတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ကိုယ်တွေက နိုင်ငံရပ်ခြားမှာ လာလုပ်နေရတာ ဆိုတော့ တစ်ခါတလေ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ် ”

“  - - - - - - - ”

“ နောက်တော့ အဆင်ပြေ သွားမှာပေါ့ ၊ သြော်. . . ဆောရီးဗျာ။ သူများ စိတ်ညစ် ဒေါသထွက်နေတဲ့ အချိန်မှာ ကျွန်တော်က နှောက်ယှက်သလို ဖြစ်သွားရင်ပေါ့။ ဆောရီးပါ . . . လုပ်စရာ ရှိတာ လုပ်ပါ ”

“  - - - - - - - ”

သူ့ဘက်က ဘာမှ မကြောင်းပြန်ခြင်း မရှိ။ အတော်ကို ကြာသည်။ ခဏနေတော့ ကိုယ်လည်း LC ဆိုက်ထဲကို ဝင်ကာ မွှေနေမိတော့ သူ့ကို မေ့သွားတော့သည်။ ဘယ်နှစ်ယောက် မန်ဘာ အသစ်ဝင်လဲ။ ဘယ်နှစ်ယောက် ရှိသွားပြီလဲ။ ဘယ်သူတွေက ပို့စ်တွေ အသစ်တင်လဲ ၊ ကဗျာတွေလဲ ၊ စာတွေလား ၊ ခံစားမှုတွေလား ၊ ဘယ်သူတွေက ဆွေးနွေးချက် အသစ်တင်လဲ။ ဘယ်အဖွဲ့တွေမှာရော ဘာတွေ ဆွေးနွေးထားလဲ။ ဒါတွေကို လိုက်ကြည့်ရင်း သူ့ကို ကိုယ် မေ့သွားတော့၏။ ဒီအချိန်မှာပဲ ကိုယ့်ဆီကို ဘောက်စ်လေး တစ်ခု ရုတ်တရက် တတ်လာကာ စာတွေ အများကြီးကို တွေ့လိုက်ရသည်။

အဲဒီဘောက်စ်လေးကို ကြည့်လိုက်တော့ “ မေနှင်းနွယ် ” ရဲ့ ဘောက်စ်လေး ဖြစ်နေ၏။ သူ့ဘောက်စ်မှာ စာတွေ အများကြီး ရေးထားသည်။ ဒါပေမဲ့ ရေးပြီးပြီးချင်း သူက အောက်သွားပုံ ရသည်။ သူ လိုင်းပေါ်မှာ မရှိတော့။ ဘာတွေများ ရေးသွားပါလိမ့် ဆိုပြီး ကိုယ် ကြည့်လိုက်တော့ . . . . .

“ နှင်းနွယ် စိတ်ဆိုးနေတယ် ဆိုတာ တခြားတော့ မဟုတ်ဘူး။ ကိုဇော့်ကို စိတ်ဆိုးနေတာ။ နှင်းနွယ် ကိုဇော့်ကို စိတ်ကောက်နေတယ် လို့ ထင်တာပဲ။ ကိုဇော် ရေးထားတဲ့ စာကြောင့် ထင်တယ်။ ဒါကို ဖတ်ပြီး ကိုဇော့်ကို စိတ်ကောက်နေတာ . . . ဒါပါပဲ။ ဒါပေမဲ့ စိတ်တော့ မပူပါနဲ့လေ။ နှင်းနွယ်က စိတ်ကောက်တတ်ပေမဲ့ စိတ်တော့ ပြေလွယ်ပါတယ်။ နောက်နေ့ဆိုရင် စိတ်ပြေသွားမှာပါ ”

သူ့ရဲ့ စာကို ဖတ်ပြီး ကိုယ်ပြန်စဉ်စားမိသည်။ မနေ့က နဲ့ ဒီနေ့ ကိုယ်ရေးတဲ့ စာတွေထဲမှာ သူ စိတ်ဆိုးအောင် ၊ စိတ်ကောက်အောင် ရေးမိတဲ့ စာ ဘယ်ဟာများလဲ။ မနေ့က နဲ့ ဒီနေ့ ရေးသမျှတွေကို ကိုယ် အကုန် ပြန်ဖတ်သည်။ ဘာမှ ကိုယ်မတွေ့။ မဟုတ်သေးပါဘူး။ သူ စိတ်ကောက်လောက်အောင် ငါက ဘာတွေများ လုပ်မိပါလိမ့် ၊ ရေးမိပါလိမ့်။ ကိုယ်အကြိမ်ကြိမ် စဉ်းစားနေမိသည်။ ဒါပေမဲ့ ဘယ်လိုမှ အဖြေမရ။

တဖြေးဖြေး အချိန်တွေ ကုန်သွားပြီး ကိုယ် ရေချိုးကာ အလုပ်ကို ထွက်လာခဲ့သည်။ ဒီအချိန်ထိလည်း သူ စိတ်ဆိုးစေတဲ့ စာသားကို ကိုယ် ဘယ်လိုမှ စဉ်းစားလို့ မရ။ အဲဒီည တစ်ညလုံး ကိုယ် အဲဒီအကြောင်းကိုပဲ စိတ်ထဲမှာ ရှိနေခဲ့သည်။ သူ့ကို စိတ်ဆိုးစေတဲ့ စကားလုံးက ဘာများ ဖြစ်လေလိမ့်မလဲ။ ဒါပေမဲ့ ကိုယ် အဖြေမရဘဲ မနက်သာ မိုးလင်းခဲ့ရသည်။



မနက် မိုးလင်းတော့ ကြည်ကြည်လင်လင်နဲ့ ပြာလဲ့ တောက်ပနေတဲ့ မိုးကောင်းကင်ယံမှာ ကိုယ့်ရဲ့ စိတ်တွေက တစ်ညလုံး မကြည်လင် ခဲ့သမျှကြောင့် မြင်သမျှ ရှုပ်ထွေး နောက်ကြည့် နေဆဲ။ ဘယ်လိုမှလည်း အဖြေရှာမရ။ အလုပ်ချိန်ကုန်လို့ Finger Print နှိပ်ပြီး ပြန်သာလာတယ် လူက သာသာယာယာ မရှိ။ အရင်လို ရောက်ရောက်ချင်း ကွန်ပျူတာ တန်းမဖွင့်တော့ဘဲ ရေချိုးခန်း တန်းဝင်လာပြီး ခေါင်းကနေ ရေလောင်းကာ စိမ်ချိုးလိုက်၏။ ဒီတော့ အနည်းငယ် လန်းဆန်း သွားသလိုမျိုး ထင်ရသည်။

ရေချိုးခန်းက ထွက်တော့ ဝယ်လာတဲ့ စားစရာလေးကို စားဖို့ ပြင်နေပြီး ကွန်ပျူတာလေးကို ဖွင့်ကာ အွန်လိုင်းကို တတ်လိုက်တော့ “ မေနှင်းနွယ် ” ကို လိုင်းပေါ်မှာ စိမ်းလျက်သား မြင်လိုက်ရသည်။ ဒါပေမဲ့ သွားပြီး အစလုပ် မခေါ်ရဲသေးပါ။ သို့သော် သူ့ရဲ့ Gtalk က Custom Messages မှာတော့ မနေ့က ရေးထားတဲ့ “ ဒေါသတွေ ထွက်နေတယ် ” ဆိုတဲ့ စာသား မဟုတ်တော့ဘဲ။

“  :)  ”  ဆိုသော အပြုံးပုံလေးကိုပဲ တင်ထားသည်။ ဝယ်လာသော စားစရာကို အရင်စားရင်း ဝင်လာသော မေးလ်များကို စစ်သည်။ ဖတ်စရာ ရှိသည်များကို ဖတ်သည်။ မေးလ်ပြန်ကာ ပြောစရာများကို မမေ့အောင် Star ဖြင့် Marked လုပ်ထားလိုက်သည်။ တခြားသော ဖတ်စရာ ဘလော့များကို လိုက်ဖတ်သည်။ ထုံးစံအတိုင်း LC ကို ဝင်ကာ တစ်ပတ် ပတ်ကြည့်လိုက်သည်။ မန်ဘာ ဘယ်လောက် တိုးလာလဲ။ ဘယ်သူတွေ ဘာတွေ ရေးထားလဲ ၊ ဘာတွေ ဆွေးနွေးထားလဲ။ ပေါ့ပေါ့ပါးပါးဆိုရင် စားရင်းနဲ့ ဝင်ဆွေးနွေးလိုက်သည်။ အကြေအလည် ဆွေးနွေးရမှာ ဆိုရင် နောက်မှ ဆွေးနွေးဖို့ မှတ်ထားလိုက်သည်။

စားရင်း ဖတ်ရင်းနဲ့ စားစရာ ကုန်တော့ အမှိုက်ပုံးထဲကို သွားထည့်ရင်း အအေး တစ်ငုံသောက်သည်။ ပြီးတော့ ရေသောက်ပြီး ကွန်ပျူတာ ရှေ့ကို ပြန်လာထိုင်တော့ မေနှင်းနွယ်ကို စိမ်းလျက်ပင် တွေ့ရသည်။ သူ အလုပ်ပိတ်ရက်များလား ဆိုပြီး သိချင်စိတ် ပိုဖြစ်လာခဲ့သည်။ ဒါနဲ့ သူ့ဘောက်စ်လေးကို ခေါ်လိုက်ပြီး. .

“ မမေနှင်းနွယ်  . . . မင်္ဂလာပါဗျာ ”

“ ဟုတ်ကဲ့ ကိုဇော် ၊ မင်္ဂလာပါ ”

“ ဒီနေ့ အလုပ်ပိတ်လို့လား ၊ စောစောစီးစီး အွန်လိုင်းပေါ်မှာ တွေ့လို့ ”

“ မပိတ်ဘူး ကိုဇော်။ မနေ့က လူတစ်ယောက်ကို စိတ်ကောက်နေလို့ပါ။ အဲဒါ ဒီနေ့ သူကများ ချော့မလားလို့ လာတက် စောင့်နေတာ ”

မနေ့က သူရေးသွားတာကို ကိုယ် ရုတ်တရက် ပြန်သတိရမိသည်။ အခုမှ သတိရတာတော့ မဟုတ်ပါ။ တစ်ညလုံးကို သတိရနေမိတာပါပဲ။ ဒါကြောင့် တစ်ညလုံးကို သူ့ကိုယ်အပေါ် ဘယ်အရာနဲ့ စိတ်ဆိုး သွားတာလဲ။ ဒေါသထွက်သွားတာလဲ ဆိုတာကိုတော့ စဉ်းစားလို့ မရခဲ့ပါ။

“ သြော် . . . မှတ်မိပါတယ် မမေနှင်းနွယ် ၊ မနေ့က ရေးသွားတာတော့ တွေ့တယ် ၊ ဒါပေမဲ့ ကျွန်တော်က ဘာကို ဆိုလိုတယ် ဆိုတာကို သတိမထား လိုက်မိဘူးဗျာ။ မမေနှင်းနွယ် စိတ်မကောင်းဖြစ်အောင် ကျွန်တော်က ဘယ်စာကိုများ ရေးမိပါလိမ့်ဗျာ။ ပြောပြပါ။ ”

“ ကိုဇော် တကယ်ကို မသိဘူးလား ”

သူ ကိုယ့်ကို စာပြန်ရိုက်တာ အရင်လို မဟုတ်။ အတော်ကို ကြာနေ၏။ သူ့အတွက် တခြား အရေးကြီးသော တစ်ယောက်ယောက်နဲ့ ပြောနေရင်း ကိုယ့်ကို ပြန်ပြောနေရတာလား။ ဒါဆို အားနာဖို့ ကောင်းတယ် မဟုတ်လား။

“ ဟုတ်ကဲ့ တကယ်ကို မသိတာပါ။ ကျွန်တော်က မလိမ်တတ်ပါဘူး။ ကျွန်တော်က ရိုးရိုး ရေးလိုက်တာ ဆိုပေမဲ့ သူများက တမျိုးထင်ပြီး ခံစားသွားရတယ် ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ ”

“ သြော်. . . ”

“ ကျွန်တော် ဘယ်သူ့ကိုမှ ရည်ရွယ်တယ် မရှိပါဘူး။ ဒါပေမဲ့ အခု မမေနှင်းနွယ် ပြောနေတဲ့ ကျွန်တော်ရေးတဲ့ စာဆိုတာကို ဘယ်စာလဲ ဆိုတာကို ကျွန်တော် တကယ်ကို မသိဘူး ဖြစ်နေတယ်။ ဘယ်စာဆိုတာကို ကျွန်တော့်ကို ပြောပြပါလား ”

“ - - - - - ”

သူ စာရိုက်နေတယ် ဆိုတာကို လက်ကွက်ကလေး ပေါ်နေ၍ သိနေပေမဲ့ အရင်လို မဟုတ်။ အတော်ကို ကြာနေ၏။

“ မမေနှင်းနွယ် ၊ တစ်ယောက်ယောက်နဲ့ ပြောနေတယ် ဆိုရင် ဆောရီးနော်။ ကျွန်တော် နောက်မှပဲ မေးပါ့မယ်။ ကျွန်တော့်ကြောင့် တခြား တစ်ယောက်ယောက်နဲ့ ပြောနေရာကနေ ပြန်ပြောနေတယ် ဆိုရင် အာရုံများပြီး အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါ။ နောက်မှပဲ ပြောပါ ရပါတယ် ”

ဒီတော့ သူ စာရိုက်နေတဲ့ လက်ကွက်လေး ပျောက်သွားပြီး ခဏနေတော့မှ ပြန်ပေါ်လာသည်။

“ ကိုဇော် ”

“ ကိုဇော် ”

“ ကိုဇော် ”

ဆိုပြီး စာတွေ ဆက်တိုက် တတ်လာသည်။

“ ဗျာ . . ဘာဖြစ်လို့လဲ မမေနှင်းနွယ် ၊ ပြောပါ ကျွန်တော် ရှိပါတယ် ”

“ နှင်းနွယ် ဘာဖြစ်နေလဲလို့ ကိုဇော် ဘာလို့ မမေးတာလဲ ”

“ ဗျာ . . .  ဟုတ်ကဲ့။ ဆောရီးပါ . . . ကျွန်တော် တကယ်ကို မသိလို့ပါ။ အခု မေးပါ့မယ်။ မမေနှင်းနွယ် ဘာဖြစ်နေတာလဲဗျာ ”

ဒီတော့ သူ့ဘက်က ခဏလေး ငြိမ်သွားပြီးတော့မှ စာရိုက်တာကို တွေ့ရ၏။

“ နှင်းနွယ် အခု မနက်ထပြီး အလုပ်သွားဖို့ ထမင်း ၊ ဟင်းချက်တယ်။ အဲဒါ ကြက်သွန် နွှာရင်း လူကလည်း အိပ်ချင်မူးတူးနဲ့ ဆိုတော့ လက်ကို ဓါးထိသွားတယ်။ ပြီးတော့ အတော်နက်ပြီး များတယ်။ လက်ကို ပလာစတာ ကပ်ထားရတယ်။ ဒါကြောင့်မို့ ကိုဇော့်ကို အရင်လို လက်က မြန်မြန် မရိုက်နိုင်တာပါ။ ”

“ ဟာဗျာ  ဖြစ်မှ ဖြစ်ရလေ။ ကျွန်တော်က တခြား အရေးကြီးတဲ့ လူတစ်ယောက်ယောက်နဲ့ မမေနှင်းနွယ် ပြောနေတယ် ထင်လို့။ အခုလို လက်နာနေတယ် ဆိုရင်လည်း နားချင်လည်း နားလိုက်ပါ။ ကျွန်တော် နောက်နေ့ကျမှ မေးပါတော့မယ် ”

“ နောက်နေ့မှ မေးမယ် ???????????? ”

“ ဟုတ်ကဲ့ ၊ အခုက လက်က နာနေတယ် ဆို ၊ ဒါကြောင့်ပါ . . . ”

“ သြော်. . . လက်က မရေးဘဲနဲ့ တခြားနည်းနဲ့ ပြောလို့ မရတော့ဘူးလား ကိုဇော် ”

“ တခြားနည်း . . .တခြားနည်းနဲ့ ဘယ်လို ပြောရမလဲ ”

“ - - - - - - ”

“ သြော်. . . ဟုတ်ကဲ့။ ကျွန်တော် Gtalk ကနေ လှမ်းခေါ်လိုက်မယ် ၊ မိုက် ရှိတယ် မဟုတ်လား။ ”

“ ဟုတ် ”

“ ဒါဆို ခေါ်လိုက်မယ်နော် ”

“ ဟုတ်  . . . . ”

ပြောလည်း ပြော ၊ ကျွန်တော် Call ကိုလည်း လှမ်းနှိပ်လိုက်၏။ သူ့ဆီကို ဆက်သွယ်နေသော အသံကို သုံးကြိမ် ကြားအပြီးမှာ သူက Answer လုပ်လိုက်သည်။

“ ဟလို  . . . ”

“ ဟုတ်ကဲ့ ကြားရတယ် ကိုဇော် ”

“ ဟုတ်. . . ဟို. . . ဟိုဟာ. . အဲ . . လက် . . လက်က အတော်များလား ၊ တော်တော် နက်သွားလား ”

“ အတော်နက်တယ် ကိုဇော် ၊ သွေးတွေလည်း အများကြီး ထွက်တယ် ”

“ ဒါဆို ဘာဆေးထည့်ထားလဲ။ ပလာစတာပဲ ကပ်ထားတယ် ဆိုရင် အဆင်မပြေဘူးလေ ”

“ ဆေးလည်း ထည့်ထားပါတယ်။ အဝါရောင် ဆေးလေးပါ။ ပြီးမှ ပလာစတာ ကပ်ထားတာ ”

“ သြော်. . ဒါဆိုရင်တော့ တော်သေးတယ်။ ကျွန်တော်က မသိဘူးဗျာ။ စာရိုက်တာ နှေးနေတော့ ကျွန်တော့်ကို တခြားနဲ့ ပြောရာကနေ အချိန်ဖဲ့ ပေးနေရတယ် ထင်လို့ အားနာပြီး ပြောလိုက်တာပါ ”

“ နှင်းနွယ်မှာ တခြားကို အချိန်ပေးစရာ မရှိပါဘူး ကိုဇော်။ အလုပ်နဲ့ အိမ်နဲ့တင် အချိန်ကုန်နေတာပါ။ အားရင်တော့ အွန်လိုင်းတတ်ပြီးသူများ ရေးထားတွေ လိုက်ဖတ်နေမိပါတယ်။ ဒီလောက်ပါပဲ ”

“ ဟုတ်ကဲ့။ ဒါနဲ့ မနေ့က ကျွန်တော့်ကို စိတ်ဆိုးနေတယ် ဆိုတာ ဘာကြောင့်လဲ မသိဘူး ”

“ ကိုဇော် ရေးတဲ့ စာကြောင့်လေ။ စိတ်ဆိုးနေတာ မဟုတ်ပါဘူး ၊ စိတ်ကောက်နေတာပါ ”

“ ဘယ်စာကြောင့် စိတ်ကောက်နေတာလဲ မမေနှင်းနွယ် ၊ ကျွန်တော် တကယ်ကို မသိဘူး။ ပြောပြပါဦး ”

“ ကိုဇော် မနေ့က တင်ထားတဲ့ စာကြောင့်လေ ”

“ အင်း . . ဘယ်မှာ တင်ထားတာလဲ မာတီမှာလား ၊ LC မှာလား ၊ တကယ်ကို ကျွန်တော် မသိလို့ပါ ”

“ ဘယ်မှာမှ မဟုတ်ဘူး။ အခု ကိုဇော် Gtalk က Custom Messages မှာ ရေးထားတာလေ။ ဒါကို ဖတ်ပြီး နှင်းနွယ် စိတ်ကောက်နေတာ ”

“ ဗျာ . . . မနေ့ကနော်။ ကျွန်တော် ဘာတင်မိပါလိမ့်။ ကျွန်တော်တောင်မှ မမှတ်မိတော့ဘူး ”

“ မနေ့က သူပဲ ရေးထားပြီးတော့  . အဲဒါ နှင်းနွယ်က ငါ့ကိုယ် စောင်းပြောနေတာလားလို့ ”

“ ဘာများပါလိမ့်ဗျာ။ ကျွန်တော်က စိတ်ကူးပေါက်ရာ တင်တာ ဆိုတော့ တကယ်ကို မမှတ်မိဘူး။ ဒီနေ့တောင်မှ အခန်းပြန် ရောက်ရောက်ချင်း စိတ်ကူးပေါက်ရာ တင်ထားလိုက်တာ ”

“ တကယ် မမှတ်မိဘူးလား  ”

“ တကယ် မမှတ်မိတာပါဗျာ ”

“ ဒါဆို မနေ့က ကိုဇော် ရေးထားတာကို နှင်းနွယ် ကော်ပီ ကူးထားတာ ရှိတယ်။ ဒါကို ပြန်ပို့ပေးမယ်။ ”

“ ဟုတ်ကဲ့ ပို့ပေးပါဦး။ ဒါမှ ကျွန်တော် ဘာရေးမိတယ် ဆိုတာကို ကျွန်တော် ပြန်မှတ်မိတော့မှာ . . ”

“ ဟုတ် . . ပို့ပေးမယ်။ နှင်းနွယ် မေးလ်ထဲမှာ သိမ်းထားတယ် ”

“ ဟုတ် . . ဖြေးဖြေးရှာပါ။ ကျွန်တော် စောင့်နေမယ် ”

သူ ငြိမ်သွားသည်။ ရှာနေတယ် ထင်၏။ ပြီးမှ သူ့ဘောက်စ်ကနေ စာသား တချို့တတ်လာသည်။

“ ကျွန်တော်ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ မျက်ခွက်ရှည်တယ် ”

“ ဟာ . . . ”

“ ဟုတ်တယ် . . . အဲဒါပဲ မနေ့က ကိုဇော် တင်ထားတာ ဒီစာသားပဲ ”

“ မဟုတ်တာ မမေနှင်းနွယ်ရယ်။ အဲဒါက ဟဲလေး သီချင်း “ ကျွန်တော် ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ အောက်သက်ကျေတယ် ” ဆိုတဲ့ သီချင်းကို ကျွန်တော်က စိတ်ကူးပေါက်လို့ လျှောက်ဖျက်ပြီး ရေးထားတာပါ။ ဘယ်သူ့ကိုမှ မရည်ပါဘူးဗျာ ”

“ သြော်. . . မသိဘူးလေ။ ကိုဇော်က အဲဒီလို ရေးထားတော့ နှင်းနွယ်ကလည်း ကိုဇော်တော့ ငါ့ကိုများ စောင်းပြောတာလား ဆိုပြီးတော့ ကိုယ့်မျက်နှာကို တောင်မှ မှန်ထဲမှာ ပြန်ကြည့်ပြီးတော့ ငါ့မျက်နှာက မရှည်ပါဘူး ဆိုပြီး ကိုယ့်ဖာသာ ပြန်ပြောနေမိတာ ”

“ မဟုတ်တာဗျာ။ ကျွန်တော်က စိတ်ကူးပေါက်ရာ လျှောက်ရေးတာပါဗျာ ”

“ မသိဘူးလေ ဒါကတော့ . . . ”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ဆောရီးပါဗျာ။ ကျွန်တော် လျှောက်ရေးမိတာပါ ”

“ ကိုဇော့် ဖုန်းနံပါတ် ပေးထားလို့ ရမလား။ ကိစ္စ တစ်ခုခု ရှိရင် ဆက်ရတာပေါ့ ”

“ ဟုတ်ကဲ့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကတော့ ဖုန်းထဲ ပိုက်ဆံ ထည့်ထားတယ် ဆိုတာတော့ နည်းတယ်။ ဒါကြောင့် ဖုန်းကဒ်က သေသေနေတတ်တယ်။ တကယ်လို့ ကျွန်တော် ပြန်မခေါ်ဖြစ်ရင် စိတ်တော့ မဆိုးပါနဲ့ဗျာ။ ကျွန်တော်က ဖုန်းကို အလုပ်ကိစ္စကလွဲလို့ သိပ်ပြီး သုံးလေ့ မရှိလို့ပါ ”

“ ဟုတ်ကဲ့ ရပါတယ်။ ဒါဆို အိမ်နဲ့ ဆက်သွယ်ရင်ရော ဘယ်လို ဆက်သွယ်လဲ ”

“ အိမ်ကိုလည်း နက်ထဲကပဲ ပြောဖြစ်ပါတယ်။ သူတို့ကို ဘယ်နေ့တွေ ဆိုပြီး ချိန်းထားတယ်လေ။ အဲဒီနေ့မှာ ပြောလိုက်တယ်။ အဲဒီလိုပါပဲဗျာ။ ”

“ သြော်. . . ရပါတယ်။ အခု တောင်းထားတာကလည်း ကိုဇော် ခေါ်စရာ မလိုပါဘူး။ နှင်းနွယ် ခေါ်ပါ့မယ်။ ကိစ္စ ရှိတဲ့ အခါပေါ့ ”

“ ဟုတ်ကဲ။ ဒါပေမဲ့ ကိစ္စ ဆိုတာ ဘယ်လို ကိစ္စလဲ မသိဘူး။ ”

“ ဥပမာ - ကိုဇော် မွေးနေ့မှာ Birthday Wish လုပ်တာမျိုးပေါ့ ”

“ အမ် . . . မမေနှင်းနွယ်က ကျွန်တော့် မွေးနေ့ကို သိလို့လား ”

“ သိတာပေါ့ ၊ ကိုဇော်က ဘလော့မှာ ထည့်ရေးဖူးတယ်လေ။ ဒါကို နှင်းနွယ်က မှတ်ထားတာပါ ”

“ သြော်. . ဟုတ်ကဲ့။ ကျွန်တော့် ဖုန်းနံပါတ်က +6017 xxx xxxx ပါ ”

“ ဟုတ်ကဲ့ မှတ်ထားလိုက်ပါပြီ။ ဒါနဲ့ တစ်ခု ပြောစရာ ရှိတယ် ကိုဇော် ”

“ ဟုတ်ကဲ့ ပြောပါ ”

“ ကိုဇော် နှင်းနွယ်ကို မမေနှင်းနွယ် လို့ ခေါ်နေတာ မမောဘူးလား။ ဘာလို့ အရှည်ကြီး ခေါ်နေတာလဲ။ နှင်းနွယ် လို့ ခေါ်ရင်လည်း ရပါတယ် ”

“ သြ . . ဒါလား။ ကျွန်တော်က မကြိုက်မှာ စိုးလို့ပါ။ အခုလို ခွင့်ပြုတော့လည်း နှင်းနွယ် လို့ပဲ ခေါ်ပါ့မယ် ”

“ အိုကေ ကိုဇော်။ အဲဒီလိုပဲ ခေါ်ပါ။ အခုတော့ နှင်းနွယ်လည်း ကိုဇော့်ကို စိတ်မကောက်တော့ပါဘူး။ နှင်းနွယ်က ဒီလိုပဲ ဖြစ်ဖြစ်ချင်း ဆိုရင် ထစ်ခနဲ စိတ်ကောက်လိုက်တာ။ ဒါပေမဲ့ ခဏနေရင် အလိုလို ပြေလွယ်ပါတယ်။ ကိုဇော်လည်း ဘာမှ စိတ်မကောင်း ဖြစ်မနေပါနဲ့တော့။ ”

“ ဟုတ်ကဲ့ပါ ”

“ အခုတော့ နှင်းနွယ်လည်း အလုပ်သွားဖို့ ပြင်ဆင်လိုက်ဦးမယ်။ ဒီနေ့ နှင်းနွယ်က မနက်ဆိုင်း ကိုဇော် ”

“ သြော်. . . ဟုတ်ကဲ့။ ဒါဆိုလည်း သွားပါဗျာ။ ဒါနဲ့ အခု နှင်းနွယ် ဆီမှာ ဘယ်နှစ်နာရီ ထိုးပြီလဲ ”

“ ဒီမှာ အခု ၇ နာရီ ကိုဇော် ”

“ ကျွန်တော့်ဆီမှာ အခု ၁၁ နာရီ။ ဒါဆိုရင် အဲဒီက အချိန်နဲ့ ကျွန်တော့် အချိန်နဲ့ ၄ နာရီ ကွာတာပေါ့ ”

“ ဟုတ်တယ် ကိုဇော် ”

“ ဟုတ်ကဲ့။ ဒါဆိုလည်း နှင်းနွယ် အလုပ်သွားဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ပါ။ နောက်မှ ထပ်တွေ့ပြီး ပြောတာပေါ့ ”

“ ဟုတ်ကဲ့ပါ ကိုဇော် ၊ ဒါဆို နှင်းနွယ် Gtalk ကို ချလိုက်တော့မယ်နော် ”

“ ဟုတ်ကဲ့။ အရာရာ အဆင်ပြေပါစေဗျာ။ ကောင်းသောနေ့လေး ဖြစ်ပါစေ ”

“ ကိုဇော်လည်း ကောင်းသောနေ့လေး ပိုင်ဆိုင်နိုင်ပါစေ  ”

“ - - - - - - - - ”

ကိုယ်နဲ့ ပြောနေတဲ့ Gtalk လေး ပိတ်သွားတာနဲ့ သူ တစ်ခါတည်း လိုင်းပေါ်မှ အောက်က ဆင်းသွားလေ၏။ သူနဲ့ စကားပြောပြီးတော့ အမျိုးအမည် မသိနိုင်သော ခံစားချက် တစ်ခုက ကိုယ့်ရင်ဘတ်ကို လတ်လတ်ဆတ်ဆတ် ဝင်မွှေသွားသလို ခံစားရသည်။

“ ကျွန်တော် ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ မျက်ခွက်ရှည်တယ် ”  ဆိုတဲ့ စာသားကို သူက ဖတ်ပြီး သူ့မျက်နှာကိုတောင်မှ မှန်ထဲမှာ ကြည့်ကာ ငါ့မျက်နှာက မရှည်ပါဘူး ဆိုပြီး ရေရွတ်မိသတဲ့။ အင်း . . . ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆိုရင် ငါ ဒီစာသားကို ရှောင်မှ ဖြစ်မယ်။ နောက်ဆိုရင် ဒီစာသားကို ဘယ်တော့မှ မတင်တော့ဘူး။

LC ကို ခဏတော့မအိပ်ခင် ဝင်ကြည့်လိုက်ဦးမှပဲ။ ဘယ်သူတွေ ထပ်ပြီးတော့ မန်ဘာ ဝင်လာလဲ မသိဘူး။ ပြီးရင်တော့ အိပ်တော့မှာ အခုတောင်မှ ၁၁ ခွဲတော့မှာပါလား။ LC ကို တစ်ပတ်ကြည့်ပြီး ဆိုက်လေးမှာ တင်ထားတဲ့ စာလေးတွေကို ဖတ်ကာ မှတ်ချက် ပေးစရာ ရှိတာ ပေးပြီး ကွန်ပျုတာလေးကို ပိတ်ကာ ကျွန်တော် အိပ်ချ လိုက်တော့သည်။



ညနေစောင်းတော့ ကျွန်တော် နိုးလာ၏။ မနက်က ထုံးစံထက် အနည်းငယ် နောက်ကျပြီး အိပ်ဖြစ်ပေမဲ့ ဘာမှ ထူးထူးခြားခြား  မဖြစ်ဘဲ နိုးထလာခဲ့သည်။ လူကလည်း လန်းလန်းဆန်းဆန်းပါပဲ။ စားဖို့ သောက်ဖို့ ပြင်ဆင် ၊ စားစရာ ရှိတာ စား ၊ ထုပ်စရာ ရှိတာ ထုပ်ပြီး ရေချိုးကာ အလုပ်ကို ထွက်လာခဲ့သည်။

“ တွီ . . . . . . . . . . ”

အလုပ်ထဲ ရောက်ပြီး ခဏနေတော့ အဆိုင်းပြောင်းသော ဘဲလ်က ထမြည်သည်။ အလုပ်ဝင်ရတော့မည်။ နေ့ဆိုင်း ညဆိုင်း အပြောင်းအလဲ အတွက် ပြောသင့်သည်များကို ပြောပြီး အလုပ်ပြောင်း တာဝန်တွေကို ယူကာ အလုပ်စပြီး စစ်စရာများကို စစ်နေမိသည်။ ဒီအချိန်မှာပဲ . . . .

“ တီတီ . . . တီတီတီ . . . တီတီ . . . တီတီတီ . . . ”

ကိုယ့်ဘောင်းဘီအိတ်ထဲမှ ဖုန်းလေးက မြည်သံပေးကာ ဘောင်းဘီနဲ့ ထိနေသော အသားကို တုန်ခါကာ တစ်ယောက်ယောက် ခေါ်နေသည် ဟုဆိုကာ အချက်ပေးသည်။ ကိုယ် စိတ်ပျက်သွားမိသည်။ ဘယ်ပစ္စည်းတွေ ထပ်ဝင်ဦးမယ် ဆိုပြီး လှမ်းပြောသော စူပါ ရဲ့ ဖုန်းပဲ ဟုထင်မိသည်။ သူက အမြဲတမ်း ဒီလိုပဲ အမြဲတမ်း လှမ်းပြီး မှာတတ်သူ။ အလုပ်မှာ ဘာလုပ်ရမယ် ဆိုပြီး ရေးထားပြီးသားကို ဖုန်းလှမ်းဆက်ကာ ပြောတတ်သည်။

ကိုယ့် ဘောင်းဘီအိတ်ထဲက ဖုန်းလေးကို ထုတ်ပြီး ကြည့်လိုက်တော့ စူပါဗိုက်ဇာ ဆီက ဖုန်းမဟုတ်။ ကိုယ်တစ်ခါမှ မသိသော ဖုန်းတစ်လုံးကို ဖော်ပြနေသည်။ ပြီးတော့ ပြည်တွင်းက ဖုန်းလည်းမဟုတ်။ ပြည်ပက ဖုန်း။ ဖုန်းနံပါတ် အတော်များများနှင့်။ ကိုယ်ဖုန်း Answer ကိုနှိပ်ကာ ကိုင်လိုက်သည်။

“ ဟလို ”

“ ဟလို . . . ကိုဇော်လား ”

ကိုယ့်ထူးသံ အဆုံးမှာ ဟိုဘက်ကလည်း ပြန်ပြီး ဟလိုကာ ကိုယ့်နာမည်ကိုပါ မေးလာသည်။ အရင်ကလိုဆိုရင် “ ကိုဇော်လား မဟုတ်ပါဘူး။ ကျွန်တော်က ကိုဇော် ပါပဲ ” ဟု ပြန်နောက်မိမည်။ အခု အသံက မိန်းကလေး တစ်ယောက် အသံ။ ပြီးတော့ တစ်ခုခုကို စူးစမ်းချင်သော စိတ်တစ်ခုက အသံနဲ့ အတူ စီးပါလာသည်ဟု ကိုယ် ခံစားနေမိသည်။

“ ဟုတ်ပါတယ် ကျွန်တော် ကိုဇော်ပါ။ အခု ဆက်နေတာ ဘယ်သူလဲ မသိဘူး ”

“ သြော် . .  အခု ပြောနေတာ နှင်းနွယ်ပါ ကိုဇော်။ ကိုဇော့် ဖုန်းနံပါတ်ကို စမ်းခေါ်ကြည့်ချင်လာတာနဲ့ လှမ်းခေါ်လိုက်တာပါ။ ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး။ Testing Call ဆိုပါတော့. . . ”

“ သြော်. . ဟုတ်ကဲ့။ ကျွန်တော့်ကို ဖုန်းနံပါတ် လိမ်ပေးတယ် လို့ ထင်နေလို့လား ”

“ ဒီလိုလည်း မဟုတ်ပါဘူး ကိုဇော်ရဲ့။ ဒါပေမဲ့ စမ်းခေါ် ကြည့်ချင်တာရယ် . . နောက်ပြီး . . ”

“ ဟုတ်ကဲ့. . နောက်ပြီး ဘာဖြစ်လဲ ”

“ နောက်ပြီး ကိုဇော့် အသံကို ကြားချင်ယုံ သက်သက်ပါပဲ ”


“ ဗျာ . . . . ”

“ ဒါပဲနော်။ ကိုဇော် အလုပ်လုပ်စရာ ရှိရင် လုပ်ပါ။ နောက်မှ ထပ်ဆက်လိုက်ပါ့မယ်။ အခုလောက် အသံလေး ကြားတာနဲ့တင် လုံလောက်ပါတယ် ”


“ ဗျာ  ”

ကိုယ်ကတော့ ဘာမှ မပြောနိုင်ဘဲ တဗျာတည်း ဗျာ နေမိ၏။ ဘာမှ မပြောနိုင်ခင်မှာပဲ သူက ဖုန်းချသွားသည်။

အဲဒီနေ့ကပေါ့ . . .
ညကြီးမင်းကြီးမှာ ကောင်းကင်က 
နေတစ်စင်း ကြွေကျ သလိုမျိုး 
အရာရာဟာ လင်းလင်းရှင်းရှင်း ဖြစ်ပြီး 
အရာရာဟာ ထင်းသွားတယ်။
ပြီးတော့ . . . .
သူ့ဖာသာ ကောမား ( Coma ) ဖြစ်ပြီး
ကာလကြာရှည်စွာ အိပ်ပျော်နေတဲ့ 
နှလုံးသားလေးဟာ 
အသံတစ်စုံကြောင့် ရုတ်တရက် နိုးထလာခဲ့တယ်။
ဒါပေမဲ့ အသံရှင်က 
ရပ်တန့် အဆက်ဖြတ်သွားတော့ 
သူ့ခမျာ. . .
ဆက်ပြီး နိုးထရနိုးနိုး. . .
ပြန်လည် အိပ်ပျော်ရနိုးနိုးနဲ့. . .
နိုးတဝက် အိပ်မက်နဲ့ 
ရင်ခုန်သံတွေ တဝုန်းဝုန်း ဆူညံနေခဲ့ရပေါ့။
ရင်ခုန်တာလား . . . 
ရင်တုန်တာလား . . . သူမသိဘဲ
သူ့ဖာသာ ရင်ခုန်နေမိတယ်။

ဆက်လက်ဖော်ပြပါမည်။


Love Creative မှ ညီအစ်ကို မောင်နှမများ အမှတ်တရ 
( ပန်းချစ်သူ ( ခ ) ဆောင်း ဖန်တီးတင်ဆက်သည်။ )





လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 November 2010

23 ဂရုစိုက်ပါ အမေ



အမေရေ . . .

ကျွန်တော် အခုတလော မျက်ရည်တွေ ခဏခဏ ဝဲမိတယ် အမေ။ အဖွား ဆုံးတုန်းကတောင်မှ မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ဆိုင်ကယ်မှောက် ၊ ရန်ဖြစ် နဖူးကွဲ ဒူးပြဲ ဖူးယောင် အဲဒီလို နာကျင် ခံစားရတုန်းကလည်း မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ရည်ရွယ်ချက်တွေ တစ်ခုလုံး ပျက်ဆီးပြီး ဘဝလမ်းမှာ ကျွန်တော် ယောင်ဝါးဝါး ဖြစ်နေခဲ့တုန်းကတောင်မှ ကျွန်တော် မျက်ရည်မဝဲခဲ့တဲ့ ကျွန်တော် ၊ အခု ကျွန်တော် ခဏခဏ မျက်ရည်တွေ ဝဲ ဝဲ နေမိတယ် အမေ. . .

ကျွန်တော် မျက်ရည် ခဏခဏ ဝဲနေခဲ့ရတာ အမေရဲ့ စကားသံတွေကြောင့်ပါ အမေ . . . ။ ကျွန်တော် အခု အမေ့ရဲ့ စကားသံတွေကို ခဏခဏ ပြန်ကြားယောင် နေမိတယ် အမေ။ အဲဒီလို ကြားယောင်နေတဲ့ အချိန်တိုင်းလည်း ရင်ထဲက ပီတိ တစ်စုံ နဲ့ ဖော်မပြတတ်သော ခံစားမှု တစ်ခုက ကျွန်တော့်ကို မျက်ရည် ဝဲစေတယ် အမေ . . . ။

“ အူဝဲ ” ဆိုပြီး မပီကလာ အော်ဟစ် ငိုကြွေးပြီး ကျွန်တော် အမေ့ဝမ်းထဲက ထွက်လာခဲ့ကတည်းက ကျွန်တော် မှတ်ဥာဏ်တွေက ၁၀ နှစ်သား မှတ်ဥာဏ် ရှိနေခဲ့မယ် ဆိုရင်တောင်မှ ကျွန်တော် ကျွန်တော့်အဖိုးကို မမြင်ဖူးလိုက်ဘူး အမေ။ အဖိုး ဆုံးသွားခဲ့ပြီ တဲ့။ အဖိုးကို ကျွန်တော်တို့ မျိုးရိုးမှာ “ အဖိုး ” ကို “ အဖိုး ” လို့ မခေါ်သလို ၊ “ ဖိုးဖိုး ” လို့လည်း နှုတ်မကျိုးခဲ့ဘူး။ “ အဖေကြီး ” လို့ပဲ ကျွန်တော်တို့ ရေရွတ်မြည်တမ်း တတ်ကြတယ် မဟုတ်လား အမေ။ 

ကျွန်တော်တို့မှာ အဖေကြီးလည်း မရှိတော့သလို ၊ အားကိုးစရာ ဆိုလို့ အဖေလည်း မရှိတော့ဘူး အမေ။ ကျွန်တော်တို့ မောင်နှမတွေ ခံစားနေရတဲ့ ဘဝအမောတွေကို အမေက အမေ့ရဲ့ မေတ္တာ ၊ အမေ့ရဲ့ စိတ်ဓါတ် ၊ အမေရဲ့ အင်အားနဲ့ ကျွန်တော်တို့ မောင်နှမတွေ အားလုံးရဲ့ ဘဝအတွက် မြှင့်တင် ထောက်ပံ့ပေးနေတယ် ဆိုတာ ကျွန်တော် မိုက်မဲလှသော လူသားတွေရဲ့ ထုံးစံအတိုင်း အခုမှ တိုးတိုးပြီး ခံစား နားလည်မိလာတယ် အမေ။

ရှေ့ရေးကို ကြိုမမြင်တတ်သော မိုက်ရူးရဲ လူတန်းစားတွေ ကြားမှာ ပျော်ရွှင်စွာ ကျင်လည်နေသော ကျွန်တော်တို့လို သားသမီးတွေ အတွက် ကျွန်တော့်တို့ ဘဝကို မြှင့်တင်ပေးဖို့ အမေ ဘယ်လောက်များ ပင်ပန်း ဆင်းရဲခဲ့လေမလဲ။ ကျွန်တော့်တို့ အတွက် အမေ ဘယ်လောက်များ အရင်ကတည်းက မရှိခဲ့တဲ့ အတ္တတွေကို ခွာချွတ်ကာ မျိုသိပ် ကြိတ်မှိတ်နေခဲ့ရမလဲ။ ကျွန်တော်တို့ကြောင့် အမေ ဘယ်လောက်များ အနစ်နာ ခံခဲ့ရမလဲ။ အခုလို နည်းနည်းလေး ( တကယ်ကို နည်းနည်းလေးပါ ) သိတတ်လာတဲ့ အချိန်မှာမှ အမေ့ကို ကျွန်တော် နားလည်သလိုလို ခံစားမိလာတယ် အမေ။

ဒါပေမဲ့ အမေ . . . .


“ မိကျောင်းမင်း ရေခင်းပြ ၊ ဘုန်းကြီး စာချ ” လုပ်တာတော့ မဟုတ်ပါဘူး အမေရယ်။ တစ်ခါတလေ လူဆိုတာ “ သတိမမူမိရင် ဂူမမြင်တတ်ဘူး ” မဟုတ်လား အမေ။ “ ပညာရှိ သတိဖြစ်ခဲ ” လို့လည်း ဆိုကြတယ် မဟုတ်လား။ သားသမီးတွေကို ဖြစ်စေချင်တဲ့ “ ဇော ” ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆိုတဲ့ အတ္တက ဖယ်ခွာပြီး သားသမီးတွေ အတွက်ပဲ တွေးမိ ၊ မြင်မိ ၊ ကြားယောင်မိပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်မိဘဲ ဖြစ်တတ်တယ် အမေ။

ရဲလေးရဲ့ သီချင်းထဲမှာတောင်မှ “ ငါရှိသရွေ့ ငါ့သားသုံးယောက် မငတ်စေရဘူး လို့ ဆိုပြီး ဆိုထားတယ် မဟုတ်လား အမေ။ အဲဒီ စာသားလေးမှာတောင်မှ “ ငါ ငတ်ချင် ငတ်ပါစေ ” ဆိုပြီး မပါပေမဲ့ မြင်သာနေပါတယ် အမေ။ ဒီစာသားလေးက ကိုယ့်ကိုယ်ကိုယ် မကြည့်ဘဲနဲ့ သားသမီးတွေကိုပဲ ကြည့်မြင်တတ်တဲ့ မိဘတွေရဲ့ မေတ္တာကို မြင်ယောင်စေတဲ့ စာသားလေးပါပဲ အမေ။

ဒါပေမဲ့ အမေရယ် ၊ ကျွန်တော် နည်းနည်းလောက်တော့ စောဒက တတ်ပါရစေ အမေ။

ကျွန်တော်တို့ အတွက်ပဲ ကြည့်ပြီး အမေ့ အတွက် မကြည့်ဘူး ဆိုရင် အမေ မှားမယ် အမေ။ ခုနက ပြောခဲ့တဲ့ စာသားလေးလိုပေါ့ အမေ။ “ ငါရှိသရွေ့ ငါ့သားသုံးယောက် မငတ်စေရဘူး ဆိုတော့ တကယ်လို့ . . . . တကယ်လို့ပေါ့ အမေရယ် ၊ အမေသာ မရှိတော့ရင် ကျွန်တော်တို့ သားသမီးတွေ “ သောင်ပြင်လွှတ်တဲ့ ခွေးတွေ ” လို ဖြစ်တော့မှာပေါ့ အမေရယ်။ ကျွန်တော်တို့ ဘာမှ ပြည့်ပြည့်စုံစုံ မသိသေး ၊ မတတ်သေး ၊ မလုပ်နိုင်သေးဘူး အမေ။

ဒီလို ပြောလိုက်လို့ ကိုယ့်အားကိုယ်ကိုးချင်စိတ် နည်းလှချည့်လား ဆိုပြီး အမေ ကျွန်တော်တို့ကို မချိတင်ကဲနဲ့ အပြစ်တင်ချင်လည်း တင်နိုင်ပါတယ် အမေ။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် အဆင်သင့် မဖြစ်သေးတာတော့ အမှန်ပါပဲ အမေ။ ကျွန်တော်တို့မှာ အမေ မရှိရင် သံလိုက်အိမ်မြှောင်ကို ကိုင် ၊ GPS ကို ကြည့်နေရင်းနဲ့ လမ်းပျောက် သွားနိုင်တဲ့ ဘဝတွေပါ အမေ။ အခုနေ အချိန်မှာ အမေ ကျွန်တော်တို့ အနားမှာ ရှိကို ရှိမှ ဖြစ်မယ် အမေ။

ဒါ သားသမီးတွေ အားလုံးကိုယ်စား ကျွန်တော့်ရဲ့ ရင်တွင်းက လှိုက်လှိုက်လှဲလှဲ ခံစားရမှုပါ အမေ။

အမေရဲ့ အတ္တဗဟို ခွာထုတ်ထားမှု နဲ့ ပတ်သတ်ပြီး နည်းနည်းတော့ ပြောရပါစေ အမေ။ ကျွန်တော်တို့ကို  အမေ့ရဲ့ သက်တမ်း တစ်ခုလုံးလိုလို ပြုပြင် ၊ ဆုံးမ ၊ သင်သွန်ခဲ့တာတွေက ကျွန်တော် ကောင်းစားဖို့ ဆိုတဲ့ စိတ်လေး တစ်ခုတည်းနဲ့ ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ် အမေ။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းစားမယ် ဆိုရင် “ ငါ့ အသက် သေချင် သေပါစေ ” ဆိုတဲ့ မိဘတစ်ယောက်ရဲ့ ပြင်းထန် စူးရှလှတဲ့ စိတ်ဓါတ်ကိုတော့ အားမပေးချင်ဘူး အမေ။ ဒါကတော့ အမေမှားတယ်။

ကျွန်တော် နားမလည်တဲ့ သမိုင်းထဲက တချို့အချက်အလက်တွေကို ကျွန်တော် နားလည်သလို ပြောပါရစေ အမေ။

* အနော်ရထာ မင်းကြီးကိုလည်း နည်းနည်း ကျွန်တော်တို့ ပြန်လေ့လာ ကြည့်ရအောင်လား အမေ။ ဘာမဟုတ်တဲ့ ကျွဲရိုင်း တစ်ကောင်ကို သတ်ဖို့ လက်ညှိုး ညွှန်ပြလိုက်တာနဲ့ ချုပ်ပြီး နှောင်ပြီး အသင့် ဆိုတာလို သတ်ဖို့  ဖမ်းဆီးပေးမဲ့ နောက်လိုက်တွေ ၊ သူရဲကောင်း လူတော်တွေ ရှိနေတာတောင်မှ ငါ ကိုယ်တော်တိုင် လိုက်ပြီး သတ်မယ် ဆိုတဲ့ တလွဲစိတ်ကြောင့် “ အနော်ရထာမင်းကြီး ” အသက်ဆုံးရှုံး သွားခဲ့ရဖူးတယ် အမေ။

*   “ ထွက်ပြေးခြင်းကို ရွံမုန်းတယ် ” ဆိုတဲ့ စကားလေး တစ်ခွန်းကြောင့် မြင်ကွန်း နဲ့ မြင်းခုံတိုင် မင်းသားတို့ ရန်ဖြစ်သလို ဟန်ဆောင်ကာ နန်းတော်ထဲ တစ်ယောက်က ရှေ့ကပြေး  နောက်တစ်ယောက်က ဓါးနဲ့ လိုက်ပြီး “ ကနောင်မင်းသား ” ဆီကို ပြေးဝင်လာတော့ အန္တရာယ် ရနံ့ကို သိလိုက်ပေမဲ့ ထွက်ပြေးရမှာကို ရွံမုန်းလို့ ကနောင်မင်းသားက အသက် အသေခံသွားတယ် အမေ။

*  ဝန်းကြီးများ ရုံးနားမှာ လက်နက်ကိုင်ထားတဲ့ အစောင့်ရဲဘော် တစ်ယောက်ကို တွေ့လို့ တာဝန်ရှိသူကို ခေါ်မေးတော့ ဗိုလ်ချုပ်လုံခြုံရေး အတွက်ပါ ဆိုတော့ “ ငါ့အတွက် လုံခြုံရေး မလိုဘူး ၊ ငါ့ကို မုန်းတဲ့လူ မရှိဘူး။ တာဝန်ကျ ရဲဘော်တွေကို ရုတ်သိမ်းလိုက်ပါ ” ဆိုပြီး ကျွန်တော်တို့ “ ဗိုလ်ချုပ်အောင်ဆန်း ” က အမိန့်ပေးခဲ့ဖူးတယ် အမေ။ ဒါနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံချင်တဲ့ မသမာတဲ့ လူတွေက လွယ်လွယ်လေးနဲ့ သူတို့ရဲ့ တန်ဖိုးနည်း အသက်ကို ရင်းပြီး တန်ဖိုးကြီး အသက်ကို ဖျက်ဆီးသွားခဲ့ဖူးတယ် အမေ။

ဒါတွေက ကျွန်တော် နားလည်သလို  မှတ်မိသလောက် ရေးပြတာပါ အမေ။ တချို့သော စကားလုံးတွေ လွဲနေရင် နဂိုကတည်းက ခွင့်လွှတ်စိတ်ရင်း နဲ့ ဆက်လက်ပြီး ခွင့်လွှတ်ပေးပါ အမေ။

သူတို့ ဒီလို နည်းနည်းလေး လွဲမှားသွားတဲ့ စိတ်ဓါတ်ကြောင့် သမိုင်းများ နဲ့ ရာဇဝင်ရိုင်း သွားခဲ့ရဖူးတယ် အမေ။ အနော်ရထာမင်းကြီးသာ သူကိုယ်တိုင် ကျွဲနောက်ကို လိုက်ပြီး မသတ်ခဲ့လျှင် ၊ ကနောင်မင်းသားသာ နန်းတော်တွင်း လက်နက် မကိုင်ရလို့ သူ့မှာ လက်နက် မရှိဘူး ဆိုပြီး ရန်ကို ရှောင်ကာ ပြေးလွှား ရှောင်တိမ်းခဲ့လျှင် ၊ လုံခြုံရေး ဆိုတာတွေကိုသာ ဆက်လက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အနားမှာ ရှိနေခဲ့လျှင် ဆိုပြီး ကျွန်တော် ဆက်တွေးမိတော့ ကျွန်တော် ညတွေမှာ အိပ်မပျော်တော့ဘူး အမေ။

အခုလည်း ကျွန်တော်တို့မှာ အဘိုးလည်း မရှိတော့သလို ၊ အဖလည်း မဲ့နေတဲ့ ဘဝပါ အမေ။ ကျွန်တော်တို့မှာ ကောင်းတိုင်ပင် ၊ ဆိုးတိုင်ပင် ဆိုသော လူ ဆိုလို့ “ အမေ ” တစ်ယောက်ပဲ ရှိတော့တာပါပဲ အမေ။ ဒါကို အမေက ငါ့သားသမီးတွေ အတွက် ဆိုရင် “ ငါ သေသာ သေသွားပါစေ ” ဆိုတဲ့ စိတ်ဓါတ် မထားပါနဲ့ အမေ။ အမေ မရှိရင် ကျွန်တော်တို့ ဘဝတွေက ကန္တာရမှာ လမ်းပျောက်သလို ၊ ပင်လယ်ပြင်မှာ လှေမှောက်သလို ဖြစ်ရမဲ့ ဘဝတွေပါ အမေ။

ဒါကြောင့် . . . .

အမေ ကျွန်တော်တို့ အပေါ်မှာ အနစ်နာခံတယ် ဆိုရင်တောင်မှ ဒီလိုတော့ အနစ်နာ မခံပါနဲ့ အမေ။ အမေရဲ့ တစ်သက်လုံး ၊ အမေ့ရဲ့ တစ်ဘဝလုံးနဲ့ ရင်းပြီး ကျွန်တော်တို့အတွက် ရုန်းကန် ကြိုးစားတာနဲ့တင် ကျွန်တော်တို့မှာ အားတွေ ၊ စိတ်ဓါတ်တွေ ရနေခဲ့ပါပြီ အမေ။

အမေ ကျွန်တော်တို့ ကောင်းစားတာကို မြင်ချင်ရင် အမေလည်း အသက်ရှည်ရှည်နဲ့ ဆက်ပြီး အသက်ရှင်ရမယ် အမေ။ ဒါမှ အမေ့ရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ မောင်နှမတွေ ဆက်လက် ရှင်သန်နိုင်မှာ အမေ။ ဒါကြောင့် . . . . .
  • ကျွန်တော်တို့ကို ချစ်တယ် ဆိုရင် အမေရဲ့ အသက်ကိုလည်း ချစ်ရမယ်။
  • ကျွန်တော်တို့ကို အောင်မြင်စေချင်ရင် အမေလည်း အောင်မြင်အောင် နေရမယ်။
  • ကျွန်တော်တို့ကို တိုးတတ်စေချင်ရင် အမေကလည်း တိုးတတ်မှုကို ဦးဆောင်ပြရမယ်။
  • ကျွန်တော်တို့ကို ပျော်ရွှင်ချင်တယ် ဆိုရင် အမေကလည်း ကျန်းမာရေးကောင်းအောင် ဂရုစိုက်ရမယ်။

အမေရှိမှ ကျွန်တော်တို့ ဘဝကလည်း ပြည့်စုံမယ် မဟုတ်လား အမေ။ ဒါကြောင့် အမေ သက်တော် ရာကျော်ရှည်ဖို့ ကျွန်တော်တို့က ဆုတောင်းပေးနိုင်ယုံပဲ တတ်နိုင်တယ် အမေ။ ဒါပေမဲ့ အမေရဲ့ ကျန်းမာရေးကိုတော့ အမေ ကိုယ်တိုင်ပဲ ဂရုစိုက်မှ ဖြစ်မှလေ အမေ။ အမေ့ရဲ့ အသက်ရှည်ရှည် ကျန်းမာရေး ကောင်းကောင်းကိုတော့ အမေ့ရဲ့ သတိ နဲ့ အရာရာကို ကြိုတင် ပြင်ဆင်မှု ဆိုတဲ့  ဂရုစိုက်ကာ ပြင်ဆင် ရမှာ မဟုတ်လား အမေ။

အမေရေ . . . .

အခုတလော ကျွန်တော် အမေ့စကားသံတွေကို ပြန်ပြန်ကြားယောင်ပြီး မျက်ရည်ဝဲ ဝဲ နေမိတယ် အမေရယ်။ အမေ့ရဲ့ သားသမီးတွေ  အပေါ်ကို ထားသော မေတ္တာစိတ် ၊ အနစ်နာခံစိတ် ၊ တိုးတတ်စေချင်တဲ့စိတ် ၊ ကိုယ်ကျိုးစွန့်တဲ့စိတ် ၊ တတ်ကြွတဲ့စိတ်တွေကတော့ သားတို့ အပေါ်မှာ အုပ်အုပ်မိုးမိုးနဲ့ အမြဲတမ်း လွှမ်းခြုံထားလျက်ပါ အမေ။ ဒီလို စိတ်ဓါတ်တွေကို ကျွန်တော်တို့ သားသမီးတွေ အပေါ်မှာ အမြဲတမ်း လွှမ်းခြုံထားနိုင်အောင် အမေ အမြဲတမ်း ကျန်းမာနေစေဖို့ လိုတယ် အမေ။

အမေ . . . အထွေထွေ ကျန်းမာရေး ဂရုစိုက်ပါ အမေ။

  • ကိုယ့်ရဲ့ မွေးသမိခင်ကို ချစ်တတ်သော -
  • ကမ္ဘာပေါ်မှာ ရှိသော မိခင်တွေ အားလုံးကို ချစ်တတ်သော -
  • အမိနိုင်ငံကို ကိုယ်စားပြုသော မိခင်ကို ချစ်တတ်ကြသောသူ အားလုံးအတွက် ရေးပါသည်။ 

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark