မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 August 2010

18 ၂၀၁၀ သုံးပုံ နှစ်ပုံ မှတ်တမ်း



ကျွန်တော့်မှာ ဟိုးအရင်ကတည်းက စိတ်ကူးလေး တစ်ခု ရှိခဲ့ပါသည်။ နှစ်တစ်နှစ်ကို ၄ လစီ ကာလဖြတ်ပိုင်းပြီး တစ်ကြိမ်စီ ။ တစ်နှစ် ၃ ကြိမ်။ ဒီလို လေးလ အတောအတွင်းမှာ ကျွန်တော် ဘလော့တကာကို လှည့်ပြီးတော့ သွားလာ ဖြတ်သန်း ဖတ်ရှုခဲ့သမျှ ထဲမှ ကျွန်တော့်ရင်ကို လာထိမှန်သော ကဗျာ ၊ ဝတ္ထု ၊ ရသ ၊ သရုပ်ဖော် ၊ သတင်း တွေထဲက တစ်မျိုးကို တစ်ပုဒ် ကျွန်တော် ရွေးခြယ် ဖော်ပြမယ် လို့ စိတ်ကူးလေး ရှိခဲ့ဖူးသည်။ သို့သော် ၂၀၁၀ ရဲ့ ပထမ လေးလပတ်မှာတော့ အကြောင်း အမျိုးမျိုးကြောင့် မဖော်ပြဖြစ်လိုက်ပါ။ 

အခုတော့ ဒုတိယ လေးလပတ် ( သြဂုတ်လ ) မှ တစ်ခါတည်း ပေါင်းပြီး ဖော်ပြလိုက်ပါသည်။ ပထမဦးဆုံး ဖော်ပြချင်တာတဲ့ “ ကဗျာ ” လေးကတော့  ရက်စက်ကြမ်းတမ်းစွာ သင်္ကြန်တွင်း ဗုံးပေါက်ခဲ့ရသော အဖြစ်အပျက်ကို ဝမ်းနည်း ခံစားရကာ ကျွန်တော် အပါအဝင် ကဗျာများ ရေးကြပါသည်။ ဒီအထဲကမှ ကျွန်တော် နှစ်သက်သော ကဗျာလေး တစ်ပုဒ်ကို တင်ပြချင်ပါသည်။ ကဗျာရဲ့ အကြောင်းအရာထက် တင်ပြထားပုံလေးက ပိုပြီးတော့ ရှုချင်စဖွယ် ဖြစ်မိစေပါသည်။ ရေးစပ်သူကတော့ “ သော်တာ ” ဖြစ်ပါသည်။ ခံစားကြည့်ရအောင်. . . .


ဒါမြန်မာ့နှစ်ကူး အခါသမယ ဆို။
ခင်ဗျားတို့ အလေးအနက် ထားပါတယ် ဆိုတဲ့
ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကြီး ဆို။
ခင်ဗျားတို့ ပြောပြောနေတဲ့ မြန်မာလူမျိုးတွေက
ယဉ်ကျေးပြီး ကိုယ်ချင်းစာတရား
ကြီးမားကြပါတယ် ဆို။
လူ့အသက်ကို ဘာနှင့်မှ တန်ဖိုးဖြတ်လို့ မရဘူး ဆို။
နိုင်ငံရဲ့အသက်အိုးအိမ် စည်းစိမ်ကို
ကာကွယ် နေပါတယ် ဆို။

ဒီလူတွေက ခင်ဗျားတို့ အကျိုးပျက်အောင်
ဘာလုပ်မိလို့လဲ။
ဒီလောက် ကျပ်တည်းစွာ ရှင်သန်နေရတဲ့ ခေတ်ကြီးမှာ
ဒီလိုရက်ပဲ လွတ်လပ်စွာ ပျော်နိုင်တာပါ။
ခင်ဗျားတို့တပ်ချင်နေတဲ့ ခေါင်းစဉ်အတွက်
ဒီလူတွေက တန်ဆာခံ သက်သက်ပဲလား။
အံ့သြစရာကောင်းလောက်အောင် ရက်စက်တတ်ကြပါတယ်။
သွေးစွန်းသွားတဲ့ နှစ်ကူးအတွက်
နောင်နှစ်မှာ ပိတောက်တွေ အနီရောင် ပွင့်ရင်လည်း
ဒီထက်ပိုပြီး မအံ့သြတော့ပါ။

နှစ်ကူးမှာ ဘဝကူးသွားရသူများအတွက် အမှတ်တရပါ။


ချစ်ခင်လျက်
သော်တာ

( မူရင်း လင့်နေရာ  ဒီမှာပါ )



ဒုတိယ အနေနဲ့ ကျွန်တော် တင်ပြချင်တဲ့ စာလေးကတော့ “ ဝတ္ထုတို ” လေးပါပဲ။ အဲဒီဝတ္ထုတိုလေး ဖတ်နေတုန်းက ကျွန်တော်ရော ၊ အွန်လိုင်းပေါ်က ညီမတစ်ယောက်ရော ၊ ထိုဝတ္ထုကို ရေးသော ရွှေနတ်သားရော အားလုံး အတူတူ တပြိုင်နက် ထိုဝတ္ထုထဲကလို ရင်ထဲမှာ တဆစ်ဆစ်နဲ့ ခံစားနေကြရတာပါ။ ကျွန်တော်တို့ကို ဒီလို ရင်မှာ ခံစားနေရအောင် လုပ်သူနဲ့ လမ်းခွဲပြီး ဇာတ်သိမ်း ဖြစ်အောင် လုပ်ဖို့ စဉ်းစားနေတုန်းမှာ ရွှေနတ်သားက ဒီဝတ္ထုလေးကို ရေးဖြစ်သွားပါသည်။

ထိုဝတ္ထုလေးက တိုတိုလေးပေမဲ့ ဆွဲဆောင်မှု ဘယ်လောက် ရှိတယ် ဆိုတာကတော့ စာဖတ်သူများပဲ ဖတ်ကြည့်ပြီး ဆုံးဖြတ်ပေးပါ။ ပြီးတော့ ကျွန်တော်တို့ ဘာလို့ ရင်ထဲမှာ နာနာကျင်ကျင်ကို ဖြစ်ပြီး သူနဲ့ ဇာတ်သိမ်းလိုက်တယ် ဆိုတာလည်း ဝတ္ထုအပြီးမှာ သိပါလိမ့်မည်။ “ ရွှေနတ်သား ” ရဲ့ လက်ရာပါ။ ဖတ်ကြည့်ပါဦး။



တကယ်ဆိုသူနဲ့ ကျွန်တော် ဒီလိုဇာတ်သိမ်း သွားမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူးဗျာ၊၊ အခုတော့ မမျှော်လင့်ဘဲ ပြတ်စဲဖို့ အကြောင်းက ဖြစ်လာခဲ့ပြီ၊၊ ဒါဘယ်သူ့ အပြစ်လည်း ကျွန်တော် သိပ်မတွေးမိဘူး၊၊ ကျွန်တော် ကိုယ်တိုင်က အတ္တကြီးတဲ့ ကောင်ကိုးဗျ၊၊ တကယ်တမ်းတော့ သူနဲ့ ကျွန်တော်နဲ့ တွဲလာတာ နှစ်တွေ ကြာနေပြီဘဲ၊၊ ကျွန်တော် မိုက်လုံးကြီးတာလည်း ပါတာပေါ့ဗျာ၊၊ ကျွန်တော်ကလည်း ကျွန်တော်လုပ်ချင်တာဆို ဇွတ်လုပ်ရမှ၊၊ သူ့ဘက်ကိုလည်း တစ်ခါမှ ထည့်မတွက်ဘူးဖူးလေ၊၊ အဲဒါတွေ အတွက်လည်း သူလည်း တော်တော် ခံစားနေရတာ ကြာပြီထင်ပါတယ်၊၊

တခါတလေ သူနဲ့ ကျွန်တော်နဲ့ အခန့်မသင့် ဖြစ်ရင် သိတဲ့သူတွေက သူ့ကို ဂရုစိုက်ဖို့ ၊ ပစ်မထားဖို့ အတန်တန် ပြောပါတယ်၊၊ အဲဒီလို ဖြစ်တဲ့ အခါမျိုးလောက်ပဲ သူကျေနပ်အောင် နည်းနည်းလေး ဂရုစိုက်သလိုလို လုပ်ပြပြီး ကျွန်တော့် အကျင့်ဆိုး အတိုင်း ဒုံရင်း ပါဘဲဗျာ၊၊ တခါတလေ သူကလည်း မျိုသိပ်ထားရတာတွေ များတော့ ကျွန်တော့ကို ထိုးနှက်တာတွေ ရှိပါတယ်၊၊ သိတဲ့ အတိုင်း ဒီကကောင်ကလည်း ၀စ်သောက်ဂရုလေ၊၊ သူကြမ်းရင် ကိုယ်ကြမ်းဘဲ၊၊ နင် တစ်ယောက်တည်း ရှိတာမဟုတ်ဘူး ဆိုတဲ့ အချိုးချိုး ပစ်တာဘဲ၊၊

ဟုတ်ကဲ့ ကျွန်တော့်မှာ သူ့လိုတွေက အများကြီး ရှိတာဘဲ၊၊ သူ့တစ်ယောက်လောက်ကတော့ ဘာဂရုစိုက်စရာ လိုလည်းဗျာ၊၊ ဟုတ်တယ် မလား၊၊ အဲဒါတွေကို သူလည်း သိပါတယ်၊၊ ဒါပေမဲ့ ဒီနေ့ကတော့ သူနဲ့ ကျွန်တော်နဲ့ ပြတ်ပြတ်သားသားကို လမ်းခွဲ ဇာတ်သိမ်း သွားပါပြီ၊၊ ကျွန်တော့်ကြောင့် သူရခဲ့တဲ့ အတွင်း ဒဏ်တွေ ဘယ်လောက်  များခဲ့ပြီလည်း မသိပါဘူး၊၊ သူလည်း မခံနိင်တော့ ကျွန်တော့်ကို အပြင်းအထန် တွန်းလှန်တော့ တာပါဘဲ၊၊ အရင်က ယုန်ငယ်လေးလို နေခဲ့တဲ့ သူဟာ အခုတော့ ကျွန်တော့်အတွက် ကျားဆိုးတစ်ကောင် ဖြစ်လာပါတယ်လေ၊၊

သူ့ရဲ့ မကျေနပ်ချက်တွေ ဘယ်လောက် များနေတယ်ဆိုတာကို ကျွန်တော် အလစ်အငိုက် ခံလိုက်ရမှ သိလိုက်ရတယ်ဗျာ၊၊ တော်တော်ကို လှိမ့်နေအောင် ခံလိုက်ရတယ်၊၊ သူ့လက်ချက်နဲ့ ကျွန်တော် အိပ်မပျော် စားမ၀င်နိင်အောင်ကို ထိတယ်ဗျာ၊၊ နောက်ဆုံးတော့ ကျွန်တော်လည်း စဉ်းစား ရပြီလေဗျာ၊၊ ကျွန်တော့်နေရာမှာ သူငယ်ချင်း ဆိုရင်ကော ဒီလို လက်တွဲဖို့ မဖြစ်နိင်တော့တာ၊ ကိုယ့်ကို အပြင်းအထန် နာကျင်စေတာကို ချစ်လှပါချည့်ရဲ့ ဆိုပြီး ဆက်တွဲ နေရင်ကြာရင် ကိုယ့်အတွက် ဒုက္ခတွေပဲ ဖြစ်လာတော့မယ်၊၊

လမ်းခွဲခါနီးကျမှ သူကောင်းခဲ့တာတွေကို ပြန်တွေးပြီးတော့ နောင်တရ မိသလိုလိုတော့ ဖြစ်သား၊၊ ဒါပေမဲ့ တောင်းပန်လို့  မရတော့လောက်အောင် သူ့ ဖက်က တင်းမာကုန်ပြီဗျာ၊၊ အဲဒါနဲ့ သူနဲ့ ကျွန်တော့်ကို ကြိမ်ဖန်များစွာ စေ့စပ်ပေးခဲတဲ့ လူဆီ ပြေးရတာပေါ့၊၊ အဲဒီလူ  အားကိုးနဲ့များ ပြန်ပြေလည် မလားလို့၊၊ အဲဒီ လူကလည်း သူနဲ့ ကျွန်တော့် ဖြစ်ကြောင်း ကုန်စင်ကို နားထောင်ပြီးတော့ ကျွန်တော့်ကို ဆုံးဖြတ်ချက် ချခိုင်းပါတယ်၊၊ ကျွန်တော် ဘာလုပ်မလည်း ပေါ့လေ၊၊ နောက်ဆုံးဗျာ  ကျွန်တော်စကား တစ်ခွန်းဘဲ ပြောလိုက်တော့တယ်၊၊

“ဆရာ . . . ဒီသွားကို နုတ်ပစ် လိုက်ပါတော့ဗျာ”

လေးစားစွာဖြင့်
ရွှေနတ်သား

( မူရင်း လင့်နေရာ ဒီမှာပါ )




အခု ၂၀၁၀ ရဲ့ သုံးပုံ နှစ်ပုံ မှတ်တမ်း နောက်ဆုံးပိတ် အနေနဲ့ ကျွန်တော် တင်ပြချင်တာကတော့  ကိုယ်တွေ့ရသလေးပဲ ဖြစ်ပါသည်။ ဒါကတော့ အစ်မ ခင်ဦးမေရဲ့ “ ချစ်ခြင်း၏အပြစ်ကင်းဖွဲ့တည်ရာ ” ဆိုတဲ့ ပို့စ်လေးပါ။ သူငယ်ချင်း နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံခြင်းကို အမှတ်တရ အဖြစ် ဖွဲ့တည် ရေးသားထားပါသည်။ နှစ်ပေါင်းများစွာ သူငယ်ချင်းများရဲ့ သံယောဇဉ်ကို မြင်တွေ့ရနိုင်သလို ၊ တခြားသော သံယောဇဉ်များကိုလည်း မြင်တွေ့နိုင်ပါ၏။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာကတော့ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် အဲဒီလောက်တောင်မှ ဘလော့ပေါ်မှာ ပွင့်လင်းရဲပါ့မလား ဆိုတာပါပဲ။ တကယ်ကို လေးစားလောက်သော မော်ဒန် ဆန်သော ရသအရေးအသား တစ်ခုကို တွေ့ရပါလိမ့်မည်။ ဒီပို့စ်ကိုတော့ ဖော်ပြဖို့ ခက်လို့ ဒီအတိုင်းပဲ ကျွန်တော် လင့်ပေးထားပါ့မယ်။ သွားဖတ်ကြည့်လိုက်ပါ။ တစ်ခုခုထက် ပိုပြီး ခံစားမှု ပေးနိုင်ပါလိမ့်မည်။

( မူရင်း လင့်နေရာ ဒီမှာပါ )


မှတ်ချက်။    ။ အခု ကျွန်တော်ရွေးခြယ် ဖော်ပြသော ပို့စ်များက ဘယ်သူ့ရဲ့ သဘောထားတိုက်ဆိုင်မှုကိုမှ မယူထားပါဘူး။ ကျွန်တော့် အတွက်သာ စည်းကမ်း အနည်းငယ်နဲ့ ရွေးခြယ်ခဲ့ပါသည်။

၁။။ ကိုယ်တိုင်ရေး ဖြစ်ရမည်။ 
၂။ ဘာသာပြန်မဟုတ်ရ။ 
၃။ ခေတ်ဆန်၍ ဆန်းသစ်ရမည်။ 
၎။ ဖတ်ကောင်းပြီး ဘာမှ မကျန်သော အရာ မဖြစ်စေရ။
၅။ အတွေးလေး နက်နက် ပါစေရမည်။

ဆိုပြီး ကျွန်တော့်ဖာသာပဲ ရွေးလိုက်တာပါ။ နောက်ထပ် နောက်ထပ်သော လေးလ ကုန်ဆုံးသွားရင်လည်း ကျွန်တော် ဖတ်ခဲ့ရသော စာတွေထဲမှ ရသပေးနိုင်သော ကဗျာ ၊ ဝတ္ထု ၊ ရသ ၊ ဗဟုသုတ ၊ သတင်း တွေကို ဆက်လက် ဖော်ပြပေးပါ့မည်။ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။


လေးစားစွာဖြင့် 
ကိုဇော်
.

Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

ညီမိုး said...

လန်းတယ် ဦးဇော် ..

ဝက်ဝံလေး said...

ရွှေနတ်သားရေးတာ ကြိုက်တယ် ဟိ

ရွေနတ်သား said...

ကျေးဇူးတင်ပါတယ် ကိုဇော်ရေ....ကိုယ်တိုင်ခံစားချက် ကိုချက်ချင်းချရေးလိုက်တာလေ...အဲဒီတုန်းက..အခုတော့ အပြီးတိုင်..လမ်းခွဲလိုက်ပါပြီ...

ကိုရီး{ကိုကြီး} said...

ကောင်းတယ် ဦးဇော်
ကျနော်လည်း နှစ်သက်မိတယ်
တစ်ခြားသောသူတွေလည်း မြည်းစမ်းခွင့် အလွယ်တကူ ရနိုင်တယ်ဗျာ..
ဘရာဗိုပါ ဗျို့.............

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

နေ၀သန် said...

အစီအစဉ်ကောင်းလေးပါပဲ ကိုဇော်ရေ...း)))))


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ဟုတ်။ ဦးဇော် ဖတ်မှတ်သွားပါတယ်။
ရင်ထဲကို ထိမှန်စေပါတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကိုကိုးအိမ် said...

ကိုဇော်ရေ စီဘောက်မှာက ဘန်းထားလို့ မန့်ပြီးတော့ပဲ ဖိတ်သွားတယ်နော်။ မွေးနေ့လာဖိတ်တာပါ။ အကျွေးအမွေးလည်းပါတယ်။ လာစားရင်း သည်းခံပြီး လာဖတ်ပါဦး...။ အဟီး.. ပွဲစနေပြီဗျ။...

ခင်မင်လျှက်
ကိုကိုးအိမ်

SHWE ZIN U said...

ကိုဇော်ရေ

အားလုံးဖတ်သွားပါတယ် ကောင်းတယ် အပင်ပန်းခံပြီး လုပ်တာ ကျေးဇူးတင်ရမယ်

ခင်တဲ့
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

ရောက်တယ် ဖတ်တယ် ကိုဇော်ရေ
သတိမပြုမိဘဲ မနေနိင်တာတခုက ကိုဇော်ကစာဖတ်အားတော့ အင်မတန်ကောင်းတယ်။

သိင်္ဂါကျော် said...

မျှဝေထားတာလေးတွေ လာဖတ်သွားပါတယ်..

သဒ္ဓါလှိုင်း said...

ဒီအစီအစဉ်လေးကောင်းတယ်..။ မမခင်ဦးမေရဲ့
`ချစ်ခြင်း၏အပြစ်ကင်းဖွဲ့တည်ရာ´ကိုလည်းရင်ထဲ
ထိအောင်စွဲကျန်နေလို့ကြိုက်တယ်..။

ကိုအောင် said...

ကိုဇော် စာဖတ်အား ကောင်းတယ်။

နွေဆူးလင်္ကာ said...

ကောင်းတာလေးတွေ မျှဝေတာ ကျေးဂျူးကမ္ဘာဆိုင်

sosegado said...

ရွှေနတ်သားလိုပဲ၊ ဘယ်သူလဲတော့ မသိဘူး ဆေးလိပ်ဖြတ်တာကို ရေးထားတာလည်းကြိုက်တယ်၊

သုခုမလေဒီ said...

ရွေးခြယ်မှုလေးတွေ အတော်ကောင်းတာပဲ.

Anonymous said...

ဖတ်သူတွေအတွက်လည်း လိုအပ်တာမို့ ကျေးဇူးတင်ပါတယ် ကိုဇော် ခင်ဗျား ...
ငြိမ်းစိုးဦး

ဖိုးသား said...

ဖတ်ဖူးပါတယ် မခင်ဦးမေလင့်မှာပါ။ချစ်သူမရှိသူဆိုတော့ တစ်မျိုးတော့ဖြစ်နေတယ် ဟဲဟဲ

ahphyulay said...

စာ ကို တကယ်ပဲ အလေးထား သူ တစ်ယောက် ပါလား။
လေးစားမိပါတယ်ဗျာ..။
ကျွန်တော် တို့  ဘလော့  ရွာ ကြီးထဲမှာ အဲ့ ဒီလို
စာကို စာ နဲ့  တူအောင် ၊ ရေးနေ ရှာဖွေ တည်ဆောက်
နေ သူ တွေ အများကြီး လိုပါတယ်နော်။
တဖြည်းဖြည်း နဲ့  ဘလော့ ရွာကြီး ခိုင်လာ တော့ မှာပါ။
စာ ကောင်း လေးတွေ တင် ပေး၍ ကျေးဇူး ပါ ။