မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 December 2010

180 နှလုံးသား ရှိရာ ( ၅ )




“ နွယ် . . .”

“ - - - - - ”

“ နွယ်ရေ . . . ”

“ - - - - - - ”

“ နွယ် . . . ၊ နွယ် အိပ်ပျော်သွားပြီလား ”

“ - - - - - - - ”

သြော်. .  ချစ်သူ ပြန်လည် အိပ်ပျော်သွားလေပြီ။ ချစ်သူ ပြန်ကြားချင်မိတဲ့ ချစ်သူနဲ့ ကိုယ့်ရဲ့ ဖြတ်သန်း ခဲ့ရသော ချစ်သူ့ မှတ်တမ်းလေးကို ပြန်ပြောပြနေရင်း ချစ်သူကတော့ အိပ်ပျော်သွားခဲ့ပြီ။ တကယ်ဆိုလည်း သူ့ကို ချစ်လွန်း၍သာ သူ့စိတ်ကြိုက် လိုက်ပြီး အိပ်ပျော်နေသူကို နှိုးကာ စကား ပြောခဲ့တာ ဖြစ်သည်။ တစ်နေကုန် အလုပ်လုပ်ထားရသူကို အခုက အလုပ်က ပြန်လာသူက နှိုးကာ စကားပြောဖို့ ဆိုတာ ဘယ်လိုမှ မလုပ်သင့်သော အလုပ်တစ်ခုပဲ မဟုတ်လား။ 

ကိုယ်ကတော့ အလုပ်က ပြန်ရောက်ခါစ မအိပ်ချင်သေး။ ဒါပေမဲ့ နှစ်ခြိုက်စွာ အိပ်ပျော်နေသူကို နှိုးကာ မအိပ်ချင်သေးသော သူက စကားပြောဖို့ ဆိုတာ မလုပ်သင့်သော ကိစ္စ မဟုတ်လား။ ဒါပေမဲ့ အရာရာဟာ ချစ်သူ သဘောကျပါပဲ။ ချစ်သူက နှိုးပါ ဆိုရင် ကိုယ်က နှိုးမှာပါ ၊ ချစ်သူက ရောက်တာနဲ့ အိပ်နော် ဆိုရင် ကိုယ် အိပ်မှာပါ။ 

 အိပ်နေသူကို နှိုးပြီး မအိပ်ချင်သေးသူက စကားပြော ၊ ကိုယ်ကလည်း အိပ်ချင်လာရော ချစ်သူက မျက်လုံးကြောင်ကာ အိပ်၍ မပျော်တော့ပေ။ ဒီလိုမျိုး ကိုယ် မဖြစ်စေချင်ပါ။ ချစ်သူကိုတော့ အိပ်ရေးဝ စေချင်သည်။ အလုပ် ပိတ်ရက်ပဲ ဖြစ်ဖြစ် ၊ ဖွင့်ရက်ပဲ ဖြစ်ဖြစ် ချစ်သူကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စေချင်သည်။ အိပ်ရေးဝစေချင်သည်။ ဒါပေမဲ့ အချစ်ဆိုတာကလည်း ခက်တယ် မဟုတ်လား။ တစ်နေ့ထက် တစ်နေ့ ပို၍ ပို၍ ကြားချင်သည် ၊ မြင်ချင်သည် ၊ တွေ့ချင်သည်။ 

ဟော . . အခုတော့ ချစ်သူ ကိုယ်ပြန် ရောက်နေပြီ ဆိုသော အသိ ၊ ကိုယ် သူ့အနားမှာ ရှိနေသည် ဆိုသော စိတ်အာရုံ ခံစားမှုဖြင့် ပြန်လည်ကာ အိပ်ပျော်သွားလေပြီ။ ချစ်သူကို ပြောပြနေသော ကိုယ်တို့ ချစ်မှတ်တမ်းလေးက အဆုံးမသတ်သေးပါ။ သို့သော် ဆက်လက် နားထောင်ပေးမည့် ချစ်သူကတော့ မရှိတော့ ၊ အိပ်ပျော်ကာ သွားပြီ ဖြစ်သည်။ ဒါကြောင့် ကိုယ့်ဖာသာ ကိုယ်ပဲ ဆက်ကာ ပြန်လည် တွေးတောနေမိသည်။



“ နေရော ကောင်းရဲ့လား နှင်းနွယ် ”

“ နေကောင်းပါတယ် ကိုဇော် ”

“ အလုပ်က နေ့လည်ဆိုင်းလား ”

“ ဟုတ်ကဲ့ ၊ နေ့လည်မှ ဝင်ရမယ် ကိုဇော် ”

“ သြော် . .  ”

“ - - - -  ” 

“ ထမင်းရော စားပြီးပြီလား အဲ . . .  မနက်စာ ဘာစားထားလဲ ”

“ ပေါင်မုန့်နဲ့ ကော်ဖီပဲ သောက်ထားတယ် ကိုဇော် ”

“ သြော်. . . ”

“  - - - - - ”

တကယ်တော့ မနက်ဖြန်ကျရင် ပြောပြမယ် ဆိုသော နှင်းနွယ်ရဲ့ အကြောင်းကို ကိုယ် ကြားဖို့ အားမရှိသလို ဖြစ်နေ၍ Gtalk ကနေ မခေါ်ဘဲနဲ့ စာဖြင့်သာ မေးနေမိခြင်း ဖြစ်သည်။ နှင်းနွယ် ဘာပြောမယ် ဆိုတာကို ကိုယ် ကြားချင် ၊ သိချင်ပေမဲ့ သူမ စကားက သတင်းဆိုး ဖြစ်နေမှာကိုလည်း မဝံ့မရဲ ဖြစ်နေခဲ့တာ ဖြစ်၏။ နှင်းနွယ် အသံကို ကြားချင်လျက်နဲ့ စိတ်အပင်ပန်း ခံနေရသလိုမျိုး။ 

“ ဘာ . . . လို့ . . . . များ . . . . ”

Gtalk Chat Box ထဲမှာ နှင်းနွယ်ဆီက စာလေး တတ်လာ၏။ ဒီတော့မှ ကိုယ် ပြန်ဖြေလိုက်သည်။

“ ဟုတ် . .  ”

“ ဒီနေ့ . . ကိုဇော်  . . . မခေါ်တာပါလိမ့်။ နှင်းနွယ် နဲ့ စကားမပြောချင်လို့များလား ၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ စကားပြောနေလို့များလား ”

“ ဟာ . . . မဟုတ်တာ ”

ကိုယ် ထူပူသွားမိသည်။ ကိုယ် ဘယ်သူနဲ့မှ ပြောနေခြင်း မဟုတ်။

“ ကျွန်တော်လည်း ဘယ်လို ပြောရမလဲ . . . အဲ . . အင်း . . ထားပါတော့လေ ၊ အခု ကျွန်တော် ခေါ်လိုက်မယ်နော် ”

“ - - - -  ”

“ တွီ. . . တွီ . . . တွီ . . ”

“ ဟလို . . . ကိုဇော် ”

“ ဟုတ် . . . နှင်းနွယ် ရှိပါတယ် ”

“ ဘာလို့ စကားပြောလို့ ရနေတာကို လက်ညောင်းခံပြီး ရေးနေတာလဲ ကိုဇော် ၊ နှင်းနွယ် နဲ့ စကားမပြောချင်လို့လား ”

“  မဟုတ်ပါဘူး နှင်းနွယ် ၊ ကျွန်တော် ဘာမှန်း မသိတာ တစ်ခုခုကို စိုးရိမ် နေမိသလို ဖြစ်မိလို့ပါ ”

“ ဘယ်လိုမျိုးကို ပြောတာလဲ ကိုဇော် ”

“ သြော်. . . မနေ့က နှင်းနွယ် ပြောတယ် မဟုတ်လား ၊ နှင်းနွယ်ရဲ့ အကြောင်းတွေကို ဒီနေ့ ပြောပြမယ် ဆိုတာလေ ”

“ ဟုတ်တယ်လေ ကိုဇော် ၊ နှင်းနွယ် မလိမ်ပဲ ပြောပြမှာပါ ”

“ အင်း . . အဲဒီ မလိမ်တမ်း ပြောမယ် ဆိုတဲ့ အထဲမှာ နှင်းနွယ်မှာ ချစ်သူ ရှိပါတယ် ကိုဇော် ဆိုတဲ့ စကားကို ကျွန်တော် ကြားလိုက်ရမှာ စိုးလို့ပါ ၊ ဒါကို မဝံ့မရဲ ဖြစ်နေတာပါ ”

“ - - - - - - ”

“ နှင်းနွယ် . . . ”

“ ရှင်. . . ”

“ မနေ့က ပြောပြမယ် ဆိုတဲ့ ဒီနေ့ ရောက်လာပြီလေ ၊ ကျွန်တော် နှင်းနွယ် ပြောတာကို နားထောင်ဖို့ စောင့်နေပါတယ် ”

“ ဟုတ် . .  ၊ ခုနက ကိုဇော် ပြောခဲ့တယ်နော် ၊ ကိုဇော် နားထောင်ဖို့  မဝံ့မရဲ ဖြစ်နေတယ် ဆို ”

“ ဟုတ်ပါတယ် ၊ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် လက်ခံ နားထောင်ပါတော့မယ် ”

“ ဒါဆိုရင် ကိုဇော်ရယ် ၊ နှင်းနွယ်ကို လောဘကြီးတယ် လို့တော့ မထင်ပါနဲ့။ နှင်းနွယ်ကို တစ်ခုလောက် မေးခွင့် ပြုပါဦးလား ”

“ ဘာများလဲ နှင်းနွယ် ၊ မေးပါ ”

“ ကိုဇော် “ အချစ် နဲ့ အချစ်ရဲ့ အဓိပ္ပါယ် ” ကို ဘယ်လို ကွဲပြားခြားနားပြီး မြင်လဲ ၊ ဒါလေး ဖြေပေးပါလား ”

“ နှင်းနွယ် မေးထားတဲ့ မေးခွန်းကို ကျွန်တော် သိပ်မရှင်းဘူး။ ဒါပေမဲ့ မေးခွန်းကိုတော့ မပြင်ပါနဲ့။ ဒီမေးခွန်းပေါ်မှာပဲ ကျွန်တော် စိတ်ထဲမှာ ရှိနေတဲ့ အတိုင်း ဖြေပါ့မယ် ”

“ ဟုတ်ကဲ့ ၊ ကိုဇော် စိတ်ထဲမှာ ရှိတဲ့ အတိုင်းပဲ ဖြေပါ ကိုဇော် ”

“ အချစ် ဆိုတာရဲ့ အပေါ်မှာ ကျွန်တော့် ခံစားရမှုက ငယ်ငယ်ကတည်းက သူငယ်ချင်းတွေနဲ့ ပြောမိတော့ သူတို့က ကျွန်တော့်ကို အနောက်တိုင်း ဆန်တယ် လို့ ရိုးစွပ်ကြတယ်။ ပြီးတော့ သူငယ်ချင်း တချို့ကလည်း လက်မခံနိုင်ကြဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ဒါက ကျွန်တော့်ရဲ့ ခံစားမှု သက်သက်ပါ။ ဒီခံစားမှုကို သိပြီးသွားရင် နှင်းနွယ်လည်း သူတို့လိုများ ကျွန်တော့်ကို ထင်မလားလို့ ကျွန်တော် ကြောက်မိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော် အမှန်အတိုင်းပဲ ပြောပြပါ့မယ် ”

“ ဟုတ်ကဲ့ပါ ကိုဇော် ”

“ ကျွန်တော် ငယ်ငယ်ကတည်းက အနောက်တိုင်း ရုပ်ရှင်တွေကို ကြည့်တဲ့ အခါမှာ အထူးသဖြင့် Drama ကားတွေမှာပေါ့။ သူတို့ရဲ့ အချစ်တွေကို လေးစား အားကျမိတယ်။ ဒီတော့ ကျွန်တော့် သူငယ်ချင်း အတော်များများက ပြောကြတယ်။ မင်းကွာ . . . သူတို့ကိုများ အားကျနေသေးတယ်။ သူတို့ဆီမှာ အချစ် မရှိဘူးကွ။ သူတို့ဆီမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် သူတို့ စဉ်းစားနေတာ Sex ပဲကွ . . တဲ့။

ဒီတော့ ကျွန်တော် လက်မခံဘူး။ လက်မခံတဲ့ အပြင် ကျွန်တော် အကြောက်အကန်ကို ငြင်းမိတယ်။ မဟုတ်ဘူး . . မဟုတ်ဘူး . . သူတို့ဆီမှာလည်း အချစ် ဆိုတဲ့ Love ရှိတယ်။ ပြီးတော့ သူတို့ဆီက Love က ငါတို့ အရှေ့တိုင်းသားတွေရဲ့ Love ထက် ပိုပြီးတော့ အဆင့်မြင့်တယ် လို့ ကျွန်တော် ပြောမိတယ် ”

“ ဟုတ် . . . ”

“ ဒီတော့ သူတို့ အားလုံး ကျွန်တော့်ကို ဝိုင်းလှောင်ကြတော့တာပဲ။ ဒီလောက် အနောက်တိုင်း ကားတွေမှာ တွေ့နေတာတောင်မှ သူတို့မှာ Love ရှိတယ် လုပ်နေသေးတယ်။ သူတို့မှာ Love ဆိုတာထက် သူတို့ အချင်းချင်း နားလည်မှု ရသွားပြီ ဆိုရင် Sex ကို ပိုပြီးတော့ စိတ်ဝင်စားနေတာကွ လို့ သူတို့ ဆိုကြတယ်။ သူတို့ ပြောချင်တာက အနောက်တိုင်းက လူတွေ ဆက်ဆံရေးက Love ထက် Sex ကို ပိုပြီး အခြေခံတယ် လို့ ဆိုလိုချင်တာပါ။

ဒါပေမဲ့ မှားနေသလို ကျွန်တော် ခံစားရတယ်။ ဒါကြောင့် ကျွန်တော် စိတ်ထဲမှာ ခံစားရတဲ့ အတိုင်း ကျွန်တော် ပြောလိုက်မိတယ်။ မဟုတ်ဘူးကွ ၊ တကယ်တော့ သူတို့ရဲ့ အချစ်ကမှ တကယ်ကို အဆင့်မြင့်တာ။ သူတို့မှာ မင်းတို့ ပြောသလိုပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရသွားရင် Sex ကိစ္စကို သူတို့ ပြုလုပ်မိတယ် ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ဒီကိစ္စ တစ်ခုတည်းကြောင့်တော့ သူတို့မှာ Love မရှိဘူးလို့ မင်းတို့ ပြောရင် မှားသွားလိမ့်မယ်။

မင်းတို့ တခြား တစ်ဘက်က စဉ်းစားကြည့်စမ်းပါ။ သူတို့မှာ အဲဒီလို Sex ကိစ္စက ဘာမှ မထူးဆန်းတော့ဘူးပဲ ထားပါတော့။ သူလည်း ဒီကိစ္စကို ကျွမ်းကျင်နေကြပြီ ၊ အားလုံးသော လူတွေလည်း ဒီကိစ္စကို ကျွမ်းကျင်နေကြပြီ။ သူတို့အတွက် မထူးဆန်းတော့ဘူး။ ဒီတော့ သူတို့ အတွက် ဘာက ထူးဆန်း မလဲ။ သူတို့ ယောက်ျားနဲ့မိန်းမ အတူတူ လက်ထပ် ပေါင်းသင်း နေထိုင်ကြတော့မယ် ဆိုရင် သူက ငါ့အပေါ် ဘယ်လောက် အနစ်နာ ခံနိုင်လဲ ၊ သူက ငါ့အပေါ် ဘယ်လောက် အနွံတာ ခံနိုင်လဲ ဆိုပြီးတော့ ရေရှည်တွဲပြီး တစ်ယောက်ကို တစ်ယောက် လေ့လာကြတာ။

အဲဒီလို ရေရှည် လေ့လာရာကနေ ဖြစ်လာတဲ့  ခံစားမှုကနေပြီးမှ သူတို့ရဲ့ ဘဝအတွက် သူကတော့ ငါ့အပေါ် မရှိမဖြစ်ပါလား ၊ သူကတော့ ငါ့ဘဝအတွက် အဖော်မွန် ပါလား ဆိုပြီးတော့ ရင်တွင်း ခံစားချက်က နေပြီးတော့မှ အချစ် ဆိုတာ ပေါက်ဖွားလာကြတာ။ အဲဒီတော့ သူတို့ရဲ့ အချစ်က အိုသွားတယ် မရှိဘူး။ ဒါကြောင့် အနောက်တိုင်းက ဘိုးဘွားတွေကို ကြည့်ရင် အသက်ကြီးသွားတဲ့ အထိ အဘိုးကြီးကလည်း အဘွားကြီးကို ကြင်ကြင်နာနာ ယုယုယယ နဲ့ ဖေးဖေးမမ ရှိနေကြတယ်။ အဘွားကြီးကလည်း အဘိုးကြီးကို အမြတ်တနိုးကို တန်ဖိုးထားကြတယ်။ ”

“ သြော်. . . . ”

“ ဒါပေမဲ့ဗျာ။ ကျွန်တော်တို့ အရှေ့တိုင်းက လူတွေကျတော့ အဲဒီလို မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် စပြီး တွေ့ဆုံခွင့် ရပြီ ဆိုတာနဲ့ မိန်းကလေးကလည်း ယောက်ျားလေး အပေါ်မှာ အရင်က ရည်းစားထားခဲ့ဖူးလား လို့ အရင် စုံစမ်းတယ်။ တကယ်လို့ အဲဒီ ယောက်ျားလေးက အရင်က ရည်းစား ထားခဲ့ဖူးပါတယ် ဆိုရင် ကိုယ့်ကို ဘယ်လောက်ပဲ သေအောင် ချစ်နေပါစေ ၊ ပယ်ချတတ်တယ်ဗျာ။ ဒီတော့ ဘဝမှာ ကိုယ့်ကို တကယ် နှစ်နှစ်ကာကာ ချစ်သူ တစ်ယောက်ကို ဆုံးရှုံးရတယ် လို့ မဆိုနိုင်ဘူးလား။

ဒီလိုပဲ မိန်းကလေး တစ်ယောက်ကို ယောက်ျားလေး တစ်ယောက်က ချစ်ခွင့်ပန်မယ် ဆိုရင်လည်း အဲဒီ မိန်းကလေးက အရင်က ရည်းစားထားခဲ့ဖူးလား ၊ ထားခဲ့ဖူးတယ် ဆိုရင်လည်း သူတို့ ဘယ်လို အခြေအနေအထိ ရောက်ခဲ့လဲ ၊ သူတို့ ဘယ်အတိုင်းအတာ အထိ ရင်းနှီးကြသလဲ ဆိုတာကို စုံစမ်းတတ်ကြတယ်။ ကျွန်တော်ကတော့ အဲဒါ မှားတယ်လို့ ဆိုချင်တယ်။ တကယ်လို့ပေါ့ဗျာ။ ကိုယ်က သူ့ကို အရမ်းချစ် နေမိတယ် ၊ သူကလည်း ကိုယ့်ကို အရမ်းချစ်တယ် ဆိုတာ ကိုယ်ကလည်း ခံစားမိတယ် ဆိုပါစို့။ အရင်က သူ့မှာ ချစ်သူ ရှိခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းအရာ တစ်ခုလေးနဲ့တင် ကိုယ်က ဒီလောက် ချစ်ရသူ ၊ ကိုယ့်ကို ဒီလောက် ချစ်ရသူကို ပစ်ပယ်နိုင်မလား။  ”

“ - - - - - - - ”

“ ဒီထက် ဆိုးတာ ရှိသေးတယ် နှင်းနွယ်။ အဲဒါကတော့ ကိုယ်က ချစ်နေတုန်းကတော့ သေချာ မလေ့လာဘဲ။ ချစ်လို့ ယူပြီးတော့မှ တစ်ယောက်ယောက်က မင်း မိန်းမက အရင်က ဘယ်လို ရည်းစားတွေ ထားခဲ့ဖူးတယ်။ ဘယ်သူနဲ့ ဘယ်လို ဆိုတဲ့ စကားလေး တစ်ခွန်းတည်းနဲ့တင် အရင်က ချစ်လှပါရဲ့ ဆိုတဲ့ သက်တန့်ရောင် အချစ်တွေက အရောင်လွင့်ပြီး ဖြူရော်ရော် ဖြစ်သွားခဲ့ပါရောလား။ ဒါဆို ကိုယ့်အပေါ်မှာ အခု လောလောဆယ် ချစ်ခင် ကြင်နာနေတဲ့ မိန်းမကို ချေဖျက်လို့ မရနိုင်တဲ့ အရင်က အတိတ် ကိစ္စတွေကြောင့် စော်ကား လိုက်သလိုပဲ လို့ ကျွန်တော် ခံစားရတယ်။

တချို့သော လူတွေကျတော့လည်း အတော်ကို ကြောက်စရာ ကောင်းပါတယ်။ သူများ အဆင်ပြေနေတဲ့ အိမ်ထောင်ရေးကို ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ စကားလေး တစ်ခွန်းကြောင့် ပြိုကွဲသွားနိုင်တယ် ဆိုတာကို မစဉ်းစားကြဘူး။ မင်း မိန်းမကတော့ အရင်က ဘယ်သူနဲ့ ဘယ်လို နေခဲ့ဖူးတယ် ၊ ဒါကြောင့် မင်းမိန်းမက ဘာဖြစ်တယ်  ၊ ညာဖြစ်တယ် ဆိုပြီးတော့ သပ်လျှိုတဲ့ စကားကြောင့် အဆင်ပြေ သာယာနေတဲ့ အိမ်ထောင်ရေးတွေ ပျက်ပြားကုန်တာလည်း မြင်ဖူးတယ် ”

“ - - - - - - - ”

“ ဒီတော့ဗျာ။ အတိုချုပ်ပြီး ပြန်စဉ်းစားကြည့်ရင် အရှေ့တိုင်းက လူတွေရဲ့ အချစ် ဆိုတာ Love လား ၊ Sex လား။ ကိုယ့်ဖာသာကိုယ်ပဲ ပြန်ပြီး စဉ်းစားကြည့်ပါ။ ပြောတုန်းကတော့ ချစ်လို့ပါ ဆိုပြီး ယူထားတယ်။ သူများက ဘေးက သပ်လျှိုလိုက်တော့မှ အချစ်ဆိုတာတွေက Love မှာ အခြေခံတာလား ၊ Sex မှာ အခြေခံတာလား ဆိုတာကို မြင်သာ သွားစေတယ် မဟုတ်လား။ တကယ်သာ Love မှာ အခြေခံရင် ကိုယ့်ချစ်တဲ့သူ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ဆက်ပြီး ချစ်သွားကြမှာပဲ မဟုတ်လား။

အခုတော့ ကျွန်တော် မြင်နေတာကတော့ မင်းက အရင်က ဘယ်လို ဖြစ်ခဲ့ဖူးတယ် မဟုတ်လား ၊ ရှင်ကတော့ အရင်က ရည်းစားတွေ သောင်းခြောက်ထောင်နဲ့လေ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ပြင်လို့ မရတော့တဲ့ အမှားတွေကို ထောက်ပြပြီး ပြစ်တင်ရင်း Love နဲ့ Sex ကို မကွဲဘူးလို့ မြင်တယ်။

နောက်ဆုံးဗျာ။ အသက်အရွယ်ကြီးလို့ တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာ နေရမဲ့ အချိန်ဆိုလည်း အရှေ့တိုင်းက လူတွေမှာက “ အဘိုးကြီးနော် ၊ ဒီအရွယ်မှာ တရားလုပ်ရမဲ့ အရွယ် ဘာတွေ လာဖြစ်နေတာလဲ။ သွား ပုတီး သွားကိုင် ” ဆိုတာမျိုးတွေပဲ ကြားနေရတယ်။ တကယ်တော့ Love ဆိုတာ Sex ထက် အဆင့်များစွာ မြင့်ပါတယ်။ အချစ်ဆိုတာ Love ကို အခြေခံရင် သူ့ကို မြင်နေရတာနဲ့တင် ကိုယ့်မှာ ကြည်နူး ပျော်ရွှင်နေမိတယ် ၊ သူပျော်ရင် ကိုယ်လည်း ပျော်တယ် ၊ သူ ငိုရင် ကိုယ်လည်း ငိုချင်တယ် ၊ စိတ်ဝမ်းနည်းရင် ကိုယ်လည်း ဝမ်းနည်းမိမှာပါပဲ။

အချစ်ဆိုတာ Sex ကို အခြေခံတဲ့ လူတွေကျတော့ အချိန်တန်ရင် တခြားသော ဒီထက် သာတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရင် နောက်ထပ် Sex ကို အခြေခံတဲ့ အချစ် ဆိုတာ ပေါ်လာဦးမှာပါပဲ။ Love ကို အခြေခံတဲ့ အချစ်ကတော့ ဒီလို မဟုတ်ဘူး။ ကိုယ့်ချစ်သူကိုတော့ ဘယ်သူမဆို ဘဝမှာ လက်တွဲပြီး လျှောက်ခွင့် ရချင်တာပဲလေ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ ချစ်သူကို စိတ်ချမ်းသာ ချင်ကြတာပါပဲ။ ကိုယ်နဲ့ ပေါင်းဖက်ခွင့်ရမယ် ဆိုရင်လည်း ကိုယ့်ချစ်သူ ဘယ်လိုပဲ ဖြစ်နေနေ သူ့ရဲ့ Love ကတော့ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ သူက Sex ကို အခြေခံပြီး ချစ်တာမှ မဟုတ်ဘဲ ၊ သူက Love ကို အခြေခံပြီး ချစ်တာလေ။ ”

“ - - - - - - ”

“ ဟလို . . . နှင်းနွယ် ၊ နားရော ထောင်နေရဲ့လား။ ကျွန်တော့် အတွေးတွေ ကြောင်စီစီမို့ ပျင်းနေတယ် ဆိုရင်လည်း ဆက်မပြောတော့ပါဘူး ”

“ အို . . မဟုတ်တာ ကိုဇော် ၊ နှင်းနွယ် နားထောင်နေပါတယ်။ နှင်းနွယ် အံ့သြလို့ ငြိမ်နားထောင်နေမိတာပါ။ ကိုဇော့်ကို အဲဒီလောက် အသေးစိတ် ပိုင်းခြားပြီးတော့ ချစ်တတ်လိမ့်မယ် လို့ မထင်မိလို့ပါ ”

“ ဒါက ကျွန်တော် လိမ်မပြောပါဘူး။ ဒါ ကျွန်တော့် စိတ်ခံစားမှုပါ ”

“ အင်းပါ။ ဒါဆို တကယ်လို့ ကိုဇော့်ချစ်သူကို ဆိုရင် ကိုဇော် ဘယ်လို စံနှုန်းတွေနဲ့ ချစ်မှာလဲ ”

“ အသေးစိတ်ကို ကျွန်တော် ပြန်ပြောတော့ဘဲနဲ့ အတိုချုပ်ပြောရင်တော့ ကျွန်တော့် ချစ်သူ ဆိုတာ ဘယ်လိုကြီးလဲ ကျွန်တော် မသတ်မှတ်ထားပါဘူး။ သူများတွေလို ဘယ်လို အရပ်အမောင်း ၊ ဘယ်လို ပုံသဏ္ဍာန် ၊ ဘယ်လောက် အရည်အချင်းတွေ ဆိုပြီးလည်း ကျွန်တော် မသတ်မှတ်ထားပါဘူး။ ကျွန်တော့်ရဲ့ ချစ်သူကို ကျွန်တော် အရိုးရှင်းဆုံးပဲ သတ်မှတ်ထားပါတယ်။ ဒါက . . . . ”

“ - - - - -  ”

“ သူ့ကို ကျွန်တော် ချစ်မယ် ၊ ကျွန်တော့်ကိုလည်း သူ နှစ်နှစ်ကာကာ ချစ်မယ် ဆိုရင် ပြည့်စုံပါပြီ နှင်းနွယ်။ တခြား အရင်က သူ ဘာဖြစ်ခဲ့တယ် ၊ ဘယ်လိုတွေ ဖြတ်သန်းခဲ့တယ် ဆိုတာကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော် သူ့ကို ချစ်တာ အခု လက်ရှိနဲ့ နောင် ဖြတ်သန်းမဲ့ ဘဝအတွက်ပါ။ ဒီလောက်ပါပဲ နှင်းနွယ် ဒါဆိုရင် ကျွန်တော့် အတွက် လုံလောက်ပါတယ် ”

“ $ #  * #  ”

မထင်မှတ်ဘဲနဲ့ ကိုယ့် နားနဲ့ ကပ်ထားတဲ့  Earphone မှ တိုးညှင်းသော အသံလေး တစ်ခုကို မသဲမကွဲ ကြားလိုက်ရသည်။ ထင်မှတ်မထားသော အခြေအနေကြောင့် ကိုယ် ဝေခွဲမရနိုင်သေး။ သို့သော် ရုတ်တရက် ရင်ထဲမှာ အသံတစ်ခုကို ခံစားလိုက်ရသလို ရှိနေ၏။

“ နှင်းနွယ်.  . . . ဘာဖြစ်တာလဲဗျာ ”

“ $ # * # ဘာ . . .မှ . . မ . . ဖြစ် . . ပါ . . ဘူး . . ကို . . ဇော် ”

“ မဟုတ်တာ . . နှင်းနွယ် တစ်ခုခု ဖြစ်သွားပါတယ်။ ခုနကလည်း ကျွန်တော် ကြားလိုက်သလိုပဲ။ ပြီးတော့ အခုလည်း တိုးတိုးလေး ကြားလိုက်တယ် ”

“ မ . .  ဖြစ် . . ပါ . . ဘူး . . ကို . . ဇော် ”

“ ကျွန်တော် အမှန်အတိုင်း ပြောတာတောင်မှ နှင်းနွယ်က ကျွန်တော့်ကို အမှန်အတိုင်း မပြောချင်ဘူးကိုး ”

“ ရှင်. . . . ၊ မဟုတ်ဘူး ကိုဇော်။ နှင်းနွယ် အမှန်အတိုင်း ပြောမှာပါ . . ရွှတ့် . . ရွှတ့် . . ”

ဟုတ်တယ်။ အဲဒီအသံပဲ။ အဲဒီလို သူမ ဘက်က ရှိုက်သံလေးကို ခုနက ကျွန်တော် ကြားလိုက်ရတာ ဖြစ်သည်။ ဗီစီဒီဇာတ်ကားတွေကို နောက်ပြန်ရစ်လိုက်သလို ခုနက ကိုယ်ပြောခဲ့တဲ့ စကားတွေကို ကိုယ် ပြန်ပြီး အမြန်ဆုံးနှုန်းနဲ့ စဉ်းစားလိုက်သည်။ ငါ ပြောလိုက်တဲ့ စကားထဲမှာ သူ့ကို ဝမ်းနည်းစေတဲ့ စကားလုံးတွေ ဘယ်ဟာများ ပါသွားလဲ။ ဘာကများ အမှားတွေ ဖြစ်သွားစေလဲ။

“ ဘာလို့ ဝမ်းနည်းရတာလဲ နှင်းနွယ် ၊ ဘာလို့ မျုက်ရည် ကျရတာလဲ ”

“ နှင်းနွယ် မျက်ရည် ကျတယ် ဆိုတာ ဝမ်းနည်းလို့ မဟုတ်ပါဘူး ကိုဇော်။ နှင်းနွယ် ရင်ထဲမှာ ဘယ်လိုကြီးလဲ မသိဘူး။ ပြီးတော့ ကိုဇော့်ရဲ့ အချစ်အကြောင်း အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဖတ်ပြီးတော့ ပျော်သလိုလည်း ခံစားရတယ်။ အခု နှင်းနွယ် မျက်ရည်ကျတယ် ဆိုတာ ပျော်လို့ ကျတဲ့ မျက်ရည်ပဲ ဖြစ်မှာပါ ”

“ ဘယ်လို . . .  ပျော် . . . တယ်  . . . ”

“ ထားပါ ကိုဇော်။ အခု ကိုဇော့်ကို နှင်းနွယ် အကြောင်း ပြောပြမယ် နားထောင်မှာလား ”

“ နားထောင်မှာပါ နှင်းနွယ်။ ဒါကို နားထောင်ချင်လို့လည်း အခုလို နှင်းနွယ် မေးသမျှ ဖြေခဲ့တာပေါ့ ”

“ နားထောင်ရဲတဲ့ သတ္တိရော ရှိရဲ့လား ”

“ ဟုတ် . . ”

“ ကိုဇော် . . . တကယ်တော့ နှင်းနွယ်မှာ ချစ်သူ ရှိခဲ့ဖူးပါတယ် . . . ”

ဘယ်လို . . . 

အသံနှုန်း စူးရှလှသော အသံတစ်ခု နားထဲကို ထိုးဝင်သွားသလို ခံစားလိုက်ရပြီး အကြားအာရုံတွေ ရုတ်တရက် ပင်းသွားသလို ပါးစပ်က ထပ်ဆင့်ကာ အမေးသံ ထွက်သွားသည်။ သို့သော် နား နှာခေါင်း လည်ချောင်း ဆိုတာ တစ်ဆက်တည်း ဆိုတော့ ပါးစပ်ပါ ဆွံအသွားသလို ကိုယ့်အသံက ကျယ်ကျယ် မထွက်လိုက်နိုင်ဘဲ ၊ မရေမရာ နဲ့ ဝိုးတဝါး အသံကသာ ဗလုံးဗထွေး ထွက်သွား၏။ သူမကတော့ ကြားဟန် မတူ။

“ ဟုတ်ပါတယ် ကိုဇော်။ နှင်းနွယ် ပထမနှစ်လောက်က ချစ်ခဲ့တာပါ။ သူက နှင်းနွယ်တို့ ဘေးက ရပ်ကွက်ကပါ။ နှင်းနွယ်ထက် ၅ နှစ်လောက် ပိုကြီးပါတယ်။ ချစ်သူသာ ဖြစ်တယ် ပြောတာပါ ကိုဇော်။ သူနဲ့ နှင်းနွယ် သေချာကို တွေ့ဖြစ်တယ် မရှိပါဘူး။ ရုပ်ရှင် မကြည့်ဖုးဘူး ၊ ပန်းခြံတွေထဲကို မသွားဖူးဘူး ၊ ဟိုဟိုဒီဒီ လျှောက်မသွားဖူးဘူး။ ဘာလို့လဲ ဆိုတော့ သူက ခဏတာ ပြန်လာတဲ့ အချိန်လေးမှာ နှင်းနွယ်နဲ့ ချစ်သူ ဖြစ်ခဲ့တာပါ။ ”

“ - - - - - - - ”

ဒီတစ်ခါ နှုတ်ပိတ် တိတ်ဆိတ်နေရတဲ့ သူက ကိုယ်ပေါ့။ ရုတ်တရက် ဆွံအ သွားသူ တစ်ယောက်ပေါ့။ ရေငတ် အာခေါင်ခြောက်နေသလို ရင်တွင်းမှာလည်း ပူလောင်ပြင်းရှ နေသည်။

“ ချစ်သူ သက်တမ်း ၇ လလောက်မှာ သူနဲ့ အပြင်မှာ မျက်နှာ မြင်ခွင့်ရခဲ့တာက ရက်ပေါင်း ၂၀ တောင်မှ မပြည့်ပါဘူး ကိုဇော်။ ချစ်သူ ဖြစ်ပြီး တစ်လဝန်းကျင်မှာ သူက သင်္ဘော ပြန်တတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ် တစ်ခါ နှင်းနွယ်ဆီကို ဖုန်းဆက်သလို စာတွေကလည်း အရေး မပျက်ပါဘူး။ နှင်းနွယ်လည်း သူ့ဆီကို စာ အရေး မပျက်ပါဘူး။

ဒီလိုနဲ့ ၊ ၅ လကျော်တော့ သူ့ဆီက စာကို မရဘူး။ သူ ဘာဖြစ်လို့လဲ ဆိုတာထက် ဆက်သွယ်ရေး အဟန့်အတားကြောင့် စာတွေ နောက်ကျတာလို့ပဲ ထင်မိတယ်။ ပင်လယ်ပြင်မှာ ရောက်နေပြီး ဖုန်းလိုင်း မမိလို့ ဖုန်း မဆက်ဖြစ်တာလို့ပဲ ထင်နေမိတယ်။ သူ့ဆီက အဆက်အသွယ် ပြတ်သလို ဖြစ်ပြီး သူ့ကို အရမ်း သတိရနေတဲ့ နေ့ တစ်နေ့မှာ နှင်းနွယ်တို့ အိမ်ရှေ့ကနေ အော်ခေါ်သံ ကြားတယ်။

နှင်းနွယ်ရဲ့ မောင်ဝမ်းကွဲလေးက ပြေးဖွင့်တော့ မေမေတို့ထက် နည်းနည်းကြီးတဲ့ အဒေါ်ကြီး တစ်ယောက် အငို မျက်လုံးတွေကို လက်ကိုင်ပုဝါလေးနဲ့ တို့ရင်း ဝင်လာတယ်။ နောက်တော့ နှင်းနွယ် ဆိုတာ ဒီအိမ်မှာ ရှိလားလို့ မေးတယ်။ နှင်းနွယ် မောင်လေးက ရှိပါတယ် ဆိုပြီး နှင်းနွယ်ကို လက်ညှိုးထိုးပြ တော့မှ အဲဒီအန်တီကြီးက ချုံးပွဲချငိုပြီး ပြောတယ်။

“ သမီး . . . သားလေး မင်းဟန် ဆုံးပြီ ”

တဲ့။ ရုတ်တရက် နှင်းနွယ် ကြောင်သွားတယ်။ ဘယ်လိုမှ ယုံကြည်လို့ မရဘူး။ နောက်မှ အန်တီက သေချာ ဆက်ရှင်းပြတယ်။ သင်္ဘောက မုန်တိုင်းမိလို့ မုန်တိုင်းကို အားလုံးက အံတုနေတုန်း သင်္ဘောဘေးမှာ ချည်ထားတဲ့ သက်ကယ်ဘောက မုန်တိုင်းရဲ့ လေအရှိန်နဲ့ လွင့်လာကာ ကိုမင်းဟန် ကို တိုက်မိပြီး တစ်ခါတည်း သင်္ဘောပေါ်က ပြုတ်ကျသွားတာပဲ။ လှိုင်းလုံးကလည်း ပြင်း ၊ မုန်တိုင်းကလည်း ထန်နေတဲ့ အချိန်ဆိုတော့ ဘယ်လိုမှ ဘယ်သူမှ မကယ်လိုက်နိုင်ဘူး။ တစ်ယောက်က အရဲစွန့်ပြီး သင်္ဘော ဘောင်ကနေ ပင်လယ်ထဲကို ကြည့်လိုက်တော့ လေဝဲတွေက လွဲပြီး အရှေ့ နှစ်ကိုက်လောက်ကိုတောင်မှ သေချာ မမြင်ရဘူး။

ဒါနဲ့ လေငြိမ်ပြီး မုန်တိုင်းပြေတော့မှ အနီးနား ပတ်ဝန်းကျင်ကို လှည့်ပတ် ရှာတော့ တခြားသော သင်္ဘောက အပျက်အဆီးတွေ ၊ လွှင့်ကျခဲ့တဲ့ ပစ္စည်းတွေကိုပဲ ပင်ဘယ်ပြင်မှာ ဘောလော မြင်ကြရတယ်။ လူလိုလို ၊ အလောင်းလိုလို ထင်ကြရတဲ့ အရာတွေဆို အသက်ကယ်လှေနဲ့ ဆင်းကြည့်ပေမဲ့ မဟုတ်ဘူး။ တွေ့ရတဲ့ အလောင်းတွေ ကျတော့လည်း သူ မဟုတ်ဘူး။ ဒါနဲပဲ နောက်ဆုံးတော့ အလောင်းတောင်မှ ပြန်မရလာခဲ့ဘူး။ တစ်နေ့ မဟုတ် တစ်နေ့ အဆက်အသွယ် ရမလားလို့ စောင့်နေရင်း နောက်ဆုံးတော့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အဆုံးမှ အကြောင်းကြားလို့ သိရတာလို့ ပြောပြတယ်။ ”

“ သြော်. . . . ”

“ အဲဒီ အန်တီကလည်း ကိုမင်းဟန်က နှင်းနွယ်နဲ့ သူနဲ့ အကြောင်းကို ပြောပြထားလို့ သိသလို ၊ သူ သင်္ဘောပေါ်ကနေ လှမ်းပြီး ဖုန်းဆက်တိုင်း ၊ စာရေးတိုင်းလည်း နှင်းနွယ် အကြောင်း အမြဲတမ်းပါတယ် လို့ ပြောတယ်။ ဒါကြောင့် အခုလို ဖြစ်တော့ နှင်းနွယ်လည်း လာပြီးတော့ အသိပေး အကြောင်းကြားတာပါ လို့ ဆိုတယ်။ အန်တီကြီးက နှင်းနွယ်ကို အသိပေးတယ် ဆိုပေမဲ့ နှင်းနွယ်ရဲ့ မိဘတွေကလည်း အခုမှ ဒီအကြောင်းတွေကို သိသွားတာပါ။ ဒါပေမဲ့ အံ့သြစရာ ကောင်းတာက နှင်းနွယ် မယုံကြည် နိုင်လောက်အောင် တည်ငြိမ်နေပြီး ဘာမှ မခံစားရတာပါပဲ။

ကိုယ့်ရဲ့ ချစ်သူ တစ်ယောက်လုံး ထာဝရ ခွဲခွာသွားတယ် ဆိုတာကို သိလိုက်ပေမဲ့ ဝမ်းနည်း ငိုကြွေးမိတာမျိုး မဖြစ်ခဲ့ဘူး။ သူ့အပေါ်မှာ စိတ်မကောင်းတဲ့ ဝမ်းနည်းမှုတော့ ဖြစ်ခဲ့ပါတယ်။ အန်တီကြီး နှုတ်ဆက် ပြန်သွားတော့ အိမ်က ဖေဖေ နဲ့မေမေ ကတော့ အရမ်း ဝမ်းနည်း မနေဖို့ လူဆိုတာ သေမျိုးတွေချည်းပဲ ဖြစ်ကြောင်း ပြောပြီး နားချပါတယ်။ ဒါပေမဲ့ နှင်းနွယ် ဟန်ဆောင်နေတာ မဟုတ်ဘူး။ နှင်းနွယ် ရင်ထဲက ခံစားချက်ရဲ့ အတိုင်းအတာ အရ ဒီဟာ အကုန်ပဲ။ ဒီတော့မှ နှင်းနွယ် သိလိုက်တယ်။ အဲဒီအချိန်တုန်းက ချစ်တယ် ဆိုပြီး ကိုမင်းဟန် နဲ့ ချစ်သူ ဖြစ်ခဲ့တယ် ဆိုတာက အသက်ငယ်သေးတဲ့ အချိန်မှာ နှင်းနွယ်ရဲ့ စိတ်လှုပ်ရှားမှု တစ်ခုပဲလို့ . . ”

“ - - - - - - ”

“ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်က နှင်းနွယ်ကို မျက်နှာသာ မပေးခဲ့ပါဘူး ကိုဇော်။ ချစ်သူ သက်တမ်း ၇ လဆိုပေမဲ့ နှင်းနွယ်နဲ့ သူ အပြင်မှာ ချစ်သူတွေ ဖြစ်ပြီး တွေ့ဆုံခွင့် ရတာ အရက်ပေါင်း အနည်းငယ်မျှပါပဲ။ ဒါပေမဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာတော့ နှင်းနွယ်က ကိုမင်းဟန်နဲ့ အတူတူ နေခဲ့သလို ၊ အခုလို ကိုမင်းဟန်က မတော်တဆ ဆုံးပါးသွားတော့ နှင်းနွယ်ကပဲ အိမ်ထောင်ပျက် သွားသလိုနဲ့ ပတ်ဝန်းကျင်မှာ အတော်ကို အပြောခံခဲ့ရပါတယ်။ ကိုယ်က မဟုတ်ဘူး ဆိုပေမဲ့လည်း ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှု အောက်မှာ ခေါင်းမဖော်နိုင် လောက်အောင်ပါပဲ ကိုဇော် ”

“ အော်. . . ဖြစ်ရလေ နှင်းနွယ်ရယ် ”

“ အဲဒီ အချိန်ကတည်းက အချစ်ဆိုတဲ့ အရာဟာ နှင်းနွယ် အတွက် အရမ်းကို တစိမ်းဆန်သော အကြောင်းအရာ တစ်ခု ဖြစ်သွားခဲ့တာပါ ကိုဇော်။ နှင်းနွယ်ရဲ့ ဘဝ မာတိကာ မှာ အချစ်ဆိုတာ မပါတော့ဘူး ကိုဇော်။ အချစ်ဆိုတာ ဘယ်လို သတ်ပုံပေါင်းလဲ လို့ ပြန်မေးရအောင်ကို နှင်းနွယ် နောက်ပိုင်း ကာလတွေကို မသိ ကျိုးကျွံပြုပြီး လျှောက်လှမ်းခဲ့ပါတယ်။ အဲဒါ လွန်ခဲ့တဲ့  တစ်လ ကျော်ကျော်လောက် အထိ ဆိုပါတော့ ကိုဇော် ”

“ ဟင် . . . လွန်ခဲ့တဲ့ တစ်လ ကျော်ကျော် . . . ”

အနည်းငယ် ငြိမ်သက်သွားမလိုလို ဖြစ်နေတဲ့ ရင်တွင်းမှ မုန်တိုင်းက ပြန်လည် ဦးမော့လာခဲ့သည်။

“ ဟုတ်ပါတယ် ကိုဇော်။ အင်တာနက်ထဲကို လျှောက်သွားပြီး စာတွေ ဖတ်ရင်း ၊  ဂိမ်းတွေ ကစားရင်း ၊ ဟင်းချက်နည်းတွေကို လျှောက်ဖတ်ရင်း တစ်နေ့တော့ ဘလော့တစ်ခုကို ရောက်သွားတယ်။ အဲဒီမှာ ပို့စ်လေးက တစ်ပုဒ်ပဲ တင်ထားတာပါ။ ဒါပေမဲ့ သူက သူ့လိုဂိုမှာတော့ သူ့ပုံလေးကို တင်ထားတယ်။ ဘာရယ် မဟုတ်ဘဲ အဲဒီနေရာကို နှင်းနွယ် ခဏခဏ ရောက်မိတယ်။ ဖတ်စရာရယ်လည်း ဘာမှ သေချာ မရှိပါဘူး။ အားလုံးပေါင်းမှ ပို့စ် တစ်ပုဒ်ပဲ ရှိတာပါ။

နောက်တော့ သူ့ဘလော့ကို လျှောက်ကြည့်ရင်း သူ့ရဲ့ လိုဂိုလေးကို နှိပ်လိုက်တော့ သူ့ရဲ့ Profile ဆီကို ရောက်သွားတယ်။ အဲဒီမှာ သူ့ Profile ကို လာကြည့်သူ စုစုပေါင်းမှ ၂ ယောက်ပဲ ရှိသေးတယ် ကိုဇော်။ ပထမ တစ်ယောက်က ကိုယ်တိုင် ဖြစ်မယ် ဆိုရင် ဒုတိယ တစ်ယောက်က နှင်းနွယ်များ ဖြစ်လေမလား။ အဲဒီ သူ့ Profile ကို လျှောက်ဖတ်ကြည့်မိတော့ သူ့ မေးလ်လိပ်စာလေးကို ရလာတယ်။ ဒါနဲ့ နှင်းနွယ် Gtalk မှာ Add လိုက်မိတယ်။ နောက်တော့ နှင်းနွယ်ကို သူ Accept လုပ်လိုက်တယ်။ နောက် . . . နောက်တော့  . . . သူရေးသမျှ ပို့စ်တွေကို နှင်းနွယ် မေးလ်ထဲက တဆင့် ရတော့တာပဲ။ နောက်တော့ . . . နောက်တော့. . . သူနဲ့ စကားပြော ဖြစ်လာတယ် ကိုဇော် ”

“ - - - - - - ”

ကိုယ့်ရင်ဘတ် တစ်ခုလုံးက ဘယ်လို ခံစားနေရတယ် ဆိုတာ ကိုယ်လည်း မပြောပြတတ်ဘူး။ နံပြားရိုက်ဖို့ လုံးထားတဲ့ ဂျုံအလုံးလေးကို မီးထဲ ထည့်ဖုတ်လိုက် ၊ ရေထဲ နှစ်လိုက် ၊ မီးထဲ ပြန်ထည့်လိုက် ၊ ရေခဲသေတ္တာထဲ ထည့်လိုက် ၊ ပြန်ထုတ်လိုက် သစ်သားဖုကြီးနဲ့ ထုလိုက် ၊ မီးထဲ ထည့်လိုက် ၊ ရေထဲ ပြန်စိမ်လိုက် ဆိုသလို ခံစားမှု ပေါင်းစုံ နဲ့ ကိုယ် မောနေမိ၏။ ထိုင်နေရင်း မောနေသူ တစ်ယောက်ကို မမြင်ဖူးဘူး ဆိုရင် အဲဒီအချိန်မှာ ကိုယ့်ကို လာကြည့်လို့ ရပါ၏။ ပါးစပ် တစ်ခုလုံးကလည်း အာစေး အထည့်ခံရသူလို . . .  ဆွံ့အလျက်။

“ နောက်တော့မှ နှင်းနွယ် သိရတယ် ကိုဇော်။ သူက နှင်းနွယ် ရောက်သွားတဲ့ ဘလော့မှာ ဆက်မတင် ဖြစ်တော့ဘဲ။ တခြား ဘလော့ တစ်ခုမှာ ဆက်တင်နေတာကိုး။ သူ့ဆီက ရောက်လာတဲ့ မေးလ်တစ်စောင်မှာ သူညွှန်းထားတဲ့ လင့်အတိုင်း သွားလိုက်တော့မှ သူ့ဘလော့ကို ရောက်တော့တာပဲ ကိုဇော်။ သူက အဲဒီမှာ ရေးနေတာကိုး။ အရင် ဘလော့မှာက သူက ဖွင့်ပဲ ဖွင့်ထားပြီး ဆက်မတင်ဖြစ်ဘူး ဆိုတာ သိလာရတယ်။  အဲဒီဘလော့က သူ့ပုံကို ကိုဇော့်ကို ပြရဦးမယ်။  ကြည့်မလား ကိုဇော် ”

ဟုတ် . . .

အာ . . . ဒီလောက် အားယူပြီး ပြောလိုက်တဲ့ အသံတောင်မှ တုန်တုန်ချိချိနဲ့ ထွက်သွားသေးသည်။ ပြီးတော့ တိုးတိတ်လို့. . . .

“ ဒီမှာ ကိုဇော် . . ”

ကိုယ် သူ့ရဲ့ Gtalk  Pictuer  လေးကို ကြည့်လိုက်တော့ အရင်က တစောင်းရိုက်ထားပြီး တင်ထားသော ကိုယ့်ပုံလေး . . .

“ ဟာ . . . ”

“ - - - - - ”

သိမ်းဆည်း သိုလှောင်ထားသော ရေကာတာ ဆည်ကြီးများ ရုတ်တရက် ကျိုးပေါက်ကျမှုကို သင် မြင်ဖူးပါသလား။ အဲဒီလို အခုလည်း ကိုယ်ရင်ထဲမှ စကားလုံးတွေကလည်း  တစ်ပေါက်တည်းသာ ရှိသော ကိုယ့်ပါးစပ်က အစုလိုက် အပြုံလိုက် တိုးထွက်ကြသည်။ ဒီတော့ စကားလုံးတွေ အချင်းချင်း တိုးမိ တိုက်မိကာ စကားလုံးတိုင်းက အလဲလဲ အကွဲကွဲ ၊ ဒါကြောင့် ဘယ်စကားမှ ပီပီသသ မရှိ။

“ ဟို . . ကျွန်တော် . . . ကျွန်တော်လေ . . ဘယ်လို . . အဲ . . . ဟိုဟာ . . နှင်းနွယ် . .  . အာ . .  ”

“ ဟုတ်ကဲ့။ ပြောပါ ကိုဇော်။ နှင်းနွယ် ရှိပါတယ်။ နားလည်း ထောင်နေပါတယ် ”

“ ကျွန်တော်လေ. . . သန်းထိုက်နဲ့ စကားပြောချင်တယ် ”

“ ရှင်. . ဘယ်လို . .  ဘယ်သူ့နဲ့ . . . ”

“ အာ . . ဆောရီး။ ဟို . . ဟို . . ကျွန်တော့် သူငယ်ချင်းပါ။ အဲဒါ . . . မဟုတ်ဘူး . . ဟိုဟာ . . . အာ . . ”

“ ဘာဖြစ်တာလဲ ကိုဇော်။ စိတ်အေးအေးနဲ့ ပြောလေ။ ရေသောက်လိုက်ပါဦး။ ကိုဇော့်အသံကို ကြားရတာ အလောတကြီးနဲ့။ ပြောရတဲ့ သူ ရေမငတ်ဘဲ ၊ နားထောင်တဲ့ ကိုဇော်က ရေငတ်နေတဲ့ ပုံကြီး။ ရေသောက်လိုက် . . ၊  ပြီးမှ ဆက်ပြော ”

“ ဟို . . ရေက . . အင်း . . သောက်မယ် . . အင်း . . ဂလု . . ဂလု . .  အု . . အဲဒါ . . . ”

“ အင်း . . ဖြေးဖြေး ပြောလေ ကိုဇော် ”

“ ဟုတ်. . အဲ. . ဟိုဟာ . . အဲဒါ ကျွန်တော် ပုံပဲ ”

“ ဟုတ်လို့လား ကိုဇော်ကလဲ ”

“ ဟုတ်တယ် အဲဒါ ကျွန်တော် အင်တာနက် ဆိုင်မှာ သွားသုံးရင်း သူငယ်ချင်း တစ်ယောက်က ဘေးက စက်ကနေ လှမ်းရိုက်ယူလိုက်တာ ၊ အမှတ်မထင်ပေမဲ့ အဲဒီပုံလေးကို အတော်ကို နှစ်သက်လို့ ဘလော့လေး စလုပ်တော့ တင်စရာကလည်း မရှိတော့ တင်လိုက်တာ ”

“ သြော်. . လူတူတာ ဖြစ်မယ် ထင်ပါတယ် ”

“ အာ မဖြစ်နိုင်တာ ၊ ကျွန်တော်လေ ပျော်လိုက်တာ နှင်းနွယ် ၊ ဘယ်လို ပြောရမလဲ ၊ ပြီးတော့ ဘာဆက်ပြောရမလဲ ”

“ ဘာကိုလဲ ကိုဇော် ၊ ဘာကို ပျော်တာလဲ ”

“ ပထမ အချက်က နှင်းနွယ်မှာ အခု လောလောဆယ် ချစ်သူ မရှိတာလေ။ ”

“ သြ . . .  ”

“ ဒုတိယ အချက်က ကျွန်တော် ကံကောင်းတာပဲ . . ”

“ ဘယ်လို ကံကောင်းတာလဲ ကိုဇော် ”

“ ဟုတ်တယ်လေ။ နှင်းနွယ်ကို အရင် မေးပြီးတော့မှ ကျွန်တော့်ရဲ့ အချစ် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ပြောပြမယ် ဆိုရင် ကျွန်တော်က နှင်းနွယ်ရဲ့ အကြောင်းတွေကို သိပြီးသွားလို့ ကျွန်တော်က လုပ်ကြံပြောတယ် လို့ ထင်နေဦးမယ်။ အခုတော့ ကျွန်တော်က အရင် ပြောထားတော့ လုပ်ကြံပြောတယ် ဆိုပြီး ထင်စရာ မရှိတော့ဘူး။ ”

“  - - - - -  ”

“ တတိယ အချက်က နှင်းနွယ်က အရမ်း ပွင့်လင်းတာပါ။ ဒီလို မိန်းကလေးမျိုးကို ကျွန်တော် သဘောကျတယ်။ ဘာမှန်းမသိ ညာမှန်းမသိ လျှို့ဝှက်မှ သိက္ခာရှိတယ် ဆိုတဲ့ မိန်းကလေးတွေကို ကျွန်တော် မကြိုက်ဘူး။ အချစ်ဆိုတာ လူတန်းစား မရွေးဘူး လို့ လူတွေ ပြောနေတာသာ မှန်ရင် အချစ်ကို ဖော်ထုတ်ပြတဲ့ နေရာမှာလည်း ယောက်ျား ၊ မိန်းမ ခွဲခြား မနေသင့်ဘူးလို့ မြင်မိတယ်။ ဒါ ကျွန်တော့် အမြင်ပါ။ မှားချင်လည်း မှားနိုင်တယ်။ ”

“ - - - - - - ”

“ နှင်းနွယ် . . . ”

“ - - - - - - ”

“ ဟင်. . . နှင်းနွယ် ၊ ရှိရော ရှိသေးရဲ့လား။ ”

ဟုတ် . . ရှိပါတယ် . . . .

ဒီတစ်ခါတော့ သူ့ဘက်က အသံတိုးတိတ် နှုတ်ဆိတ်နေပါရောလား။

“ ကျွန်တော် ရင်ထဲမှာ ရှိတဲ့ အတိုင်း ပြောမယ် နှင်းနွယ် ”

အင်း . . .

“ နှင်းနွယ်ကို ကိုယ် ချစ်တယ် ၊ ကိုယ့် အချစ်ကို လက်ခံပေးပါ ”

“ - - - - - ”

“ နှင်းနွယ်. . . ကိုယ့်ကို တစ်ခုခု ပြန်ပြောပါဦး ”

“ ဟို . . . ”

“ အင်း . . ပြောပါ ”

“ နှင်းနွယ်က မိန်းကလေးလေ ကိုဇော် ၊ ဒါကြောင့်မို့ စဉ်းစားပါရစေဦးနော် ”

“ ဟင်. . . စဉ်းစားမယ် ”

ကိုယ့်အသံ အနည်းငယ်တော့ ကျယ်သွားမယ် ထင်သည်။ သူမ ထံမှ လန့်သွားသလို စကားသံထွက်လာ၏။

“ ဘာ . .  ဘာဖြစ်လို့လဲ ကိုဇော် ”

“ စဉ်းစားတယ် ဆိုတာ တွက်ချက်တာကို ခေါ်တာ နှင်းနွယ် ၊ ဥပမာ - သချာင်္ တစ်ပုဒ်ကို စဉ်းစားတယ် ဆိုတာ တွက်ချက်ဖို့ပေါ့။ အချစ်ဆိုတာ တွက်ချက်ဖို့ မဟုတ်ဘူး နှင်းနွယ်။ အချစ်ဆိုတာ လက်ဝဲဘက်မှာ ရှိတဲ့ နှလုံးသား တစ်ခုရဲ့ စေ့ဆော်မှုကြောင့် ဖြစ်လာတဲ့ အရာပါ။ သူ့ကို ဘယ်အရာနဲ့မှ တိုင်းတာလို့ မရပါဘူး။ ဒီလိုပဲ ဘယ်အရာနဲ့မှလည်း တွက်ယူလို့ မရဘူး။ အချစ်ဆိုတာ ရင်ခုန်ခံစားမှု တစ်ခုပါ။ တွက်ချက်မှု မဟုတ်ပါဘူး။ ”

“ ဒါဆို . . . ”

“ ဟုတ်တယ်။ တချို့တွေက ဆိုကြပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးမှာ ဆိုရင် မိန်းကလေးက ယောက်ျားလေးကို ပြန်ပြီး ချစ်ကြောင်း အဖြေပြန်ပေးဖို့ ဆိုရင် အချိန်ယူ စဉ်းစားရတယ်တဲ့။ ဒါမှ တန်ဖိုး ရှိတယ် ဆိုပဲ။ ကျွန်တော် အဲဒီလူတွေကို မနှစ်သက်ဘူး နှင်းနွယ်။ ဘာလို့လဲ ဆိုတော့ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ခံစားချက် အရ ဒီလူကို ချစ်တယ် ၊ မချစ်ဘူး ဆိုတာ ကိုယ့်ဖာသာ အလိုလို သိပြီးသားပါ။ ဒါကို အချိန်ဆွဲထားမှ တန်ဖိုး ရှိတယ် ဆိုရင် အချိန်ဖြုန်းတာပဲ လို့ ကျွန်တော် ယူဆမိတယ်။

ချစ်သူ နှစ်ဦးရဲ့ လျှောက်လှမ်းမဲ့ ဘဝလမ်း ဆိုတာ အိမ်ထောင် တစ်ခု အထိ ဆိုရင် ရေရှည် ခရီးပါ။ ဒီတော့ ချစ်သူ အခြေအနေနဲ့ ဘဝကို ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဖို့ ပြင်ဆင်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ၊ ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ ဒါတွေကို တည်ဆောက်ဖို့ ဆိုတာ ချစ်သူဖြစ်ပြီးမှ တည်ဆောက်ရမယ် ဆိုပါစို့။ အခုတော့ ချစ်သူ ဖြစ်ဖို့ အချိန်ကိုတောင်မှ အချိန်ဆွဲနေရင် ဘဝအတွက် ပြင်ဆင်ဖို့ နောက်မကျလွန်း သွားဘူးလားဗျာ ”

“ သြော်. . . ပြောတတ်လိုက်တာ ကိုဇော်ရယ် ”

“ ပြောတတ်တာ မဟုတ်ပါဘူးဗျာ။ ကိုယ့်ရင်ထဲ ရှိတဲ့ အတိုင်း ပြောတာပါ နှင်းနွယ်. . .  ”

“ - - - - - - - ” 

“ နှင်းနွယ်ကို ကိုယ် တစ်လုံးတည်း အဖျားစွတ်ပြီး “ နွယ် ” လို့ ခေါ်မယ်နော် ၊ ရမလား ”

“ ဟုတ်ကဲ့ . . ရပါတယ် ကိုဇော် ”

“ နွယ် . . . ”

“ - - - - - ”

“ နွယ်. .  ”

“ ရှင်. . ”

“ နွယ့်ကို ကိုယ် ချစ်တယ်   ”

“ - - - - - - ”

“  နွယ် ကိုယ့်ကို ချစ်လား ”

“ - - - - - - -”

“ နွယ် . . ဖြေပါဦး ”

“ ဖြေဖို့ လိုသေးလို့လား ကိုဇော်ရယ် ”

“ ဘယ်လိုပြောတာလဲ နွယ် ”

“ နွယ် စိတ်ထဲမှာ ဘယ်လိုလဲ ဆိုတာကို ဖြေဖို့ လိုသေးလို့လား လို့ ပြောတာပါ ကိုဇော် ”

“ သြော်. . . ဒါဆိုရင် ကိုယ် ၁၀ တန်း အောင်စာရင်း ထွက်တုန်းက အဖြစ်အပျက်လေး ပြောပြချင်တယ် ”

“ ဟုတ်ကဲ့ ”

“ ကိုယ် ၁၀ တန်း အောင်စာရင်း ထွက်မယ် ဆိုတဲ့ နှစ်က ဖေဖေ ကား အက်ဆီးဒင့်နဲ့ ဆေးရုံမှာ တတ်နေရတယ် နွယ် ”

“ ဟင် . .  ဟုတ်လား ”

“ ဟုတ်တယ် နွယ်။ ပြီးတော့ ဖေဖေ စီးလာတဲ့ ဆိုင်ကယ်ကို ကားက ဝင်တိုက်တာ နွယ်။ ဒဏ်ရာ အတော်ကို ပြင်းတယ် ၊ ဦးနှောက်နှင့် အာရုံကြောဌာန မှာ တင်ထားရတယ်။ သား ယောက်ျားလေး တစ်ယောက်တည်း ရှိတဲ့  ဖေဖေ့အတွက် ကိုယ်က အနီးကပ် ပြုစုဖို့ ဖြစ်လာတယ်။ ကိုယ့်မှာ ရွေးခြယ်စရာ မရှိဘူး။ ဒီလိုနဲ့ ဆေးရုံမှာ ကိုယ်ရော ကိုယ့်သူငယ်ချင်းတွေရော ဆရာမတွေ ဆရာဝန်ကြီးတွေ အားလုံး ဝိုင်းပြီး ဂရုတစိုက်နဲ့ ပြုစုကြတော့ ဖေဖေ အတော်ကို ထူထူထောင်ထောင်နဲ့ နေပြန်ကောင်းလာတယ်။

ကိုယ့်ကို သူငယ်ချင်းတွေက အတော်ကို ခင်ကြတယ်။ ဒါကြောင့် ကိုယ့်ဖေဖေ ဆေးရုံတတ်ရတော့ သူများတွေလို လူနာစောင့် ဆိုတာ ငှားစရာကို မလိုဘူး။ သူနာပြုဆရာမ ငှားရပေမဲ့ ဖေဖေ အပေါ့အပါးသွားဖို့ ၊ ထဖို့ ထိုင်ဖို့ ဆိုတာ ကိုယ့်သူငယ်ချင်းတွေနဲ့တင် ငှားထားတဲ့ အထူးခန်းလေးက ခြေချဖို့တောင်မှ ခက်အောင် လာအားပေးပြီး စောင့်နေတဲ့ သူငယ်ချင်းတွေက အရမ်းများကြတယ်။

အထူးသဖြင့် တနင်္ဂနွေနေ့ ဆိုရင် အလုပ်ပိတ်တော့ စနေနေ့ည ဆိုလို့ရင် ကိုယ်တို့ အခန်းမှာ ထိုင်ဖို့တောင်မှ မရှိဘူး။ ညဘက် အိပ်ဖို့ဆိုလည်း ခက်ပြီပေါ့။ ဒါကြောင့် ရိုးရိုးခန်းမှာ လွတ်နေတဲ့  ကုတင်တွေမှာ သွားအိပ်ကြရတယ်။ တနင်္ဂနွေနေ့ မနက်က စပြီး တစ်နေ့လုံးကတော့ ဆေးရုံလို့တောင်မှ မထင်ရဘူး။ အခန်းထဲမှာ သူငယ်ချင်းတွေ ၊ အမျိုးတွေ ၊ အိမ်နီးနားချင်းတွေ ၊ အသိတွေ လာပြီး သတင်းမေးကြတာနဲ့ လူတွေ တရုန်းရုန်းပါပဲ။

အဲဒီလို တနင်္ဂနွေနေ့ တစ်နေ့မှာမှ ကိုယ်ဖြေထားတဲ့ ၁၀ တန်း စာမေးပွဲ အောင်စာရင်း ထွက်တယ်။ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ကလည်း သူတို့ အောင်စာရင်းကို သွားကြည့်ကြဖို့ စနေနေ့ညမှာ မလာဘူး တနင်္ဂနွေနေ့မှ လာမယ်လို့ ပြောတယ်။ ဒီတော့ ကိုယ့်မှာ ကိုယ့်ထက်ကြီးတဲ့ သူငယ်ချင်း ၃ ယောက်လောက်နဲ့ ဖေဖေ့ကို စောင့်ရင်း အိပ်ပျော်နေခဲ့တယ်။ မနက် ဝေလီဝေလင်း နိုးတော့ ကိုယ် ပထမဦးဆုံး သတိရလိုက်တာက ဒီနေ့ ငါ့ ၁၀  တန်း အောင်စာရင်း ထွက်မယ် ဆိုတာပဲ ”

“ သြော်. . . ”

“ ဒါပေမဲ့ ကိုယ် သွားမကြည့်နိုင်ဘူး နွယ်။ အမြဲတမ်း ရှိနေတတ်တဲ့ သူငယ်ချင်းတွေက အောင်စာရင်း သွားကြည့်နေတော့ အခု ရှိနေတဲ့ သူငယ်ချင်းတွေက သိပ်ပြီးတော့ မပြုစုတတ်ဘူး။ ဒီတော့ ကိုယ့်မှာ ကိုယ့်ရဲ့ အောင်စာရင်းကို သွားကြည့်ချင်တာတောင်မှ သွားကြည့်ခွင့် မရခဲ့ဘုး။ မနက် မိုးအလင်းကို ဖေဖေ့ကို ပြုစုရင်း စောင့်နေခဲ့ရတယ်။ မနက်မိုးလင်းတော့ သူငယ်ချင်းတွေ အပြေးအလွှား ရောက်လာကြတယ်။

“ ကိုဇော် မင်း အောင်တယ်ကွ ”

လို့ သူတို့ ဝမ်းသာ အားရပြောကြတယ်။ သူတို့ ဝမ်းသာသလို ကိုယ်လည်း ပျော်တာပေါ့။ ခဏနေတော့ အစ်မဝမ်းကွဲတွေ ရောက်လာကြတယ်။ သူတို့ကလည်း ပြောတယ်။

“ ကိုဇော် . . . ငါ့မောင်ရေ ၊ နင် အောင်တယ်  ”

တဲ့။ သူတို့ ပျော်ကြလို ကိုယ်လည်း ပိုကြည်နူးရတယ်။ ခဏနေပြန်တော့ မေမေက ထမင်းချိုင့်ကြီး ဆွဲပြီး ရောက်လာပြန်တယ်။ ပြီးတော့ ပြုံးနေတဲ့ မျက်နှာကြီးနဲ့ ပြောတယ်။

“ သားရေ . . . မင်း စာမေးပွဲ အောင်တယ် ”

တဲ့။ သေချာလား မေမေ ဆိုတော့ မေမေက “ အို . . မေမေ ကိုယ်တိုင် မင်း အစ်မတွေနဲ့ သွားကြည့်လာတာပါကွဲ့ ” လို့ ပြောတယ်။ ကိုယ် အရမ်းဝမ်းသာတယ်။ သေချာတယ် ငါ စာမေးပွဲ အောင်ပြီ ဆိုပြီးတော့ ပျော်တယ်။ ခဏကြာတော့ ကိုယ့်ရဲ့ ကျောင်းက ဆရာမတွေ ရောက်လာတယ်။ သူတို့ကလည်း ပြောတယ်။

“ ကိုဇော်ရေ . . မင်းတော့ စာမေးပွဲအောင်တယ် ၊ ဆရာမတွေကို ကန်တော့ဖို့သာ ပြင်တော့ . . ”

တဲ့။ “ ဟုတ်ကဲ့ ဆရာမ ” ဆိုပြီး ကိုယ့်ရဲ့ မျက်နှာကြီးက ပြုံးဖြီးဖြီးကြီး ဖြစ်နေမယ် ထင်တယ်။ အဲဒီအချိန်မှာ ကိုယ့် ဖေဖေဆီကို လူနာ လာကြည့်တဲ့ လူတွေကလည်း များလာပြီ ဆိုတော့ ကိုယ်လည်း နည်းနည်း လက်လွတ်လာပြီပေါ့လေ။ ဒီတော့ ကိုယ်လည်း မေမေ့ကို လှမ်းပြောလိုက်တယ် ”

“ ဟုတ်. . ဘာပြောတာလဲ ဟင် ”

“ မေမေ သား စာမေးပွဲ အောင်စာရင်း သွားကြည့်လိုက်ဦးမယ်လို့ ”

“ သြော်. . . ”

“ ဒီတော့ မေမေရော  ၊ ကျန်တဲ့ လူတွေ အားလုံးရော အံ့သြကုန်တာပေါ့။ မေမေက ပြောတယ်။ “ ဟဲ့ . . . စာမေးပွဲ အောင်စာရင်းကို မေမေတို့ရော ၊ မင်း ဆရာမတွေရော  ၊ မင်း အစ်မတွေရော ၊ မင်း သူငယ်ချင်းတွေရော အားလုံး ကြည့်ပြီးပြီလေ။ မင်း အောင်တာ သေချာပါတယ် ” လို့ ပြောတယ်။ ဒါပေမဲ့ ကိုယ်ကလည်း “ သား သွားကြည့်ချင်လို့ပါ မေမေရာ ”  လို့ ပြောပြီး သူငယ်ချင်း တစ်ယောက်နဲ့ စာမေးပွဲ အောင်စာရင်းတွေ ကပ်ထားတဲ့ ကျောင်းကို ထွက်လာခဲ့တယ်။

အောင်စာရင်းတွေ ကပ်ထားတဲ့ ကျောင်းကိုလည်း ရောက်ရော ကိုယ့်ရဲ့ ခုံနံပါတ် နဲ့ နာမည်ကို ရှာကြည့်လိုက်တယ်။ ဟားးးးးး တွေ့ပြီကွ . . . ဆိုပြီး ကိုယ် အော်မိသေးတယ်။ ငါအောင်ပြီ လို့လည်း ကြုံးဝါးမိမယ် ထင်တယ်။ ပြီးတော့မှ ကိုယ် ဆေးရုံကို ပြုံးပြုံးကြီးနဲ့ ပြန်လာခဲ့တယ်။ အဲဒါပါပဲ နွယ်  . . ”

“ ဟင်. . . ကိုဇော် ဆိုလိုချင်တာ နှင်းနွယ် သဘော မပေါက်ဘူး ကိုဇော် ”

“ ဒီလိုပါ နွယ်။ ကိုယ့်ကို စာမေးပွဲ အောင်တယ် လို့ မေမေကလည်း ပြောတယ်။ ဆရာမတွေကလည်း ပြောတယ်။ အစ်မတွေကလည်း ပြောတယ်။ သူငယ်ချင်းတွေကလည်း ပြောတယ်။ အသိတွေကလည်း ပြောတယ်။ အားလုံး အားလုံးက ပြောကြတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စာမေးပွဲ အောင်စာရင်းကို ကိုယ်ကိုတိုင် မျက်စိ နဲ့ မြင်ချင်တယ် ၊ တွေ့ချင်တယ်။

ဒါကို အတ္တ လို့ ခေါ်မလား ၊

အခုလည်း နွယ် က ကိုယ့်ကို ပြောတယ်။ “ ဖြေဖို့ လိုသေးလို့လား ကိုဇော်ရယ် ” တဲ့။ ၁၀ တန်း ဆိုတဲ့ စာမေးပွဲက ဒီနှစ် ကျသွားရင် နောက်နှစ် ဆိုပြီး အစားထိုး ဆက်ဖြေလို့ ရသေးတယ် နွယ်။ အခု အချစ် စာမေးပွဲက ကျသွားရင် နောက်နှစ် ဆိုပြီး ပြန်ဖြေလို့ ရတာ မဟုတ်ဘူးလေ။ အခန့် မသင့်ရင် တစ်သက်လုံး ဖြေခွင့် မရတော့မဲ့ စာမေးပွဲ။

အခု နွယ်က  “ ဖြေဖို့ လိုသေးလို့လား ကိုဇော်ရယ် ” ဆိုပေမဲ့ ကိုယ့် အတွက်တော့ နွယ့်ဆီက ပြောဖို့ လိုတာပေါ့ နွယ်ရယ်။ သေချာပါတယ် ဆိုပြီး ကျောက်သင်ပုန်းမှာ တရားဝင် ကပ်ထားတဲ့ အောင်စာရင်းကို တောင်မှ ကိုယ့် မျက်လုံးနဲ့ မြင်ရမှ ကျေနပ်တဲ့ ကိုယ့်အတွက် ၊ နွယ့်ဆီက ချစ်တယ် ဆိုတဲ့ စကားလေးကို သေချာအောင် ကြားချင်တယ် ဆိုရင် လွန်များ လွန်မလား နွယ် ”

“ သြော်. . . ကိုဇော်ရယ် ”

“ တကယ်ပြောတာပါ နွယ်ရယ်။ လောကမှာ ကိုယ့်ချစ်သူက ချစ်တယ် လို့ ပြောတဲ့ စကားလောက် အချိုမြိန်ဆုံး အရာက ရှိပါတော့မလား ၊ နားဝင်ပီယံ ရှိတဲ့ အသံ ဆိုတာ ရှိပါတော့မလား နွယ်ရယ် ”

“ ကိုဇော်ရယ် . . . အဲဒီလို စကားတွေကို ဥပမာတွေ ၊ ပုံတိုပတ်စတွေ နဲ့ ပြောတတ် လွန်းတော့လည်း နွယ်က ဘယ်လို ရုန်းထွက်ပြီး  ပြန်ငြင်းရမှန်းကို မသိအောင် ဖြစ်နေမိတယ် ၊ တကယ်ပါ ”

“  ဒါဆိုလည်း ပြောလေ နွယ် ”

“ ကိုဇော်ရယ် . . မနက်ဖြန်မှ နွယ် ပြောမယ် ဆိုရင် ခွင့်ပြုမလား ”

“ သြော်. . . ဟုတ် . . ဒါဆိုလည်း ကျွန်တော် ထပ်စောင့် ပေးပါ့မယ်။ ဒါပေမဲ့ မနက်ဖြန် မရောက်ခင် ဒီကြားထဲမှာလည်း နွယ် စိတ်ပါရင် ပြောလို့ ရပါတယ် ”

အင်းပါ . . . ကိုဇော်

“ ဒါဆို နွယ်လည်း နားချင်ရင် နားပါ ၊ ဒါပေမဲ့ . . . . ”

ဟုတ်. . .

“ နွယ် ပြောချင်စိတ် ရှိတဲ့ အချိန် ပြောလို့ ရအောင်တော့ ကိုယ်က လိုင်းပေါ်မှာ စောင့်နေပါ့မယ် ”

ဟုတ်ကဲ့ . . . ဒါဆို နွယ် အောက်တော့မယ်နော်

“ ဟုတ် . . ပျော်ရွှင်ပါစေ နွယ် ”

ကိုဇော်လည်း ပျော်ရွှင်ပါစေနော်

ဘယ်လိုပဲ ဖြစ်နေပါစေ နောက်ဆုံးမှာ နွယ်က နှင်းနွယ် လို့ သူ့ကိုယ်သူ နာမည် သုံးရာကနေ ရှက်ရွံစွာ အသံတိုးတိုးလေးဖြင့် နွယ် လို့ ပြောင်းလဲ သုံးစွဲသွားခဲ့တယ် မဟုတ်ပါလား။ ဘယ်လိုပဲ ပြောပြောပါ။ ကျွန်တော့်မှာ ချစ်သူ ရှိနေပြီ ဆိုသော ခံစားမှုက ရင်ကို နွေးထွေးစေ၏။ ခြေလှမ်းကို သွက်လက်စေ၏။ လူကို လန်းဆန်းစေ၏။

ကိုယ့်မှာ ချစ်သူ တစ်ယောက် ရှိသည်။ သူသည် ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိနေသည်။ ထို့ကြောင့် ကမ္ဘာမြေရဲ့ တစ်နေရာမှ  ချစ်သူ ဖြစ်သည်။ သူ့အတွက်ကြောင့် ကိုယ့်မှာ မနက်ဖြန် များစွာကို ရှင်သန်ချင်စိတ် ပို၍ များလာခဲ့ပါသည်။


ဆက်လက် ဖော်ပြပါမည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

180 ယောက် ရဲ့ ထင်မြင်ချက်: